Monday, February 1, 2016

စဉ်းစားတွေးခေါ်နိုင်မှုနှင့် လက်တွေ့ဖွံ့ဖြိုးမှုများပါ လေ့ကျင့်ပေးသော ဝိဇ္ဇာ၊ သိပ္ပံပွဲတော် ကလေးများအတွက် ပြုလုပ်ပေး




ရန်ကုန် ဇန်နဝါရီ ၃၁

သတင်း-စနိုး
ဓာတ်ပုံ - ခင်မောင်ဝင်း (ကြေးမုံ)

ကျောင်းသား ကျောင်းသူကလေး အရွယ်မှစတင်ကာ စဉ်းစားတွေးခေါ် တတ်ခြင်း၊ မှန်ကန်သည့်ဆုံးဖြတ်ချက် များကို လက်တွေ့နယ်ပယ်၌ ချမှတ် နိုင်ခြင်းနှင့် စိတ်စွမ်းအင်ဖွံ့ဖြိုးမှု ရင့်သန်စေရန် လေ့ကျင့်လုပ်ဆောင် ပေးသည့် ဝိဇ္ဇာ၊ သိပ္ပံပွဲတော်ကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ILBC ကျောင်းအားကစားရုံ၌ ယနေ့ကျင်းပ သည်။

သိပ္ပံဘာသာရပ်များသာမက ဝိဇ္ဇာ ဘာသာရပ်များကိုပါ အချိုးညီစွာ တတ်မြောက်စေရန်ရည်ရွယ်၍လည်း ပြုလုပ်သည့် အဆိုပါပွဲတော်သည် ယခုနှစ်ဆိုလျှင် (၁၀)ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်သည်။ မူလက ၂၀၀၆ ခုနှစ်တွင် သိပ္ပံပြပွဲအဖြစ် ပြုလုပ်ခဲ့ရာမှ ဝိဇ္ဇာပညာရပ်များကိုပါ ပေါင်းစပ်၍ ယခုကဲ့သို့ နှစ်စဉ်ကျင်းပ နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ “ဒီနှစ်ရဲ့ ထူးခြားချက်က ဘာသာရပ်လိုက်က နေ Division အလိုက် ပြသတာဖြစ်ပါ တယ်” ဟု အဆိုပါကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်ဌေးဌေးလွင်က ပြောသည်။
ကျောင်းသား ကျောင်းသူများ ဝိဇ္ဇာ၊ သိပ္ပံပညာနှင့်ပတ်သက်၍ စဉ်းစားတွေးခေါ်မှုရင့်သန်စေခြင်း၊ ပညာရပ် အသီးသီးကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် စာတွေ့အရ တွက်ချက်လေ့လာပြီးမှ ပြုလုပ်စေခြင်း၊ ပညာရပ်အသီးသီးကို လေ့လာရာတွင်လည်း စာတွေ့အပြင် လက်တွေ့နှင့် ပူးတွဲလေ့ကျင့်မှ သာလျှင် အောင်မြင်နိုင်မည်ဟု ယုံကြည်ခြင်း၊ လက်တွေ့ပြုလုပ်ရာတွင် လည်း စာတွေ့ကိုအခြေခံ၍ ကောင်းသည် ထက်ကောင်းအောင် တီထွင် ကြံဆစေလိုခြင်း၊ ကျောင်းသားကျောင်းသူများ၏ အနာဂတ်စီးပွားရေး ရွေးချယ်ရာတွင် စက်မှုအတတ်ပညာ များ အသုံးချကာ စီးပွားရေးရွေးချယ် မှုများ ရရှိလာစေရန်ရည်ရွယ်၍ ပြုလုပ်သော ယင်းပြပွဲတွင် ပြခန်း ပြကွက်ပေါင်း ၁၅၄ ကွက်ပါဝင်ခဲ့ကြသည်။

“ဒီပြပွဲက အများကြီး စိတ်ဝင် စားဖို့ကောင်းတယ်။ ကိုယ်ပြသတဲ့ ပြကွက်နဲ့ပတ် သက်ပြီးလည်း လေ့လာ သူတွေ သိနားလည်အောင် ရှင်းပြနိုင် စွမ်းရှိကြပါတယ်။ အဲဒါကြောင့်လည်း နှစ်တိုင်းလေ့လာဖြစ်ပါတယ်” ဟု အခြေခံပညာ အထက်တန်းကျောင်း သုဝဏ္ဏမှ ကျောင်းဆရာမတစ်ဦးက ပြောသည်။ ထိုပြပွဲတွင် ပါဝင်ပြသကြသော ကျောင်းသား ကျောင်းသူများ၏ မိဘများသာမက ပြင်ပရှိ အခြားသော ကျောင်းအသီးသီးမှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် စိတ်ဝင်တစား လေ့လာသူများစွာလည်း အများအပြားရှိခဲ့သည်။

“ကလေးတွေရဲ့ Intelligence ကို ပြုစုပျိုးထောင်ပေးပါတယ်။ လူတိုင်း မှာတော့ Intelligence တွေပါပေမယ့် စနစ်တကျ ပျိုးထောင်ပေးတဲ့အခါ သူတို့စိတ်ဝင်စားတဲ့အပိုင်းမှာ ထူးချွန် သွားကြတယ်” ဟု ကျောင်းအုပ် ဆရာမကြီးက ရှင်းပြသည်။ သင်ကြား သော ဆရာ ဆရာမများက သင်ကြား ပေးခဲ့သည့် သင်ခန်းစာများအနက်မှ မိမိနှစ်သက်သော သင်ခန်းစာ၏ အစိတ်အပိုင်းကို လက်တွေ့ Project ပြုလုပ်၍ ပြသခဲ့ခြင်းဖြစ်သလို တက္ကသိုလ်ပညာ ဆက်လက်သင်ယူ ရန်အတွက်လည်း မိမိတို့၏ ဝါသနာပါ သော ဘာသာရပ်ကို ရွေးချယ်ဖော် ထုတ်နိုင်ခြင်း၊ လူမှုပတ်ဝန်းကျင်လောက အတွင်း၌ မှန်ကန်သော တွေးခေါ်ဆုံးဖြတ်ချက်များ ချမှတ် နိုင်ခြင်း စသည်ဖြင့် အကျိုးရှိစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်မှုသည် ကျောင်းသား ကျောင်းသူအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ လက်တွေ့ Project တစ်ခု လုပ် ဆောင်သည့်အခါ ကြုံတွေ့ရသော အခက်အခဲများကို သိမြင်လာစေခြင်း၊ မိမိ၏ အားနည်းချက်၊ အားသာချက် များကို ကိုယ်တိုင်သိမြင်လာစေခြင်း၊ အနာဂတ်ရည်မှန်းချက်များအပေါ် လက်တွေ့ဆောင်ရွက်ရာတွင်လည်း ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချနိုင်၍ မှန်ကန်သည့် ရွေးချယ်မှုများကို ပြုလုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များလည်း ရရှိစေခဲ့သည်။

“ဘယ်ဟာမျိုးကို မလုပ်နဲ့၊ ဘယ်ဟာမျိုးပဲ လုပ်ဆိုပြီးတော့ ကန့်သတ်ထား တာမျိုး မရှိဘူး။ ကျောင်းတက်ရက် ၁၈၀ ရှိလို့ရှိရင် ဘယ်လောက်လေ့ကျင့်ပြီး လဲဆိုတာ သိနိုင်ပါတယ်။ တချို့ကျတော့ နှစ်စကသင်တဲ့ သင်ခန်းစာတွေကို Project လုပ်တာမျိုးတွေရှိပေမယ့် တချို့ကျတော့လည်း အခုလေးတင်မှ သင်ကြားပြီးတဲ့ သင်ခန်းစာတွေကိုလုပ်တာတွေလည်းရှိပါတယ်” ဟု ကျောင်းအုပ်ဆရာ မကြီးက ဆက်လက် ရှင်းပြခဲ့သည်။ ပြပွဲ၌ ပါဝင်ပြသရန် အတွက် အချို့သော Project များသည် လပေါင်းများစွာ ပြင်ဆင်ထားရခြင်း များရှိကြောင်း သိရသည်။

ထိုကျောင်းတွင် သင်ကြားရေးပိုင်း ဆိုင်ရာ အရည်အသွေးမြင့်မားစေရန် ဆရာ ဆရာမများကိုလည်း မွမ်းမံ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်လျက် ရှိပြီး သူငယ်တန်း(KG)အရွယ်မှစ၍ Lower Primary, Upper Primary, Lower Secondary, Upper Secondary စသည်ဖြင့် ပညာသင်ယူ နေသော ကျောင်းသား ကျောင်းသူ၁၆၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

No comments:

Post a Comment