Tuesday, February 2, 2016

BRT Lite စနစ်ဖြင့် ရန်ကုန်ဘတ်စ်ကားပြေးဆွဲမှုတွင် ယာဉ်နောက်လိုက်မပါဝင်ဘဲ
ကတ်စနစ်သုံး ပုံသေယာဉ်စီးခပေးချေစနစ် ကျင့်သုံးမည်

ရန်ကုန် ဖေဖော်ဝါရီ ၁
BRT Lite စနစ်ဖြင့် ရန်ကုန်မြို့တော်တွင် ဘတ်စ်ကားပြေးဆွဲမှု စတင်စမ်းသပ်ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိရာ ယာဉ်နောက်လိုက်များ ပါဝင်မည်မဟုတ်ဘဲ ကတ်စနစ်သုံး ပုံသေယာဉ်စီးခပေးချေစနစ်ကို ကျင့်သုံးသွားမည်ဟု ဘတ်စ်ကားအခြေပြု ခရီးသည်အများအပြားကို သယ်ယူပို့ဆောင်ပေးနိုင်မည့် ဘတ်စ်ကား လိုင်းစနစ် ပြေးဆွဲနိုင်ရန် အကောင်အထည်ဖော်နေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံတကာမြို့ပြများတွင် ကျင့်သုံးနေသော ဘတ်(စ်)ကားလိုင်းစနစ်များကဲ့သို့ ယာဉ်ပေါ်တွင် ယာဉ်နောက်လိုက်ထားရှိမည်မဟုတ်ဘဲ ငွေပေးချေစနစ်ကိုလည်း နိုင်ငံတကာအဆင့်မီ ကတ်စနစ်အသုံးပြုမှုကို ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် စင်ကာပူနိုင်ငံရှိ Singapore Transport Authority နှင့်ပူးပေါင်းကာ ပြည်တွင်းရှိ ကုမ္ပဏီများနှင့်လက်တွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
''ကတ်စနစ်ကို အသုံးပြုမှာကတော့ စင်ကာပူက Singapore Transport Authority နဲ့ ပေါင်းလုပ်တာဖြစ်ပါတယ်။ ပြည်တွင်းကုမ္ပဏီသုံးခု ပူးပေါင်း တာပါ။ စင်ကာပူမှာကတော့ အတက်အဆင်း ကတ်ဖြတ်စနစ်နဲ့ စီးနင်းတဲ့ အကွာအဝေးပေါ်ကိုလိုက်ပြီး ခရီးစဉ်စီးနင်းခကို ပိုင်းဖြတ်သွားတာပါ။ ဒီမှာက အခု စတင်စမ်းသပ်စဉ်မှာ ပုံသေယာဉ်စီးခနှုန်းစနစ်နဲ့ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ကျပ် ၃ဝဝ နှုန်းနဲ့ ပုံသေယာဉ်စီးခကို ကောက်ခံသွားမှာဖြစ်ပြီး ဘတ်(စ်)ကားပေါ် တက်တက်ချင်း အတက်မှာသာ ကတ်ကို စက်နဲ့ ဖြတ်သွားရုံ ပါပဲ။ အရင်က စနစ်တွေလို လူတစ်ယောက်က လုပ်ပေးရတာ၊ ဖြတ်ပိုင်း ပြန်ထုတ်ပေးရတာမျိုး မရှိတော့ပါဘူး။ ယာဉ်နောက်လိုက် မပါဝင်တော့ပါဘူး။ ဒီလိုကတ်စနစ်အသုံးပြုမှာဖြစ်တဲ့အတွက် ငွေဖြည့်စက်တွေကို လူစည်ကားတဲ့ နေရာတိုင်းမှာ ထားရှိဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။ နိုင်ငံတကာက ပုံစံအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး အောင်မြင်မှုရရှိရင် ကားတွေထပ်တိုး ပြေးဆွဲဖို့၊ ကားထပ်ဝယ်ဖို့အတွက် အစုရှယ်ယာထည့်ဝင်ထားငွေတွေရှိပါတယ်'' ဟု အဆိုပါယာဉ်လိုင်းပြေးဆွဲမှုစနစ်အတွက် တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
BRT Lite စနစ်ဖြင့် ရန်ကုန်မြို့တော်တွင် ဘတ်(စ်)ကားပြေးဆွဲမှုကို ဇန်နဝါရီလအတွင်း စတင်စမ်းသပ်ပြေးဆွဲနိုင်ရန် စီစဉ်ထားသော်လည်း တည်ဆောက်ဆဲ ခုံးကျော်တံတားစီမံကိန်းများနှင့် အခြားသော ပြေးဆွဲမှုပိုင်းဆိုင်ရာ ပြင်ဆင်မှုများကြောင့် မကြာမီတွင် စတင်စမ်းသပ်ပြေးဆွဲနိုင်မည်ဟု သိရသည်။ ယင်းသို့ ပြေးဆွဲသွားရန်ကိုလည်း ယာဉ်လမ်းကြောင်းသတ်မှတ်မှုများ စီစဉ်ဆောင်ရွက်ပြီးဖြစ်ပြီး ယာဉ်ကြော၏ ညာဘက်အစွန်ဆုံး လမ်းကြောများကို အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါ ဘတ်(စ်)ကားပြေးဆွဲမှုတွင်လည်း ယာဉ်မောင်းများကို ပြိုင်မောင်း၊ လုမောင်းခြင်းမရှိစေဘဲ လစာစနစ်ဖြင့် ခန့်အပ်ထားကာ တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီသာ လုပ်ကိုင်စေ၍ တစ်ပတ်လျှင် တစ်ရက် နားရက်ပေးသွားမည်ဟုလည်း သိရသည်။ ယင်းအတွက် လစာဖြင့် ခန့်အပ်မည့် ယာဉ်မောင်းများကို ဆက်လက်ခေါ်ယူနေသည့်အပြင် ရန်ကုန် ဘတ်(စ်)ကား အများပိုင်ကုမ္ပဏီအနေဖြင့်လည်း စိတ်ဝင်တစား ရင်းနှီးမြှုပ်နှံ ထည့်ဝင်မည့် အစုရှယ်ယာရှင်များကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
(ဝဝ၁)

No comments:

Post a Comment