Tuesday, February 2, 2016

ကျိုင်းလပ်မြို့နယ်တွင် ကဖင်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ၆ဝဝ ကျော် သိမ်းဆည်းရမိ




The Mirror Daily's photo.


နေပြည်တော် ဖေဖော်ဝါရီ ၁

နယ်မြေခံတပ်နှင့် မူးယစ်တပ်ဖွဲ့စု (၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ဝ ရက်က ကျိုင်းလပ်မြို့နယ် မိုင်းပါ လျှိုးကျေးရွာအုပ်စု တာလေ-ကျိုင်းလပ်သွားကားလမ်း နမ့်ကိုင် ကျေးရွာ တပ်စခန်းကုန်းရှေ့တွင် မော်တော်ယာဉ်၊ ဆိုင်ကယ်များကို ပိတ်ဆို့ စစ်ဆေးနေစဉ် SHN 7G/ ---- PAJERO SPORT ယာဉ်မှာ စစ်ဆေးနေသည့် နေရာအနီးအရောက် ရပ်တန့်၍ အမျိုးသား နှစ်ဦးမှာ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ကျဟားကို ဖမ်းဆီးရမိခဲ့ပြီး အိုက်နွန်မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။

မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ ဆာလာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်း ၆၉၄ ကီလိုအား သိမ်းဆည်းရမိသည်။

အလားတူ ယင်းနေ့တွင် သတင်းအရ မူဆယ်-သိန်းနီသွားလမ်း သိန်းနီမြို့ တိုးဂိတ်တွင် တန်ဂွန်း မောင်းနှင်ပြီး တူးလာ လိုက်ပါလာသည့် 6G/ ---- LAND CRUISER မော်တော်ယာဉ်ကို ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅ ဒသမ ဝ၈ သိန်းနှင့် နေထွန်းမောင်းနှင်လာသည့် 9G/ ---- SURF ယာဉ်ကိုရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၂ ခွက် (အလေးချိန် ၁ ဒသမ ၅၈၄ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝဝ တို့ကို သိမ်းဆည်းရမိသည်။

ထို့အတူ ဇန်နဝါရီ ၂၉ ရက်က လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ ORIENTAL HIGHWAY တိုးဂိတ်အနီးတွင်မှ GG/-- TOYOTA ယာဉ်ကို ရှာဖွေရာ ခရီးသည် စိုင်းဆာအေးထံမှ ဘိန်းဖြူအလေးချိန် သုည ဒသမ ၁ဝ၈ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅ဝ တို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ)

No comments:

Post a Comment