Tuesday, February 2, 2016

နယူးယောက်တွင် ရုပ်ရှင်ပညာသင်ယူနေသည့် ဟန်သီ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ New York Film Academy တွင် ပညာသင်ယူနေသော အလှမယ် ဟန်သီအား ဆက်သွယ်မေးမြန်းထားမှုများကို ကြေးမုံပရိသတ်များသိရှိနိုင်ရန် ဖော်ပြလိုက်ရပါသည်။
ဟန်သီ ပညာသင်ယူနေတဲ့အကြောင်း အရင်ဆုံးပြောပြပေးပါ…
အခု ဟန်သီတက်နေတာက အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree တက်ရောက် သင်ယူနေပါတယ်။ လောလောဆယ် ပထမနှစ်ဝက်တော့ ပြီးသွားပါပြီ။
ပထမနှစ်ဝက်မှာ ဘယ်ဘာသာရပ်တွေ သင်ယူခဲ့ရလဲ…
ကင်မရာရှေ့မှာ သရုပ်ဆောင်ရတဲ့ (Acting for Film)၊ သရုပ်ဆောင် တစ်ယောက်အတွက် လိုအပ်တဲ့ နည်းပညာ (Acting Technique)၊ Meisner ဆိုတဲ့ပညာရှင် တီထွင် ထားတဲ့ ပြန်လည်တုံ့ပြန်ရတဲ့ ပညာရပ်၊ ရှိတ်စပီးယားရဲ့ သရုပ်ပြပညာ၊ ခေါင်းစဉ်တစ်ခုအောက်မှာ ပြန်လည် သုံးသပ်ပြီး သူများနဲ့မတူတဲ့ အကြံ ဥာဏ်တွေ တီထွင်ရတဲ့ပညာရပ် (Improvisation)၊ အသံနှင့်လှုပ်ရှားမှု (Voice and Movement)၊ ဒါရိုက်တာ ပညာရပ် (Film Craft)၊ ခေတ်ဟောင်း ရုပ်ရှင်များကို ပြန်လည်သုံးသပ်ခြင်း (Performance Analysis)၊ စကားလုံး ရွေးချယ်မှု (Speech) စတဲ့ဘာသာရပ် တွေကို သင်ယူရပါတယ်။
ကျောင်းဘယ်တော့လောက်ပြီးမလဲ…
ကျောင်းက မေလ နောက်ဆုံးပတ် လောက်ပြီးပါမယ်။ ပြီးရင် လော့စ် အန်ဂျလိစ်ကို အလည်အပတ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဇွန်လပထမ ပတ်လောက် မြန်မာပြည်ကိုပြန်လာ ဖြစ်မှာပါ။
ဟန်သီအတွက် ဘယ်အရာတွေက ကွာခြားမှုတွေဖြစ်မလဲ…
နယူးယောက်မြို့နဲ့ဆိုရင် တော်တော် ကွာခြားတယ်။ စားရေး၊ နေရေးက တော်တော်ကွာတယ်။ ကားတောင် မစီးဖြစ်ဘူး။ ရထားပဲစီးတာများတယ်။ ကျောင်းသွားလည်း ရထားစီးပြီးသွားတယ်။ အိမ်ကနေ ကျောင်းကို လေးဆယ့်ငါးမိနစ် ရထားစီးရတယ်။ ပြီးရင် လမ်းလျှောက်ရတယ်။ လမ်းလည်းတော်တော် လျှောက်ရတယ်။ လွယ်အိတ်တစ်လုံးနဲ့ ကျောင်းသွားတယ်။ အလုပ်တော်တော် များများလည်း ကိုယ့်ဆုံးဖြတ်ချက် နဲ့လုပ်ရတယ်။ ရာသီဥတုဆိုးရွားတဲ့ အချိန် ရထားတွေမရှိဘူး။ အဲဒီအချိန် တွေ ကျောင်းသွားလို့မရဘူး။ ဒီနေ့ (ဇန်နဝါရီ ၃ဝ)တောင် ရထားတွေ မထွက်လို့ ကျောင်းမတက်ရဘူး။ ကားခတွေကဈေးကြီးတယ်။ အငှားကား ဆိုလည်း ဈေးများတယ်။ ကျန်တာတော့ အခက်အခဲမရှိပါဘူး။ ကျောင်း မှာဆိုရင်လည်း အဆင်ပြေတယ်။ အမှတ်တွေလည်းကောင်းပါတယ်။
ဟန်သီ သင်ရတဲ့ဘာသာရပ်တွေထဲက တစ်ခုအကြောင်းပြောပြပါလား…
ဟန်သီတို့ကျောင်းမှာ သင်ရတဲ့ အထဲက Meisner ဆိုတဲ့ပညာရှင် တီထွင်ထားတဲ့ ပြန်လည်တုံ့ပြန်ရတဲ့ ဘာသာရပ်ပါ။ လက်တွေ့လည်းလုပ် ရတယ်။ တစ်ခါမှလည်းမကြားဖူးဘူး။ တခြားသူတစ်ယောက်က ပြောတာကို မစဉ်းစားဘဲ ချက်ချင်းပြန်ပြောရတာ။ စဉ်စားချိန်မရဘဲ ပြန်ပြောရတဲ့ ပညာပါ။ ပြောတဲ့အသံနဲ့ အမူ အရာကိုဆုံးဖြတ်ပြီး ပြန်ပြောရတာ။ လက်တွေ့မှာလည်း တော်တော် အသုံးဝင်တယ်။ စိတ်ဝင်စားဖို့ကောင်း တဲ့ ပညာရပ်ပါ။ နောက်တစ်ခုက သူများပြောတဲ့ ခေါင်းစဉ်တစ်ခုကို ပြန်ပြီးပြောတာပါ။ အဲဒီခေါင်းစဉ်နဲ့ ပတ်သက်တာကို ဘယ်လောက်ပြန်ပြီး ပြောနိုင်တယ်။ ပြီးရင် ကိုယ့်ရဲ့ခံစား မှုကို ချက်ချင်းထုတ်ပြရတယ်။ အကြောင်းအရာက ပျော်တယ်ဆိုရင် ပျော်တဲ့ခံစားမှု၊ စိတ်ဆိုးတဲ့အကြောင်း အရာဆိုရင် စိတ်ဆိုးတဲ့အမူအရာ ချက်ချင်းပြန်လုပ်ရတဲ့ ပညာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ လက်တွေ့နယ်ပယ်မှာ ဘယ်လိုပြန် အသုံးချဖို့ ရည်ရွယ်ထားလဲ…
အများကြီး စဉ်းစားထားတယ်။ စိတ်ကူးထားတယ်။ ကျောင်းမှာ ရိုက်ကွင်းတွေ၊ Setting တွေလည်း အများကြီးရှိတယ်။ လက်တွေ့လည်း လုပ်ရတယ်။ ပြန်ရောက်ရင် ဘယ်လို ပုံစံနဲ့ ရိုက်မယ်ဆိုတာကအစ ရွေးချယ် နေပါတယ်။ မြန်မာနိုင်ငံမှာ မလုပ်ဖြစ် သေးတဲ့၊ ထူးခြားတဲ့ ပုံစံလေးတွေကို စဉ်းစားထားတယ်။ အခုသင်ယူရတဲ့ ဘာသာရပ်တွေထဲက လက်တွေ့ နယ်ပယ်မှာ အသုံးချလို့ရမယ့် ဘာသာရပ်တွေကို ဖန်တီးအသုံးချဖို့ စဉ်းစားထားပါတယ်။
ဟန်သီရဲ့အတန်းဖော်တွေ အကြောင်း ပြောပြပါဦး…
အတန်းထဲမှာ ဟန်သီက အသက် အငယ်ဆုံးထဲမှာပါတယ်။ သူငယ်ချင်း တွေကလည်း သိပ်ခင်ကြတယ်။ ဟန်သီတို့အတန်းမှာ ကျောင်းသား ဆယ့်နှစ်ယောက်ရှိတယ်။ အားလုံးက စုစုစည်းစည်းရှိကြတယ်။ သူငယ်ချင်း တွေနဲ့အတူ အပြင်သွားတယ်။ စား လည်းအတူပဲ။ တကယ်ခင်ဖို့ကောင်း တယ်။ ဆယ့်နှစ်ယောက်မှာ ဟန်သီက မြန်မာ၊ ပြီးရင် ဆွီဒင်၊ အိန္ဒိယ၊ တရုတ်၊ ဆွစ်ဇာလန်၊ ကနေဒါက သူငယ်ချင်း တစ်ယောက်စီရှိပါတယ်။ ကျန်တာက အမေရိကန်ကပါ။
အတန်းမှာ မြန်မာနိုင်ငံအကြောင်း ဘာတွေပြောဖြစ်လဲ…
ဆရာတွေက မြန်မာနိုင်ငံ အကြောင်း၊ မြန်မာဆိုတာဘယ်ကလဲ ဆိုပြီး မေးကြတယ်။ ဟန်သီအများကြီး ရှင်းပြပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်း ကြောင်းနဲ့ ဓာတ်ပုံတွေ၊ ဘုရားတွေ အကြောင်း ပြောပြတော့ စိတ်ဝင်စား ကြတယ်။ ကျောင်းပြီးရင် သူငယ်ချင်း နှစ်ယောက်က မြန်မာနိုင်ငံကို လာလည် ကြမယ်။ တော်တော်များများကလည်း မြန်မာနိုင်ငံကို လာလည်ဖို့ စိတ်ဝင် စားကြတယ်။
ဆက်ပြီးလုပ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့ အနုပညာတွေအကြောင်းပြောပါဦး…
ဟန်သီ ပြန်ရောက်ရင် ရုပ်ရှင် ရိုက်ဖို့ ရည်ရွယ်ထားပါတယ်။ ကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင်ချင်တယ်။ ဟန်သီတတ်ထားတဲ့ အနုပညာကို ပြန်လည်မျှဝေချင်တယ်။ ပြန်ရောက်ရင် သရုပ်ဆောင်အလုပ်ရော၊ မော်ဒယ်လ် အလုပ်ရော လုပ်ဖြစ်မှာပါ။
ကျောင်းမတက်ခင်အချိန်နဲ့ ပထမ နှစ်ဝက်ပြီးတဲ့အချိန် ဘယ်လိုကွာခြား သွားတယ်လို့ခံစားရလဲ…
တော်တော်လေး ကွာခြားသွား တယ်။ ပြောင်းလဲသွားတယ်လို့ ကိုယ့်ကိုယ်ကိုလည်း ခံစားရတယ်။ ဆရာမတွေအားလုံးကလည်း ဟန်သီ ပြောင်းလဲသွားတယ်လို့ ပြောကြ တယ်။ ကျောင်းစတက်တော့ ဆရာမ တွေက ဟန်သီ့ကို ''ကင်မရာရှေ့မှာ မော်ဒယ်လ်တစ်ယောက်လိုလာရပ် မနေနဲ့'' လို့ ပြောကြတယ်။ ကြော်ငြာ ရိုက်သလို ဓာတ်ပုံရိုက်သလို ရပ်နေရင် မလှဘူးလို့ ပြောကြတယ်။ ဟန်သီ ဆရာမတွေပြောတာ၊ အကြံပေးတာ တွေကို နားထောင်ပြီး ပြင်တယ်၊ လေ့ကျင့်တယ်၊ ပြန်ကြိုးစားတယ်။ ပထမနှစ်ဝက်အပြီး စာမေးပွဲဖြေရ တယ်။ လက်တွေ့လည်းရိုက်ရတယ်။ အဲဒီအချိန် ဆရာမတွေနဲ့ သူငယ်ချင်း တွေက ပြောင်းလဲသွားတယ်လို့ပြော ကြတယ်။ ဘယ်ဇာတ်ကောင် (Character)ကိုမဆို လုပ်နိုင်တယ်လို့ ချီးကျူးကြတယ်(ရယ်လျက်)။
သူတို့ရဲ့လူနေမှုပုံစံ ဓလေ့စရိုက်နဲ့ အံဝင်ပြီလား…
သူတို့ရဲ့ ယဉ်ကျေးမှုက အလွန် ပွင့်လင်းတယ်လို့ ပြောရမယ်။ တချို့ အချိန်တွေမှာ ရှောင်ရတယ်။ အရမ်း ပွင့်လင်းတဲ့ အသုံးအနှုန်းတွေ ပြောရမယ်၊ လုပ်ရမယ်ဆိုရင် ဆရာမကို အဲဒီလိုမလုပ်ချင်တဲ့အကြောင်း သေချာ ရှင်းပြပြီး မလုပ်ဘူး။ ဆရာမတွေကလည်း နားလည်ပေးကြပါတယ်။
အားပေးတဲ့ပရိသတ်တွေအတွက် စကားလက်ဆောင်ပါးပေးပါဦး…
အမြဲအားပေးနေကြတဲ့ ပရိသတ် တွေကို အလွန်ကျေးဇူးတင်ပါတယ်။ပရိသတ်တွေကို အနုပညာနဲ့ အလုပ် အကျွေးပြုနိုင်ဖို့ ဟန်သီကြိုးစား နေပါတယ်လို့ ပြောချင်ပါတယ်။
(မင်းလှသား)

No comments:

Post a Comment