Tuesday, February 2, 2016

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်စစ်သွေးကြွများက လူဒါဇင်ပေါင်းများစွာကို သတ်ဖြတ်


The Mirror Daily's photo.
အဘူဂျာ ဖေဖော်ဝါရီ ၁
အစ္စလာမ္မစ်အစွန်းရောက် ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့၏တိုက်ခိုက်မှုကြောင့် နိုင်ဂျီးရီးယားနိုင်ငံအရှေ့ မြောက်ပိုင်းရှိ ရွာတစ်ရွာတွင် အနည်းဆုံး လူ ၆၅ ဦးခန့် သေဆုံးခဲ့ရသည်။
စစ်သွေးကြွအစွန်းရောက်များသည် မော်တော် ဆိုင်ကယ်နှင့်ကားများစီး၍ ဇန်နဝါရီ ၃ဝ ရက်တွင် အဆိုပါ ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဒေသခံရွာသူ ရွာသားများကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သကဲ့သို့ နေအိမ်များကိုလည်း မီးရှို့ခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။ အမျိုးသမီးသုံးယောက်ကလည်း အသေခံဗုံးဖောက်ခွဲ မှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဒေသခံဆေးရုံတစ်ရုံမှ တာဝန်ရှိသူများ၏အဆိုအရ သေဆုံးသူ အနည်းဆုံး ၆၅ ဦးရှိသည်ဟု ရိုက်တာသတင်းဌာန၌ ဖော်ပြထားပြီး အခြားသတင်းအရင်းအမြစ်များတွင်မူ သေဆုံးသူ ၈ဝ ကျော်ရှိသည်ဟု ဖော်ပြကြသည်။
အဆိုပါလုပ်ရပ်သည် နိုင်ဂျီးရီးယားနိုင်ငံမှ ဘိုကိုဟာရမ်အစွန်းရောက်စစ်သွေးကြွအဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းမီဒီယာများတွင် ရေးသားဖော်ပြကြသည်။ ဇန်နဝါရီ ၃၁ ရက်တွင်လည်း အိမ်နီးချင်း ချဒ်နိုင်ငံတွင် ဘိုကိုဟာရမ်အဖွဲ့၏ လက်ချက်ဟု ယူဆရသည့် အသေခံဗုံးဖောက်ခွဲမှုနှစ်ခုကြောင့် လူသုံးဦး သေဆုံးပြီး ၆၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဘိုကိုဟာရမ်စစ်သွေးကြွအဖွဲ့သည် အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး( အိုင်အက်စ်အဖွဲ့)ကို သစ္စာခံထားသည်ဟု ကြွေးကျော်ထားပြီး နိုင်ဂျီးရီးယားနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ များတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ယင်းအဖွဲ့သည် အမျိုးသမီးများကို အသေခံဗုံးဖောက်ခွဲရေးသမားများဖြစ်လာစေရန် အတင်းအကျပ်စေခိုင်းခဲ့သည်။
ဘိုကိုဟာရမ်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် လူဦးရေ ၁၇ဝဝဝ ခန့်သေဆုံးခဲ့ရပြီး လူဦးရေ ၂ ဒသမ ၅ သန်းခန့် သည် အိုးအိမ်များစွန့်ခွာထွက်ပြေးနေရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment