Tuesday, February 2, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်






The Mirror Daily's photo.
















နေပြည်တော် ဖေဖော်ဝါရီ ၁

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်တို့အား လွှတ်တော်က ရွေးချယ်တင်မြှောက်ကြသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ချောင်းဆုံ မဲဆန္ဒနယ်မှ ဒေါ်ခင်ဌေးကြွယ်အား ပြည်သူ့လွှတ်တော်က သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိ၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာမျိုးအောင်နှင့် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝေလှိုင်ထွန်းတို့က တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့် တစ်ဦးတည်းကိုသာ ဥက္ကဋ္ဌလောင်းအဖြစ် တင်သွင်းသည့်အတွက် ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၁၁)အရ ဦးဝင်းမြင့်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌရွေးချယ် တင်မြှောက်ရာတွင် လမ်းမတော် မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်းနှင့် ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန် တို့က ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ် တစ်ဦးတည်းကိုသာ ဒုတိယဥက္ကဋ္ဌလောင်းအဖြစ် တင်သွင်းသည့်အတွက် ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၁)အရ ဦးတီခွန်မြတ်အား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဦးဝင်းမြင့်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် ဦးတီခွန်မြတ်တို့က သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် သဘာပတိ ဒေါ်ခင်ဌေးကြွယ် က ၂ဝ၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တာဝန်လွှဲပြောင်း ပေးအပ်သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာ နေ့တစ်နေ့ဖြစ်ပါကြောင်း၊ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း။

နိုင်ငံတော်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် အာဏာကြီး ၃ ရပ်အနက် လွှတ်တော်၏ အဓိကတာဝန်သည် ဥပဒေပြုရေး ဖြစ်ပါကြောင်း၊ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရဆိုသည့် ဆိုရိုးစကားနှင့်အညီ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတို့ကို လေ့လာဖတ်ရှုပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များ၏ဂုဏ်ရည်ကို ပြသစေလိုပါကြောင်း။

ထို့ပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များသည် ဒီမိုကရေစီကျင့်စဉ်နှင့်ညီ၊ မညီ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်၊ မကိုက်၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ဆီလျော်မှု ရှိ၊ မရှိ၊ နိုင်ငံတကာ စာချုပ်စာတမ်းများနှင့် အကျုံးဝင်၊ မဝင်၊ ပြည်သူလူထုအတွက် အကျိုးရှိ၊ မရှိ၊ ပြည်သူလူထု၏ ဘဝလုံခြုံရေးနှင့် စိတ်လုံခြုံရေးကို အကာအကွယ်ပေး၊ မပေးတို့ကို လေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း။

မိမိအနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းများ ပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment