Monday, February 1, 2016

နေမာက ဖီဂိုလက်သစ်မဟုတ်ပါ



ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌကြီး ပီရက်ဇ်က ဘာစီလိုနာတိုက်စစ်မှူး နေမာကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး မကြာသေးခင်ကာလကပဲ ရောဘတ်တို ကားလို့စ်က နေမာကို ဘာစီလိုနာကနေ ရီးယဲလ်ကို ခေါ်ယူပေးနိုင်တဲ့ အစွမ်း အစ သူ့မှာရှိတယ်လို့ ပြောကြားထားတာကြောင့် နေမာအနေနဲ့ ရီးယဲလ်ကို ရောက်လာမှာလား။ ဒါကို သုံးသပ်ကြည့်ရအောင်ပါ။ ဒီလို ရီးယဲလ်ကနေ နေမာကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြောကြားလာတာကြောင့် ဘာစီ လိုနာအသင်းဘက်က နေမာနဲ့ စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ဖို့အလျင်စလို လုပ်ဆောင်လာခဲ့ပါတယ်။ နေမာကတော့ လောလောဆယ် စာချုပ်သက်တမ်း တိုးမြှင့်မှုကို သဘောတူလက်ခံမှုမရှိသေးပေမယ့် သူဟာ ဘာကာပရိသတ် တွေအတွက် ပြီးပြည့်စုံတဲ့အနေအထားတစ်ရပ်ကို ဖော်ဆောင်ပေးမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။ နေမာကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ ရီးယဲလ် မက်ဒရစ်အပြင် ပီအက်စ်ဂျီ၊ မန်ယူနဲ့ မန်စီးတီးတို့ပါ ပါဝင်နေကြပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ဝ ရက်က ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဘာကာပရိသတ်တွေက '' ဖလော်ရန်တ်ီနိုပီရက်ရေ နေမာက ဖီဂိုမဟုတ်ပါဘူး''လို့ နှုတ်ကနေအော်ပြီးတော့တစ်မျိုး၊ ဆိုင်းဘုတ်တွေကိုင်ပြီးတော့ တစ်သွယ် သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်ခဲ့ကြပါတယ်။ ပေါ်တူဂီတောင်ပံတိုက်စစ်မှူး ဖီဂိုက ၂ဝဝဝပြည့်နှစ် ဇူလိုင်လမှာ ဘာစီလိုနာကနေ ခါးသီးတဲ့ပြိုင်ဘက်ရီးယဲလ် မက်ဒရစ်ကို အမေရိကန်ဒေါ်လာ ၆ဝ ဒသမ ၁ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။အဲဒီနောက် ရီးယဲလ်မှာ နဂိုရှိပြီးသား ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရာအူးလ်၊ ရောဘတ်တိုကားလို့စ်တို့အပြင် သူ့နောက်မှရောက်ရှိလာတဲ့ ဇီဒန်း၊ ရိုနယ်လ်ဒို၊ ဘက်ခမ်းတို့နဲ့အတူ ရီးယဲလ်ရဲ့ ကြယ်စင်စု ကစားသမားတွေအဖြစ် ရီးယဲလ်ရဲ့ အောင်မြင်မှုတွေကို အတူဖော်ဆောင်ခဲ့ကြတာပါ။


ဒါကြောင့် နေမာဟာ ဖီဂိုလိုမျိုး ဘာစီလိုနာကနေ ရီးယဲလ်ကို ပြောင်းရွှေ့ သွားမယ့်ကစားသမားဖြစ်လာမှာကို ဘာကာပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ဒါပေမယ့်အခြေအနေတွေကို ပြန်သုံးသပ်ရင် နေမာဟာ ဖီဂိုလိုမျိုး ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဒီလိုဆို ဖီဂိုဟာ တခြားအသင်းကို မရွေးဘဲ ဘာလို့ ရီးယဲလ်ကိုမှ ရွေးချယ်ခဲ့သလဲ ပြန်စဉ်းစားကြည့်ပါမယ်။ ဖီဂိုက ဘာစီလိုနာမှာ ၁၉၉၅ ခုနှစ်ကနေ ၂ဝဝဝ ပြည့်နှစ်အထိ ကစားခဲ့သူဖြစ်ပေမယ့် အဲဒီအချိန်တုန်းက ဘာစီလိုနာဟာ ဘဏ္ဍာရေးအင်အားတောင့်တင်းမှု၊ ဆုဖလားရရှိမှုတွေမှာပါ ရီးယဲလ်ကို ယှဉ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ၁၉၉၇ ခုနှစ်မှာ ဘာစီလိုနာအသင်းဟာ ဖီဂို၊ ရီဗယ်လ်ဒို၊ ရိုနယ်လ်ဒို၊ ကလွိုက်ဗက်၊ဂွါဒီယိုလာ တို့ရဲ့အားနဲ့အတူ ယူအီးအက်ဖ်အေဖလားလို့ အရင်ကခေါ်တဲ့ ယူရိုပါလိဂ်ဖလား ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ဘာစီလိုနာက အဲဒီအချိန်က ကစားသမားကောင်းတွေ အများကြီးရှိခဲ့ပေ မယ့်လည်း သူတို့အလိုချင်ဆုံး ချန်ပီယံလိဂ်ဖလားကိုတော့ ရယူနိုင်ခြင်းမရှိခဲ့ပါ ဘူး။ ရီးယဲလ်မက်ဒရစ်ကသာ ၁၉၉၈၊ ၂ဝဝဝ ပြည့်နှစ်တွေမှာ ချန်ပီယံလိဂ်ဖလား ကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ကစားသမားကောင်းတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရေးအတွက် ဖီဂိုဟာ ဘာစီလိုနာကနေ ခါးသီးတဲ့ပြိုင်ဘက် ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။


ရီးယဲလ်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် သူ့အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပြီး ၂ဝဝ၂ ခုနှစ်မှာတော့ ရီးယဲလ်မက်ဒရစ်က ချန်ပီယံလိဂ်မှာ ထပ်မံဗိုလ်စွဲခဲ့ပြီး ဖီဂိုလည်း ချန်ပီယံလိဂ်ဖလားကိုင်မြှောက်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ဖီဂိုက ဘာစီလိုနာ ပရိသတ်တစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် သစ္စာဖောက် တစ်ယောက်ဖြစ်နိုင်ပေမယ့် ကစားသမားဘဝအတွက် အကောင်းဆုံးလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။


ဒါပေမယ့် ဖီဂိုက ဘာကာကနေ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့တာက လွန်ခဲ့ တဲ့ ၁၅ နှစ်ကျော်ကာလကဖြစ်သလို အခုအချိန်မှာ အခြေအနေတွေက ဆန့်ကျင်ဘက် အနေအထားကိုရောက်နေရှိနေပြီလို့ ဆိုရပါမယ်။


ဖီဂိုကစားတုန်း က ဘာစီလိုနာဟာ ၁၉၉၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်သာ ဆွတ်ခူး ထားတဲ့ အစဉ်အလာမရှိတဲ့အသင်းဖြစ်ပေမယ့် အခုအချိန်မှာတော့ ဘာစီလိုနာ က ဥရောပမှာရော စပိန်မှာရော အကောင်းဆုံးအသင်းဖြစ်နေပါပြီ။ ဒါကြောင့် ကစားသမားတွေအနေနဲ့ ချန်ပီယံလိဂ်ဖလားကိုသေချာပေါက် ကိုင်မြှောက်ခွင့်ရ ချင်တယ်ဆိုရင် ဘာစီလိုနာမှာပဲ အေးအေးဆေးဆေးစောင့်နေတာက အသေချာ ဆုံးကိစ္စရပ်လို ဖြစ်လာတဲ့အထိ ဘာကာရဲ့ လွှမ်းမိုးမှုက အားကောင်းလာခဲ့ပါ တယ်။


နေမာကတော့ ဘရာဇီးကလပ် ဆန်းတို့စ်ကနေ ဘာစီလိုနာကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လကနေပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဘာစီလိုနာရဲ့ ဖလား သုံးလုံးအောင်မြင်မှုနဲ့အတူ သူ့ရဲ့နာမည်က ဖီဖာဘလွန်းဒီအောဆု ဆန်ခါတင် စာရင်းမှာတောင် ပါဝင်လာခဲ့သူဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီအစမှာ မက်ဆီ ဒဏ်ရာရရှိနေခဲ့ပေမယ့်လည်း ဘာစီလိုနာကို လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်အောင် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။


ဒီလိုခြေစွမ်းပြ နိုင်မှုတွေကြောင့်လည်း အခုမှ အသက် ၂၄ နှစ်တောင်မပြည့်သေးတဲ့ နေမာကို ရီးယဲလ်မက်ဒရစ်က ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ် ဆိုတာက လိုချင်တဲ့ကစားသမားရဖို့ ကြေးဘယ်လောက်နဲ့ဖြစ်ဖြစ် ရအောင် ခေါ်ယူလေ့ရှိတဲ့ အသင်းပဲဖြစ်ပါတယ်။


ဒါပေမယ့် နေမာကတော့'' ရီးယဲလ်နဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေက အဓိပ္ပာယ်မဲ့ အလကားလျှောက်ပြောနေတဲ့ အပေါစား ကောလာဟလပါ။အခမ်းအနားတစ်ခုမကျင်းပခင် ရီးယဲလ်တာဝန်ရှိသူတွေက အဲဒီ ဟိုတယ်မှာ စောင့်ဆိုင်းနေတာဖြစ်သလို ကျွန်တော်ကလည်း တိုက်တိုက် ဆိုင်ဆိုင် အဲဒီဟိုတယ်မှာပဲ ရောက်ရှိနေခဲ့တော့ ဒီသတင်းတွေ ထွက်လာတာပါ''လို့ ပြန်လည်ရှင်းပြခဲ့ပါတယ်။


ဘာစီလိုနာနည်းပြ အန်းနရစ်နဲ့ အသင်းဒု-ဥက္ကဋ္ဌ ဂျော်ဒီမက်ထရီကတော့ နေမာဟာ ဘာစီလိုနာမှာပဲ ပျော်ရွှင်နေတာကြောင့် စာချုပ်သက်တမ်း ထပ်တိုး မချုပ်ဆိုရသေးပေမယ့် စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး စိုးစဉ်းမျှတောင် ပူပန်မှု မရှိဘူးလို့ဆိုပါတယ်။မှန်ပါတယ်။ နေမာက ချက်ချင်းလက်ငင်း စာချုပ်သစ် မချုပ်ဆိုသေးတာက စပိန်နိုင်ငံရဲ့ အခွန်ဥပဒေ၊ ဆန်းတို့စ်က ပြောင်းလာတုန်းက နေမာ့ဖခင်နဲ့ ဘာကာတာဝန်ရှိသူတွေအကြား ဆောင်ရွက်ခဲ့တဲ့ တရားမဝင် ငွေပေးငွေယူ ကိစ္စရှိခဲ့တာတွေကြောင့် အရာအားလုံးကို စနစ်တကျ အသေအချာ ပြန်သုံးသပ်နေလို့ ဖြစ်ပါတယ်။


ဒါ့အပြင်နေမာက အသက်အရွယ်အရ ခြေစွမ်းတက်ရိပ်ထက်ရှိနေသေး သူဖြစ်တဲ့အပြင် ဘရာဇီးလိုဘောလုံးအစဉ်အလာအကြီးဆုံးအသင်းရဲ့ အသင်း ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့ကြောင့်သူ့ကိုခေါ်ယူနိုင်မယ်ဆိုရင် သူ့ဆီကရမယ့်လုပ်အားနှုန်းအပြင် ပုံရိပ်လွှာအသုံးပြုခ၊ ကုန်ပစ္စည်းအမှတ် တံဆိပ်အဖြစ်အသုံးပြုမှုကနေရမယ့် အခြားဝင်ငွေတွေကိုပါ မျှော်လင့်ပြီး ကလပ် အသင်းအတော်များများက ခေါ်ယူလိုနေကြတာဖြစ်ပါတယ်။ စပိန်သတင်းစာ မာကာက ရီးယဲလ်နည်းပြဇီဒန်းကို ''ခင်ဗျားတို့အနေနဲ့ နေမာကို ဘာနေဗျူးကို ခေါ်ယူလိုတာအမှန်ပဲလားလို့ '' မေးမြန်းခဲ့ရာမှာ ဇီဒန်းက''ကစားသမားကောင်းတွေ အကုန်လုံးကို ရီးယဲလ်အသင်းက လိုချင်တာပေါ့ဗျာ။ ဒါပေမယ့်လည်း ကျွန်တော်အလိုချင်ဆုံးကစားသမားကတော့ ပရီမီယာလိဂ်ကြယ်ပွင့်ဖြစ်တဲ့ ဟာဇက်ပါ'' လို့ ပါးပါးနပ်နပ်ပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့ကြောင့် ရီးယဲလ် အသင်းတာဝန်ရှိသူတွေက နေမာထက်စာရင် ချယ်လ်ဆီးကြယ်ပွင့် ဟာဇက်၊ ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဘာ၊ မန်ယူဂိုးသမား ဒီဂီယာတို့ကိုသာ ဦးစားပေး ခေါ်ယူမှုအဖြစ် ကြိုးပမ်းသွားဖို့ရှိနေပါတယ်။


ဘာစီလိုနာဘက်ကလည်း မက်ဆီ-ဆွာရက်ဇ်-နေမာတိုက်စစ်အတွဲက သူတို့ရဲ့ ဘောလုံးသမိုင်းမှာ အကောင်းဆုံးတိုက်စစ်အတွဲအဖြစ် မှတ်တမ်း သစ်ရေးထိုးထားနိုင်တာကြောင့် နေမာကိုဘယ်လိုနည်းနဲ့မှ လက်လွတ်ဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မက်ဆီက ၂၈ နှစ်၊ ဆွာရက်ဇ်က ၂၉ နှစ်ရှိနေပြီဖြစ် တာကြောင့် အဓိကတိုက်စစ်မှူး သုံးဦးထဲမှာ အသက်အရွယ်အငယ်ဆုံးဖြစ်တဲ့ နေမာကို ထုတ်ရောင်းမှာ မဟုတ်ပါဘူး။ နေမာကိုယ်တိုင်ကလည်း ၂ဝ၁၃ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ်၊ ချယ်လ်ဆီးအသင်းတွေ ကမ်းလှမ်းလာတဲ့ ကြားကပဲ မက်ဆီနဲ့ တွဲဖက်ကစားခွင့်ရရေး အိပ်မက်အတွက် ဘာစီလိုနာကိုသာ ရွေးချယ် ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာက လက်ရှိအချိန်မှာ ဘဏ္ဍာရေးအင်အားတောင့် တင်းနေသလို အခုနောက်ပိုင်း ဆုဖလားအောင်မြင်မှုမှတ်တမ်းနဲ့ တိုင်းတာ ရင်လည်း ရီးယဲလ်မက်ဒရစ်ထက်သာလွန်ပါတယ်။ ဒါကြောင့် နေမာဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖီဂိုလက်သစ်ဖြစ်လာစရာ အကြောင်းမရှိပါဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။



မေလဲ့သင်း-ရေးသားသည်



No comments:

Post a Comment