Tuesday, February 2, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
လေ့ကျင့်ကောင်းများ မှတ်သားသင်ယူ

မည်သည့်ကိစ္စမဆို အလေ့အထကောင်းများနှင့်လုပ်ကိုင် ဆောင်ရွက်ကြမည်ဆိုလျှင် တိုးတက်အောင်မြင်မှုများရရှိနိုင် ကြောင်း ပညာရှိတို့ကဆိုထားသည်။ သို့သော် ထိုအလေ့အထ ကောင်းများသည်ကား သူ့အလိုအလျောက် ရရှိလာလိမ့်မည် မဟုတ်ပေ။ ကောင်းသောအပြုအမူ၊ အပြောအဆို၊ အလေ့အထ များသည် လေ့ကျင့်သင်ယူရသည့် အလုပ်ဖြစ်သည်။ ကြိမ်ဖန် များစွာ လေ့ကျင့်ခြင်းဖြင့် အလေ့အထအဖြစ်ပြောင်းလဲလာ မည်ဖြစ်ပါသည်။
ဥပမာအားဖြင့်    အင်္ဂလိပ်စာတတ်လိုသူတစ်ဦးသည်    အင်္ဂလိပ်စာကို အရေး၊ အဖတ်၊ အပြောစုံလင်အောင် အစဉ် တစိုက် လေ့ကျင့်သင်ယူနေရ၏။ ကြိမ်ဖန်များစွာရေးခြင်း၊ ကြိမ် ဖန်များစွာ ရွတ်ဖတ်ပြောဆိုခြင်းဖြင့် အလေ့အကျင့်ဖြစ်လာ ပါသည်။ ကြိမ်ဖန်များစွာ ရွတ်ဖတ်ပြောဆိုကာ အလေ့အထ ကောင်းကို အစဉ်တစိုက်မွေးမြူခြင်းဖြင့် အဆုံး၌အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်သူတစ်ဦး ဖြစ်လာနိုင်ပါသည်။
အင်္ဂလိပ်စာသည်သာမက   အခြားသောကွန်ပျူတာ အိုင်တီနည်းပညာသည်လည်းကောင်း၊ အခြားသော အသက်မွေး ဝမ်းကျောင်းပညာရပ် တစ်ခုခုသည်လည်းကောင်း  ကြိမ်ဖန်များ စွာ လေ့ကျင့်သွားမည်ဆိုလျှင် အလေ့အထဖြစ်သွားပါမည်။ ထိုအလေ့အထကောင်းကို    ဆက်လက်ထိန်းသိမ်းခြင်းဖြင့်     တိုးတက်ပြောင်းလဲမှုတစ်ခုခု ရရှိနိုင်မည်ဖြစ်ပါသည်။
ယခုအခါ လူငယ်လူရွယ်တို့အား လူကြီးသူမများကစာဖတ် ကြရန် မကြာခဏ တိုက်တွန်းပြောကြားလေ့ရှိပါသည်။ စာဖတ် ခြင်းဖြင့် ဗဟုသုတများ  တိုးပွားနိုင်ကြောင်း၊ ဘဝတိုးတက် အောင်မြင်မှုများ ရရှိနိုင်ကြောင်း တိုက်တွန်းပြောကြားလေ့ရှိပါ သည်။ စာဖတ်ခြင်းသည် အလေ့အထကောင်းတစ်ခုဖြစ်ပါသည်။ အလေ့အထတစ်ခုသည် အလေ့အကျင့်မှ  စတင်ရပါမည်။ စာဖတ်ခြင်းကို ဝါသနာပါသူလည်းရှိမည်၊  ဝါသနာမပါသူလည်း ရှိမည်။ အများစုမှာ ဝါသနာမပါကြပါ။ ထို့ကြောင့်လည်း လူငယ်လူရွယ်များအကြား စာဖတ်ခြင်း အားနည်းနေခြင်းပင်ဖြစ်ပါ သည်။
စာဖတ်ခြင်းကို ဝါသနာပါသည်ဖြစ်စေ၊ ဝါသနာမပါသည် ဖြစ်စေ အလေ့အကျင့်တစ်ခုဖြစ်အောင် ပြုစုပျိုးထောင်ပေးသင့် ၏။ မူလတန်းအရွယ် စာဖတ်တတ်ချိန်မှစတင်၍ ကာတွန်း၊ ရုပ်ပြ၊  ဂျာနယ်အစရှိသဖြင့် စာအုပ်စာစောင်များ ကလေးများ အား ဖတ်နိုင်အောင်  လူကြီးမိဘ၊  ဆရာသမားတို့က ပြုစု ပျိုးထောင်ပေးခြင်းဖြင့် ကလေးများ စာဖတ်ခြင်းအလေ့အကျင့်များ ရရှိလာမည်ဖြစ်ပါသည်။  ထိုအလေ့အကျင့်ကောင်းများကို အသက်အရွယ်ကြီးသည့်တိုင်အောင် အလေ့အထကောင်းတစ်ခု အဖြစ် ထိန်းထားနိုင်မည်ဆိုလျှင်  စာပေ၌ မွေ့လျော်သော၊ စာဖတ်ခြင်းကို ဝါသနာပါသော လူငယ်လူရွယ်များဖြစ်လာကြမည်ဖြစ်ပါသည်။  ကလေးအများစုသည်  ကျောင်းစာများ     ဖြင့်သာ အချိန်ပေးနေကြရပြီး စာဖတ်ခြင်း၌ အလေ့အကျင့် ပြုလုပ်ပေးနိုင်မှုမှာ အားနည်းလျက်ရှိပါသည်။
သို့ဖြစ်၍ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၌ဖြစ်စေ၊ အတတ်ပညာ တစ်ခုခုအတွက်ဖြစ်စေ၊ စာဖတ်ခြင်း၌ဖြစ်စေ အလေ့အကျင့်များ ကြိမ်ဖန်များစွာပြုလုပ်ခြင်းဖြင့် အလေ့အထများဖြစ်ကာ  ဘဝ တိုးတက်အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။     ။

No comments:

Post a Comment