Monday, February 1, 2016

ပြင်သစ်တွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားမှုရုပ်သိမ်းရန် တောင်းဆို


The Mirror Daily's photo.
ပါရီ ဇန်နဝါရီ ၃၁
ပြင်သစ်နိုင်ငံတစ်ဝန်းမြို့များရှိ လမ်းမများတွင် လူထောင်ပေါင်းများစွာက လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပါရီမြို့အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ထုတ်ပြန်ကြေညာထားသည့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားမှုကို အဆုံးသတ်ရုပ်သိမ်းရန် တောင်းဆိုလှုပ်ရှားခဲ့ကြသည်။
အရေးပေါ်အခြေအနေ ရုပ်သိမ်းရန် တောင်းဆိုသူများက ဇန်နဝါရီ ၃ဝ ရက်တွင် မြို့ပေါင်း ၇ဝ ခန့်၌ ချီတက်ဆန္ဒပြလှုပ်ရှား ခဲ့ကြပြီး ပါရီမြို့၌ လူ ၅ဝဝဝ ကျော်ခန့်က မိုးရွာထဲမှာပင် ဆန္ဒပြလှုပ်ရှားခဲ့ကြသည်။
အကြမ်းဖက်သမားများက ပါရီမြို့ကို တိုက်ခိုက်မှုကြောင့် လူ ၁၃ဝ သေဆုံးခဲ့ရ ပြီးနောက် ပြင်သစ်အစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ကြေညာမှုသည် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည်ဖြစ် သော်လည်း နောက်ထပ်သုံးလ ထပ်မံတိုးမြှင့်ရန် လိုလားလျက်ရှိသည်။
နိုင်ငံတော်အရေးပေါ်ကြေညာထားသည့် ကာလတွင် ရဲတပ်ဖွဲ့ဝင်များက တရားရုံး၏ ခွင့်ပြုမိန့်(ဝရမ်း)မပါဘဲ စစ်ဆေးခွင့်ရရှိ ထားသည်။ လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ယင်းအခြေအနေသည် အခွင့်အာဏာကို အလွဲသုံးစားပြုလုပ်နိုင်သည့် အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း သတိ ပေးထောက်ပြကြသည်။
ပါရီမြို့တွင် ဆန္ဒပြလှုပ်ရှားသူများက ''နိုင်ငံတော်အရေးပေါ်အခြေအနေ အလိုမရှိ'' ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်လျက် ပြည်သူ့ရင်ပြင်မှ မြို့လယ်သို့ ချီတက်ခဲ့ကြသည်။ဆန္ဒပြလှုပ်ရှားသူတစ်ဦးက တရားရုံး၏ ခွင့်ပြုချက်မပါဘဲ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေး ခွင့်ပြုထားမှုသည် မူမမှန်သော အကြောင်းပြ ချက်များဖြစ်သည်ဟု ဆိုသည်။ နောက်တစ်ဦးက ယင်းသို့ကြေညာမှုသည် ယာယီသဘော မျှသာဖြစ်သင့်သည်ဟု ပြောကြားသည်။ ပြင်သစ်ပါလီမန် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာထားမှုကို တိုးမြှင့်ရန် သို့မဟုတ် ရုပ်သိမ်းရန်နှင့်ပတ်သက်၍ ဖေဖော်ဝါရီလတွင် အချေအတင်ဆွေးနွေး သွားမည်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment