Tuesday, February 2, 2016

အာဆီယံအမျိုးသမီးပြိုင်ပွဲအတွက် မြန်မာအသင်းပြင်ဆင်


The Mirror Daily's photo.
ရန်ကုန် ဖေဖော်ဝါရီ ၁
နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများနှင့် ဝေးကွာနေမှုကို မြန်မာ အမျိုးသမီးအသင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၆ အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် အဆုံးသတ်နိုင်ရန် ကြိုးပမ်းနေပြီး နယ်သာလန်နိုင်ငံသား နည်းပြဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
မြန်မာအမျိုးသမီးအသင်းသည် အဆိုပါပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ပြင်ဆင်မှုများစွာ ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံခြားသားနည်းပြတစ်ဦးကိုလည်း မကြာမီခန့်အပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံသား ရော်ဂျာကို ခန့်အပ်ရန် သဘောတူညီမှုရရှိထားပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရန်ကုန် မြို့သို့ ရောက်ရှိလာမည်ဖြစ်သည်။ ရော်ဂျာသည် နယ်သာလန် အမျိုးသမီး လက်ရွေးစင်အသင်းကို ကာလရှည်ကိုင်တွယ်ခဲ့ဖူးသည့် မှတ်တမ်းကောင်းရှိသည့် နည်းပြတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်၏ အဆက်အသွယ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရော်ဂျာ ကိုင်တွယ်နေစဉ်ကာလအတွင်း နယ်သာလန်အမျိုးသမီးလက်ရွေးစင်အသင်းမှာ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ဥရောပအမျိုးသမီးပြိုင်ပွဲတို့ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ရော်ဂျာကို မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါက ဂျပန်လူမျိုးနည်းပြ ကူမာဒါပြီးလျှင် ခန့်အပ်နိုင်မည့် နိုင်ငံခြားသား နည်းပြဖြစ်လာမည် ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲများတွင်
ချိန်ပီယံဆုရယူနိုင်ခြင်းမရှိ တော့ဘဲ အောင်မြင်မှုများနှင့် ဝေးကွာလျက်ရှိသည်။ အာဆီယံဒေသတွင်း အဓိကပြိုင်ဘက်များဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ကို ဆက်တိုက် အရေးနိမ့်လျက်ရှိသောကြောင့် နိုင်ငံခြားသားနည်းပြခန့်အပ်ကာ ပြင်ဆင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အမျိုးသမီးဘောလုံး တိုးတက်ရန်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နိုင်ငံခြားသား နည်းပြခန့်အပ်ရုံဖြင့် မရသေးဘဲ ပြည်တွင်းပြိုင်ပွဲများစွာ ကျင်းပနိုင်ရန် လိုအပ် နေသည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၅ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဆိုပါပြိုင်ပွဲကို ၂ဝဝ၇ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး ယခုတတိယအကြိမ် ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
(ရှိုင်းထက်ဇော်)

No comments:

Post a Comment