Tuesday, February 2, 2016

ခရီးသွားဝါသနာရှင်များအတွက် အင်းတော်မြို့နယ်အတွင်းက ဒန့်ဒင်ရေတံခွန်


The Mirror Daily's photo.
အင်းတော် ဖေဖော်ဝါရီ ၁
ဒန့်ဒင်ရေတံခွန်သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော် မြို့နယ်အတွင်း တည်ရှိ၍ အင်းတော်မြို့မှ နေ့ချင်းပြန်သွားရောက်နိုင်သော ခရီးစဉ်တစ်ခုဖြစ်သည်။ စိမ်းလန်းစိုပြည်သော တောတောင်သဘာဝရှုခင်းများနှင့် ဒေသန္တရဗဟုသုတများရရှိနိုင်သည့် ဒန့်ဒင်ရေတံခွန်သည် အပန်းဖြေ သွားရောက်ရန်နှင့် လေ့လာရန်နေရာသစ်တစ်ခုဖြစ်သည်။
ဒန့်ဒင်ရေတံခွန်သို့ သွားရောက်လိုပါက အင်းတော်မြို့မှ ခုနစ်မိုင်ခန့် ဝေးသော ရှမ်းတိုင်းရင်းသားများနေထိုင်ရာ ရွာဟောင်းကျေးရွာသို့ ကားသို့မဟုတ် ဆိုင်ကယ်ဖြင့် သွားရောက်ရမည်ဖြစ်သည်။ ထိုရွာဟောင်းကျေးရွာမှတစ်ဆင့် ဒန့်ဒင်ရေတံခွန်သို့ လေးမိုင်ခန့် ထပ်မံသွားရောက်ရမည်ဖြစ်သည်။ အဆိုပါလမ်းခရီးမှာ သဘာဝစမ်းချောင်းလေး၏ဘေးအတိုင်း ဖောက်လုပ်ထားပြီး သစ်တောကြီးများ၏ အောက်ခြေမှ သွားရသည်။ ပတ်ဝန်းကျင်ရှုခင်းများမှာ လွန်စွာလှပပြီး လမ်းခရီးတွင် သစ်ထုတ်ရေးဆင်များကိုလည်း မကြာခဏ တွေ့ရမည်ဖြစ်သည်။ စမ်းချောင်းလေးကို ကျော်လွန်ပြီးလျှင် တောင်ပေါ်လမ်းကို စတင်တက်ရပါမည်။ တောင်ပေါ်လမ်းအတိုင်း အနည်းငယ်တက်ပြီးလျှင် လွန်စွာလှပသော ဧရာဝတီမြစ်ပြင်ကျယ်ကြီးနှင့် ရှုမျှော်ခင်းကြီးကို တောင်ထိပ် လမ်းပေါ်မှ စတင်မြင်တွေ့ရပါမည်။ အင်းတော်မြို့နယ်နှင့် ကသာမြို့နယ်ကို ကာဆီးပိုင်းခြားထားသော တောင်တန်းကြီး၏အပေါ်ကို ရောက်ရှိနေခြင်းပင် ဖြစ်သည်။ တောင်တက်ခရီးလမ်းကို ဆိုင်ကယ်ဖြင့် မိနစ်သုံးဆယ်ခန့်တက်ပြီးလျှင် လက်ယာဘက်ရှိ လမ်းခွဲမြေလမ်းလေးအတိုင်းသွားပါက ရေတံခွန်ရှိရာ ချောင်းအထက်ပိုင်းသို့ ရောက်ရှိမည်ဖြစ်သည်။ ချောင်း၏ ဘေးပတ်ဝန်းကျင်တွင် အင်၊ ကညင်စသည့် သစ်ပင်ကြီးများ
ပေါက်ရောက်နေပြီး ရေတံခွန်၏ အပေါ်ဘက်တွင် စွတ်စိုပြီး ညီညာပြန့်ပြူးသည့်မြိုင် သို့မဟုတ် ဂနိုင်တစ်ခုရှိသည်။ ယခင်က တောဆင်ရိုင်းများ ပျော်မြူးကျက်စားရာနေရာဖြစ်ပြီး ဆင်ဖမ်းသည့် မုဆိုးများ စခန်းချပြီး ဆင်ဖမ်းသည့်နေရာဖြစ်သည်။ ကြီးမားသည့် ဝါးတောကြီး များလည်း ရှိနေပါသေးသည်။
ရေတံခွန်၏ ပထမအဆင့်သည် ပေ ၂ဝ ခန့်အမြင့်ရှိပြီး ကြည်လင်အေးမြ သော ရေပန်းများ လှပစွာဖြာထွက်ကျဆင်းနေသည်။ ဒုတိယအဆင့်သည် အနည်းငယ်နိမ့်ပြီး ရေပန်းများအသွင်စီးဆင်း၍ ကြည်လင်အေးမြသော ကျောက်ခွက်ရေအိုင်ငယ်လေးအဖြစ်ရှိသည်။ ဆက်လက်စီးဆင်းသွားရာ ရေတံခွန်၏ တတိယအဆင့်အဖြစ် အမြင့်ပေ ၅ဝခန့် တစ်ဟုန်ထိုးစီးဆင်းသွား ကြသည်။ ရေတံခွန်အပေါ်မှ အုပ်မိုးထားသော ကိုင်းပင်၊ ရုံးပင်များကလည်း ရေတံခွန်၏ အလှကို ထပ်မံတန်ဆာဆင်ထားသည်။ တစ်ဟုန်ထိုးစီးဆင်းသွားသည့် ရေများသည် အောက်ခြေတွင် ကြည်လင်အေးမြသည့် ရေအိုင်ကြီးအဖြစ် တည်ရှိနေသည်။ ပေ ၁ဝဝ ပတ်ဝန်းကျင်ခန့်ရှိသော ထိုရေအိုင်မှာ သစ်ခြောက်၊ သစ်ဆွေးများ၊ အမှိုက်များ ကင်းစင်လျက် ကြည်လင်သန့်ရှင်းလျက်ရှိသည်။ ဒေသအခေါ် ငါးဒေါက်ငါးကြီးများ ကူးခတ်နေသည်ကို တွေ့နိုင်သည်။ ထိုငါးကြီးများကို သဘာဝအတိုင်း အန္တရာယ်ကင်းစွာ နေထိုင်စေပြီး ဖမ်းဆီး စားသောက်ခြင်း မပြုလုပ်ကြပါ။ အကယ်၍ ပြုလုပ်ခဲ့ပါက သဘာဝဘေးဒဏ်များ တွေ့ကြုံရသည်ဟု ဒေသခံများက အယူရှိကြသည်။ ထူးခြားဆန်းပြားလှပသည့် အင်းတော်မြို့နယ်အတွင်းမှ ဒန့်ဒင်တောင်ပေါ်ရေတံခွန် ခရီးစဉ်သည် ခရီးသွား ဝါသနာရှင်များအတွက် အပန်းပြေမှု၊ ပျော်ရွှင်မှုနှင့် ဗဟုသုတတို့ကို ပေးစွမ်း နိုင်မည်ဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။
သတင်း-ကိုမင်း(အင်းတော်)
ဓာတ်ပုံ-တင်ထွန်း(အင်းတော်)

No comments:

Post a Comment