Monday, February 1, 2016

ဇေယျာရွှေမြေနှင့်ရှမ်းယူနိုက်တက် အမှတ်ခွဲယူ

သတင်း-ညီမြတ်သော်တာ၊ဓာတ်ပုံ-ဖိုးသော်ဇင်

မုံရွာ ဇန်နဝါရီ ၃၁

၂ဝ၁၆ ရာသီMNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄) နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်း က ဆက်လက်ကျင်းပရာ သရေရလဒ်များဖြင့်ပြီးဆုံးခဲ့သည်။
မုံရွာကွင်း၌ ယှဉ်ပြိုင်သောပွဲတွင် ဇေယျာရွှေမြေအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ နှစ်သင်းစလုံး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့သော်လည်း လေးပွဲတွင် သုံးပွဲအထိ သရေကျခဲ့သည့်ရှမ်းယူနိုက်တက်အသင်းမှာ ထိပ်ဆုံးမှ ရတနာပုံအသင်းနှင့်လေးမှတ် အထိ ကွာဟသွားခဲ့ပြီဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြိုပြင်ဆင်မှု များစွာပြုလုပ် ခဲ့သော်လည်း အသစ်ခေါ်ထားသည့် ကစားသမားများခြေစွမ်းမပြနိုင်သောကြောင့် အမှတ်များဆုံးရှုံးနေရခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းတွင် ဒဏ်ရာပြဿနာရှိနေသည့် ကွင်းလယ်လူ ဂတ်စတာဗိုနှင့် နောက်ခံလူ ပက်ထရစ်တို့ ပွဲထွက်လူစာရင်းတွင် ပါဝင်လာပြီး အမာခံ ကစားသမား အစုံ အလင်ဖြင့် ပွဲထွက်လာသည်။ ဇေယျာရွှေမြေအသင်းမှာ အဓိကတိုက်စစ်မှူး ဗစ်တာ ပွဲပယ်ခံထားရသောကြောင့် အပြောင်းအလဲအချို့ပြုလုပ်ကာ ယှဉ်ပြိုင် ခဲ့သည်။ ပထမပိုင်းတွင်နှစ်သင်းစလုံး ကစားကွက် တည်မရဖြစ်နေသော ကြောင့် ပွဲအေးတစ်ပွဲဖြစ်ခဲ့ရပြီး ထိရောက်သည့်ဂိုးသွင်းခွင့်များ မဖန်တီးနိုင် ခဲ့ပေ။ ဒုတိယပိုင်းတွင် ပထမပိုင်းထက် နှစ်သင်းစလုံး ကစားပုံပိုကောင်းလာ ပြီး ဇေယျာရွှေမြေအသင်း အခွင့်အရေးများ ရခဲ့သော်လည်း အသုံးမချနိုင် ခဲ့ပေ။

ပွဲပြီးခါနီးတွင် ရှမ်းယူနိုက်တက်အသင်းမှ နေလင်းထွန်း အပိုင်ကန်ခွင့်ရ ခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ သရေပွဲဖြင့် ပြီးဆုံးခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းတွင် လက်ရွေးစင်အဆင့်ကစားသမား အများအပြားပါဝင်ခဲ့သော်လည်း ဂိုးသမား သီဟစည်သူမှလွဲ၍ အခြားကစားသမားများ၏ ခြေစွမ်းမှာ သာမန် သာရှိခဲ့ကာ အဝေးကွင်း၌ ခြေစွမ်းမပြနိုင် ဖြစ်ခဲ့ရသည်။

သုဝဏ္ဏကွင်း၌ကျင်းပသောပွဲတွင် မကွေးနှင့် Horizon အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ မကွေးအသင်း၏ ခြေစွမ်းမှာ သာမန်သာရှိခဲ့ပြီး နိုင်နိုင်ကျော်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမ်ပန်ဒီကHorizon အသင်းအတွက်ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။

ပွဲစဉ်(၄)အပြီးတွင် ရတနာပုံနှင့်ဟံသာဝတီအသင်းတို့ ၁ဝ မှတ်စီ ရရှိထား သော်လည်း ဂိုးကွာခြားချက်ဖြင့် ရတနာပုံအသင်းက ထိပ်ဆုံးတွင် ဦးဆောင် နေပြီး ဟံသာဝတီအသင်းက ဒုတိယနေရာ၌ ရပ်တည်နေသည်။ ဇွဲကပင် အသင်းက ကိုးမှတ်၊ ဇေယျာရွှေမြေ အသင်းက ရှစ်မှတ်၊ မကွေးအသင်းက ခုနစ်မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ခြောက်မှတ်၊ ရခိုင်၊ ချင်းယူနိုက်တက် နှင့်Horizon အသင်းတို့က လေးမှတ်စီ၊ ဧရာဝတီအသင်းက သုံးမှတ်၊ လက်ရှိ ချန်ပီယံ ရန်ကုန်အသင်းက တစ်မှတ်တို့ရရှိထားပြီးSouthern အသင်းမှာ အမှတ်မရသေးပေ။

No comments:

Post a Comment