Monday, February 1, 2016

ခေတ်ပေါ်ဒီရေလှိုင်းဗယ်လင်တိုင်း


ဖေဖော်ဝါရီလ ၁၄ ရက်
''ချစ်သူများနေ့''တဲ့
ယခင်က ကျွန်မတို့နိုင်ငံ ကျွန်မတို့ လူမျိုးများ စိတ်မဝင်စားခဲ့သော ''ချစ်သူ များနေ့'' သည် ယခုနောက်ပိုင်း ဆယ်စုနှစ် လောက်တွင်မှ ကျွန်မတို့ မြန်မာလူငယ် လူရွယ်လောကတွင် ခေတ်စားလာခဲ့ပါသည်။ ခေတ်စားသည်မှ သာမန်မျှမဟုတ်။ ဒီရေလှိုင်းကြီး ရိုက်ခတ်လာသကဲ့သို့ အရှိန်အဟုန်ကြီးမား ခေတ်စားလာခဲ့ခြင်း ဖြစ်သည်။
''ချစ်သူများနေ့'' တွင် ချစ်သူ အချင်းချင်း အမှတ်တရကတ်ပြားများ၊ ချောကလက်များ၊ ပန်းစည်းများ၊ အရုပ်များ၊ ဆင်တူအင်္ကျီများ၊ နာရီများ၊ လက်စွပ်များ စသည်တို့ကို လက်ဆောင်တွေ ပေးကြ သည်။ ဝတ်ဆင်ကြသည်။ ချိန်းတွေ့ကြသည်။ လျှောက်လည်ကြသည်။
ချစ်သူများနေ့မတိုင်မီ တစ်လခန့် ကတည်းကပင် အထိမ်းအမှတ်ပစ္စည်း၊ အနုအလှအမျိုးမျိုးကို ရောင်းချကြသည်။ လက်မလည်အောင်၊ ရောင်းကြရသည်။ လက်မလည်အောင်လည်း ဝယ်ကြသည်။
'အချစ်'သည် မျက်စိဖြင့်လည်း မမြင်ရ၊ ဆုပ်ကိုင်၍လည်း မရပါသော်လည်း အမှန်တကယ်ရှိနေသော 'ဒြပ်မဲ့ယဉ်ကျေးမှု'တစ်ခုဟု ဆိုရပါမည်။
မိဘအချစ်၊ သားသမီးအချစ်၊ မောင်နှမချစ်၊ သူငယ်ချင်းချစ်၊ ဆွေမျိုးချစ် စသော အချစ်အမျိုးမျိုးဖြင့် ကျွန်မတို့၏ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို တည်ဆောက်ထားပါသည်။
ချစ်ခြင်းမေတ္တာဟူသည် နူးညံ့ သိမ်မွေ့သည်။ နှစ်လိုဖွယ်ရာဖြစ်သည်။ ကြည်နူးပျော်ရွှင်စေသည်။ ကျွန်မတို့အား လူ့ဘဝတွင်နေပျော်အောင် လူ့လောကကို နေပျော်အောင် ဖွဲ့နှောင်ပေးထားသည့် အင်အားကြီးမားသော ကြိုးတစ်ချောင်း ဖြစ်ပါသည်။
''ချစ်သူများနေ့'' သည် အချစ်နေ့၊ ကြည်နူးဖွယ်ရာနေ့ဖြစ်သောကြောင့် ချစ်သူ များအတွက် စိတ်ကူးယဉ်စရာကောင်းလှ သောနေ့ဖြစ်သည်။
ကျွန်မတို့မြန်မာများအတွက်မူ မြန်မာ့ အစဉ်အလာဖြစ်သော ရက်ထူးရက်မြတ် မဟုတ်ပါပေ။
''ချစ်သူများနေ့'' ဖြစ်ပေါ်လာပုံမှာလည်း စိတ်ဝင်စားစရာ၊ သနားစရာ၊ လွမ်းမောစရာ ဖြစ်ပါသည်။
အေဒီသုံးရာစုတွင် ရောမစစ်ဘုရင် ကလောဒီးယပ်စ် (Claudius)သည် နယ်ချဲ့ စစ်ပွဲများစွာကို ဆင်နွှဲပြီး ကြီးကျယ်လှသော ရောမအင်ပါယာကို တည်ထောင်ခဲ့သည်။ အင်ပါယာအတွက် များစွာစစ်တိုက် ရခြင်းကြောင့် အသေအပျောက်လည်း များလှသည်။ စစ်သည်အင်အားလည်း များစွာ လိုအပ်လာသည်။ ရောမမြို့သား ယောက်ျားများသည် တပ်မတော်ထဲသို့ မဝင်လိုဖြစ်လာကြသောကြောင့် အင်အား စုဆောင်းရခက်လာသည်။ ကလောဒီးယပ်စ် က ''မိသားစု သံယောဇဉ်ကြောင့် တပ်ထဲသို့ မဝင်လိုခြင်းဖြစ်မည်၊ အိမ်ထောင်မပြုရလျှင် စစ်တပ်ထဲဝင်ကြလိမ့်မည်'' ဟု ယူဆပြီး လူငယ်များအား အိမ်ထောင်မပြုရဟု သဘာဝတရားကို လွန်ဆန်သောအမိန့် ထုတ်ပြန်ခဲ့သည်။
ချစ်ခြင်း၊ ကြိုက်ခြင်း၊ အိမ်ထောင်ပြုခြင်းသည် လောကသဘာဝ၊ လူ့သဘာဝကိစ္စဖြစ်ပါ သည်။ လုံးလုံးလျားလျား တားဆီးပိတ်ပင်၍ ရသောကိစ္စရပ်များ မဟုတ်ပါချေ။
သို့နှင့် စိန့်ဗယ်လင်တိုင်း (Saint Valentine)အမည်ရှိသော ရောမမှ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးသည် လက်ထပ်လိုသော လုလင်ပျို၊ လုံမပျိုများကို သီးသန့်အခန်းကျဉ်းလေး တစ်ခုထဲတွင် လျှို့ဝှက်လက်ထပ်ပေးခဲ့သည်။ ဤသတင်းများ ထွက်လာသောအခါ ကလောဒီးယပ်စ်သည် ဗယ်လင်တိုင်းအားဖမ်း၍ သေဒဏ်အမိန့် ချမှတ်ခဲ့သည်။ ထောင်ထဲ၌ အချုပ်အနှောင်ခံ နေရစဉ်တွင် ဘုန်းတော်ကြီးအား ထောင်မှူး၏သမီးက လာရောက်တွေ့ဆုံခဲ့သည်။ ကွပ်မျက် မခံရမီညတွင် ဗယ်လင်တိုင်းသည် ထောင်မှူး သမီးအတွက် စာတစ်စောင်ရေးခဲ့သည်။ စာတွင် Saint Valentine(မင်းရဲ့ ဗယ်လင် တိုင်း) ဟု ရေးထိုးခဲ့ပါသည်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ဗယ်လင်တိုင်းကို ကွပ်မျက်ခဲ့သည်။ ဤသို့ဖြင့် ဗယ်လင်တိုင်းသည် အချစ်၏အာဇာနည် ဖြစ်လာခဲ့သည်။
ခရစ်ယာန်ဘာသာဝင် အင်္ဂလီကန်များ က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ''စိန့်ဗယ်လင်တိုင်းပွဲတော်နေ့''၊ '' အချစ်ခံစားမှုနှင့် သက်ဆိုင်သောပွဲများနေ့'' အဖြစ်ပြုလုပ် ကြသည်။
ဗယ်လင်တိုင်းနေ့သည် ဗယ်လင်တိုင်းအား ဂါရဝအနေဖြင့် ပြုလုပ်သော အထိမ်း အမှတ်နေ့သာဖြစ်သည်။ တရားဝင်အားလပ် ရက်၊ တရားဝင်ရုံးပိတ်ရက်၊ တရားဝင်ကျောင်း ပိတ်ရက် မဟုတ်ပါချေ။
ချစ်သူအချင်းချင်း ညစာစားပွဲများ၊ ပါတီများပြုလုပ်ခြင်း၊ ချစ်စရာကောင်းပြီး သိမ်မွေ့နူးညံ့သော အမှတ်တရပစ္စည်းများ ပေးခြင်းများဖြင့် (Valentine Day) ချစ်သူများနေ့ကို အသက်ဝင်စေခဲ့ကြသည်။
ယဉ်ကျေးမှုသည် ကူးစက်ပျံ့နှံ့သော သဘောရှိပါသည်။ အထူးသဖြင့် အရှိန် အဟုန်ဖြင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော သတင်းနည်းပညာ (Information Technology) ကြောင့် ယဉ်ကျေးမှုကူးစက် ပျံ့နှံ့ခြင်းသည် ပိုမိုမြန်ဆန်လာသည်။ အချိန် နှင့် တစ်ပြေးညီ ဖြစ်လာခဲ့သည်။
အိုင်တီနည်းပညာ၏ အထောက်အပံ့ကြောင့် အချစ်စိတ်ကူးဖြင့် နုနေ၊ ယဉ်နေကြ သော လူငယ်များအကြားတွင် ''ချစ်သူများနေ့''သည် အချိန်တိုအတွင်း အလွန်ခေတ်စားသော ယဉ်ကျေးမှုဖြစ်လာသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ ''ချစ်သူများနေ့'' အထိမ်းအမှတ်များ ပြုလုပ်လာကြသည်။
ကျွန်မတို့နိုင်ငံမှာလည်း ချစ်သူများနေ့တွင် ချစ်သူအချင်းချင်းတွေ့ကြသည်။ ချစ်စကားလှလှများ ပြောကြသည်။ မုန့်စား ကြသည်။ ဘုရားသွားကြသည်။ ရုပ်ရှင် ကြည့်ကြသည်။ လက်ဆောင်များပေးကြသည်။ ဤသို့သော အချစ်၏ကြည်နူးနှစ်လိုဖွယ် အမှတ်တရများကို ဖြတ်သန်းရင်း ပျော်ရွှင်ကြသည်။
ဤသည်ကို မိမိတို့၏ ''ကိုယ်ပိုင်မြန်မာ ယဉ်ကျေးမှု မဟုတ်၍ မလုပ်ရ'' ဟု အမိန့်ဖြင့် တား၍မရ။ ဖျောင်းဖျပြီးတားလျှင်လည်း မဖြစ်နိုင်။ ခေတ်ပေါ်ကိစ္စ၊ ပေါ်ပင်ဖြစ်နေသော ကိစ္စ၊ လူငယ်ကြိုက်ကိစ္စ ဖြစ်နေသောကြောင့် ခေတ်ပေါ်ဒီရေလှိုင်းလုံးကြီးကို လုံးလုံး လျားလျား ပိတ်ပင်တားဆီးခြင်းဖြင့် အနိုင်ရနိုင်မည် မဟုတ်ပါ။
သို့သော် ကျွန်မတို့နိုင်ငံ၏ ချစ်သူများ နေ့ပုံရိပ်သည် တစ်နှစ်ထက်တစ်နှစ်ပို၍ အရှိန်မြင့်ကျယ်ပြန့်လာနေပါပြီ။
သင့်မြတ်လျော်ကန်သော ပုံရိပ်ဖြစ်ပါ သလား။ ချစ်သူများနေ့တွင် တွဲစရာမရှိလျှင် ခေတ်မမီ၊ အောက်သည်ဆိုပြီး ခါတော်မီ ချစ်သူရှာကြသည်တဲ့။
ကန်တော်ကြီးလောက် အင်းလျားကန် စောင်းလောက် ထိုင်ကြလျှင်ပင် တော်သင့်ပြီ ဖြစ်ပါလျက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တစ်နေ့လုံး ရန်ကုန်မြို့က တည်းခိုခန်းများတွင် အခန်းအားမရှိဖြစ်နေခြင်းသည် မြန်မာ အမျိုးသား၊ အမျိုးသမီးများ၏ ပုံရိပ်ကောင်းများ ဖြစ်ပါသလား ..။
နောက်ပိုင်းနှစ်များတွင် ရန်ကုန်မြို့ကြီး သာမက နယ်မြို့များတွင်ပင် တည်းခိုခန်းများ အလုပ်ဖြစ်နေသည်ဟူသော သတင်းသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ကောင်းခြင်းဖြစ်ပါသလား ..။
- ချစ်ခြင်းမေတ္တာကို ဦးစားပေးသော မြန်မာ့အစဉ်အလာ၊
- သစ္စာတရားကို တန်ဖိုးထားသောမြန်မာ့ ဓလေ့၊
- ရည်းစားများခြင်း၊ မျက်နှာများခြင်း၊ အိမ်ထောင်ဆက်များခြင်းများကို လူ့ဂုဏ် သိက္ခာနှင့်ချိန်စက်သော မြန်မာ့နှုန်းစံ၊
- ဟီရိနှင့်သြတ္တပ္ပ- အရှက်အကြောက်တရား ရှိခြင်းကြောင့် ယဉ်ကျေးမှုတန်ဖိုးမြင့်နေ သော မြန်မာ့ပုံရိပ်၊
ဤသည်များကို ကျော်လွှားပြီး ချစ်သူ ရည်းစားထည်လဲထား၊ ထည်လဲတွဲ၊ ပစ်စလက်ခတ် နေချင်တိုင်းနေ၊ အကြောင်းအမျိုးမျိုးကြောင့် လက်မထပ်ဖြစ်ကြရ၊ သားဖျက်ကြ၊ အရှက်တကွဲ အကျိုးနည်းကြရ၊ တစ်သက်တာလုံး အိမ်ထောင်ဖက်၏ အပြောအဆိုခံရ၊ အနှိပ် အစက်ခံရ၊ မထီမဲ့မြင်ပြုခံရ၊ အိမ်ထောင်ပြိုကွဲ ကြရ၊ ဤသည်များကို လောက၏ အနှစ်သာရ အလှအပများအဖြစ် ပျော်ပျော်ရွှင်ရွှင် လက်သင့်ခံပြီး ဘဝရပ်တည်၍ ရနိုင်ပါမည် လား ...။
အထူးသဖြင့် ဆူးပေါ်ကျကျ၊ ဖက်ပေါ် ကျကျ၊ ဆူးကျိုးကျိုး ၊ မကျိုးကျိုး ဖက်ပေါက် ရသည်က အမှန်ပင်ဖြစ်ပါသည်။
နာမည်ပျက်ရ၊ ဘဝပျက်ရ၊ သူတစ်ပါး တံတွေးခွက်တွင် ပက်လက်မျောရ၊ မှောက်ခုံ မျောရ၊ အလုံးစုံဆုံးရှုံးရသည်မှာ မိန်းကလေး များသာ ဖြစ်ပါသည်။
ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းကို ဖြစ်လိုရာဖြစ်စေဆိုပြီး သည်အတိုင်းလွှတ်ချ လိုက်၍မရ။ ကျွန်မတို့ စောင့်ရှောက်ထိန်းသိမ်း ကြရပါမည်။
မည်သို့ထိန်းသိမ်းကြမည်နည်း ...။
(၁) ချစ်သူများသည် မကောင်းမှု၏ စိုက်ပျိုးရာ လယ်မြေဖြစ်သော ဆိတ်ကွယ်ရာအရပ်တွင် နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် မနေသင့်ပါ။ မနေရပါ။
(၂) ချစ်သူနှစ်ဦး လွတ်လွတ်လပ်လပ်နေ၍ ရသော အခြေအနေမျိုးကိုလည်း တည်းခိုခန်း၊ ဟိုတယ်စသော လုပ်ငန်း ရှင်များက ဖန်တီးမပေးသင့်ပါ။ မိမိတို့၏ နှမအရွယ်၊ သမီးအရွယ်၊ တူမအရွယ်၊ မြေးအရွယ် မြန်မာ အမျိုးသမီးလေးများ ရေတိမ်နစ်ပြီး ရလာသော ငွေကြေးများဖြင့် ချမ်းသာ ခြင်းများကို မရယူသင့်ပါ။
(၃) ချောကလက်များ၊ ပန်းစည်းများ၊ အရုပ်များ၊ အင်္ကျီဆင်တူများ စသော အချစ် သင်္ကေတများဖြင့်ပင် သူတို့လေး များ၏ နှလုံးသားများသည် အရည်ပျော် နေကြပြီဖြစ်ပါသည်။ သူတို့၏ဘဝများ အရည်ပျော်ကျမသွားရလေအောင် မိဘများ၊ ဆရာ ဆရာမများ၊ အစ်ကို အစ်မများ၊ ဒွေးတော်မိကြီးများ၊ လူကြီးသူမများက ဝိုင်းဝန်းထိန်းသိမ်း ပေးကြရမည်ဖြစ်ပါသည်။
ပြောမနိုင်၊ ဆိုမနိုင်၊ ပြောမရ ဆိုမ ရ၍ လျစ်လျူရှုထားလျှင် မိန်းကလေးများ၏ ဘဝလည်း ပြိုလဲ၊ မိဘ၊ မောင်နှမများသည်လည်း ကိုယ်ကျင့်တရားဖြင့် တန်ဖိုးဖြတ်သော မြန်မာ့လူမှုဝန်းကျင်တွင် တစ်သက်တာလုံး အရှက်တကွဲ စိတ်ဆင်းရဲနေကြရမည် ဖြစ်ပါသည်။
(၄) ဤပြဿနာရပ်များ၏ အဓိက ဇာတ်ဆောင်ဖြစ်သော ယောက်ျားသား ကြီးကြီး၊ ငယ်ငယ်များကိုလည်း မေတ္တာရပ်ခံချင်ပါသည်။ လွယ်လင့် တကူရသော အခွင့်အရေးများကို မဖန်တီး၊ မရယူကြဘဲ မိမိတို့ မြန်မာ အမျိုးသမီးလေးများ၏ ဘဝများ ရေတိမ် မနစ်ကြရလေအောင် ယောက်ျားကောင်း စိတ်ဓာတ်ဖြင့် ထိန်းသိမ်းကြစေချင်ပါသည်။
(၅) နိဂုံးချုပ်အနေဖြင့် မေတ္တာရပ်ခံလိုသူများမှာ စာစောင်များဖြစ်ပါသည်။ ချစ်သူများနေ့ကို ကြိုဆိုထုတ်ဝေကြသော စာစောင်များစွာသည်လည်း လူငယ်များအား စာရိတ္တပျက်အောင် မိန်းကလေးများအား ဘဝနွမ်းကြေအောင် မြှောက်ပင့်ပေးသော အမှောင်လမ်းခင်းပေးသော နိမိတ်ပြ စာစုများ မဖြစ်သင့်ပါကြောင်း ပန်ကြားလိုပါသည်။
'' ခေတ်ပေါ်ဒီရေလှိုင်း - ဗယ်လင် တိုင်းဒေးဖြစ်သော ချစ်သူများနေ့ကို ကြည်နူးပျော်ရွှင် ဖြူစင်စွာဖြင့် ဖြတ်သန်း နိုင်ကြပါစေ'' ဟု ဆန္ဒပြုရင်း ကျွန်မတို့သည် ဂုဏ်သိက္ခာရှိသော မြန်မာလူငယ်များ၏ပုံရိပ်၊ မြန်မာ့အမျိုးသားရေးပုံရိပ်၊ မြန်မာ့ယဉ်ကျေးမှုပုံရိပ်၊ မြန်မာနိုင်ငံ၏ ပုံရိပ်များကို ဝိုင်းဝန်းစုပေါင်း၍ ဖန်တီး တည်ဆောက်ကြပါစို့။ ။
ခင်ဆွေမြင့်
(မြန်မာစာ)

No comments:

Post a Comment