(ဓါတ်ပုံ - ကျော်ဇေယာမြင့်)
အကောင်းအဆိုးသည် ဒွန်တွဲနေစမြဲ။
တည်ဆောက်ပြုပြင်ရေးလုပ်ငန်းနှင့် ယူနက်စကို (UNESCO)အသိအမှတ်ပြု အင်းလေးကန် ရပ်ဝန်း၏ ထိန်းသိမ်းမှုလုပ်ငန်းတွင် စိန်ခေါ်မှုများစွာကို ကျော်လွှား နေကြရပြီ။ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေး ကန်ထိန်းသိမ်းရေးလုပ်ငန်းများကို ဇောင်းပေး ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကျပ်သန်း ငါးထောင်တင်ပြတောင်းခံထားကြောင်းသိရသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွက် အင်းလေးကန်ထိန်းသိမ်းရေးလုပ်ငန်းဘတ်ဂျက်ကို အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်က ကန်သုံးကန်ဆည်ရန်နှင့် အင်းလေး ကန်ထိန်းသိမ်းရန်ဖြစ်ကြောင်း ရည်ညွှန်းပြောဆိုသည်။
အဆိုပါခွင့်ပြုငွေဖြင့် အင်းလေးကန်အတွင်းရှိ တန်ခိုး ကြီးဖောင်တော်ဦးဘုရားအနီးရပ်ဝန်း၌ ရေလမ်းတူးဖော်ရန်၊ အဝင်အထွက်လမ်းဖောက်လုပ်ရန်၊ ရွာမကျေးရွာမှ ဖောင်တော်ဦးဘုရားထိ ကျေးရွာချင်းဆက်လမ်းတူးဖော် ရန်၊ သန်တောင်ချောင်းအရှေ့ရပ်ဝန်းရှိ တောင်များတူးဖော် ရန်၊ နုန်းတားဆည်ဖောက်ရန် ဘတ်ဂျက်ရေးဆွဲထားသည်။ယခုအခါ ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းဌေး၊ ဦးစီး အရာရှိ(ဆည်မြောင်း) ဦးကျော်ကျော်ဦး၊ ဦးစီးမှူး (ဆည် မြောင်း) ဦးအောင်မျိုးထွန်းတို့အဖွဲ့က သဲနုန်းတူးခြင်း၊ ဗေဒါရှင်းခြင်း၊ နုန်းတားဆည်တည်ဆောက်ခြင်း၊ နွေရာသီ တွင် ရေမကျအောင်ရေထိန်းခြင်းတို့ကို ဆောင်ရွက်နေသည်။ ဘတ်ဂျက်ငွေကျလာပါက သဲနုန်းတူးခြင်းလုပ်ငန်း၊ နုန်းတားဆည်တည်ဆောက်ခြင်းများကို ပိုမိုတိုးချဲ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက ပြောသည်။အင်းလေးကန်ရပ်ဝန်း ဇီဝနယ်မြေထိန်းသိမ်းရေးကို အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လေ့လာ စောင့်ကြည့်ရေးအဖွဲ့၊ အင်းလေးကန်ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့်အတူ ဒေသခံပြည်သူများက လက်တွဲပြီးဝိုင်းဝန်းဆောင် ရွက်ရန်လိုအပ်သည်။ စေတနာရှင် အလှူရှင်များ ပိုမိုပေါ်ပေါက်လာပြီး ကုန်းမြင့်ရေကန်ရပ်ဝန်းရှိ ကျေးရွာ ၄ဝဝ ကျော်ကလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲပြီး ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အင်းလေးကန်မြေကို အသက်နှင့်ထပ်တူ ထိန်းသိမ်းဖို့လိုသည်။ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသရှိ မိုင် သောက်အင်းကျေးရွာအနီး ဟိုတယ်ဆောက်လုပ်နေမှုက သဘာဝထိန်းတောကြီးများပျက်စီးမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ မိုင်သောက်အင်းတွင်ရှိသော သဘာဝ အင်းတောကြီးများ၌ သားငှက်တိရစ္ဆာန်၊ ရေပျော်ငှက် သတ္တဝါများ ခိုအောင်းနေသောနေရာဖြစ်ပြီး အင်းလေးကန်ထဲသို့စီးဆင်းမည့်ချောင်းရေများကို ပိတ်ပင်သည့်ပထဝီ မြေအနေအထားတွင်ရှိနေသည်။အင်းလေးကန်ဇီဝရပ်ဝန်းဒေသသည် သဘာဝငါးမျိုး စိတ်များခိုအောင်းသောနေရာဖြစ်သည်။ ငှက်မျိုးစိတ် များစွာ နေထိုင်ရာ ဇီဝရပ်ဝန်းလည်းဖြစ်သည်။ ဆောင်းရာသီတွင် ဆောင်းခိုငှက်များလာရောက်နားခိုရာ ဒေသလည်းဖြစ်သည်။ဆောင်းခိုငှက်များပျော်မွေ့ရာ အင်းလေးကန် ဇီဝ နယ်မြေရပ်ဝန်းသည် တစ်နှစ်ထက်တစ်နှစ် ကျက်စား နေထိုင်မှုပိုမိုလာသည်။ အင်းလေးကန်ဘေးမဲ့တောတွင် ရေကြက်၊ ဒုံငှက်၊ စင်ရော်တို့ အများအပြား လာရောက်ပြီး ပျော်ပါးလျက်ရှိသည်။ ရေပျော်ငှက်မျိုးစိတ် ၉ဝ၊ သစ်တော ငှက်မျိုးစိတ် ၂၅၉ မျိုးကို မြင်တွေ့ကြရသည်။၂ဝ၁၄ ခုနှစ်က ငှက်မျိုးစိတ် ၄၁ မျိုးဝင်ရောက် နေထိုင်ရာ ရေပျော်ငှက် ၉၃၇၁ ကောင်၊ သစ်တောငှက် အကောင် ၁ဝ၅ဝ၊ ဆောင်းခိုငှက် ၈၂၂၁ ကောင်ရှိရာမှ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလအထိ အင်းလေးကန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၃ဝ သာ ဝင်ရောက်နေထိုင်ကြပြီး ရေပျော်ငှက် ၁၅၃၂၁ ကောင်၊ သစ်တောငှက် ၄၅၇ ကောင်၊ ဆောင်းခို ငှက် ၁၂၉၅၈ ကောင် ဝင်ရောက်နေထိုင်ကြသည်။ဆောင်းခိုငှက်၏သဘောသဘာဝက ဆောင်းရာသီတွင် ကမ္ဘာ့မြောက်ဘက်ခြမ်း တရုတ်၊ ရုရှား၊ ဆိုက်ဘေးရီးယားဝင်ရိုးစွန်းဒေသတွင် ရေခဲတောင်ဖြစ်တည်မှုကြောင့် အစာရှားပါးလာသဖြင့် ရာသီဥတုသာယာရာ အာရှနိုင်ငံ များသို့ မိုင်ထောင်ချီ၍ အသက်စွန့်ပြောင်းရွှေ့ပျံသန်းလာ ကြသည်။ ကမ္ဘာ့မြောက်ဖျားရေခဲတောင်မှ ရာသီဥတု သာယာကောင်းမွန်သော အာရှ၊ အရှေ့တောင်နေရပ်ဒေသသို့ အောက်တိုဘာလမှ မတ်လအထိ ခြောက်လကြာနားခို နေထိုင်ကြသည်။အမိမြန်မာပြည်သို့ ဆောင်းခိုငှက်များက အရှေ့ အာရှအလယ်ပိုင်း၊ သြစတြေးလျ ပျံသန်းရာခရီးလမ်း ကြောင်းမှဝင်ရောက်ကြပြီး ကချင်ပြည်နယ် အင်းတော်ကြီး၊ စစ်ကိုင်း၊ မန္တလေး (မိုးယွန်းကြီးအင်း)၊ ဧရာဝတီ၊ ရခိုင်၊ တနင်္သာရီဒေသများတွင် ဆောင်းခိုငှက်များစွာကို မြင်တွေ့ ကြရသည်။အင်းလေးကန်ဇီဝရပ်ဝန်း ရေတိမ်ဒေသများဖြစ်သော သလဲဦး၊ အလယ်မြောင်း ငှက်သားပေါက်ဧရိယာ၊ လင်းကင်း ငှက်သားပေါက်ဧရိယာများ၊ ညောင်ရွှေမြို့ရှိ စည်ကန်၊ နဒီကန်၊ ရေလယ်ကွင်းနှင့် ဘီလူးချောင်း တစ်လျှောက်တွင် ဆောင်းခိုငှက်များ ပျော်ပါးကြသည်။
သို့ဖြစ်၍ အင်းလေးကန်ရပ်ဝန်း ဟိုတယ်၊ မိုတယ် ဆောက်လုပ်မှုကြောင့် ငှက်များနားခိုရန်၊ ငါးမျိုးစိတ်များအသက်ရှည်ရပ်တည်ရန် အခက်အခဲကြုံတွေ့ရမည်။ တောင်ကျရေ သဘာဝရေသန့်များလည်း ပျက်စီးနိုင်သည်။အင်းလေးကန်ရပ်ဝန်းဇီဝနယ်မြေတွင် အင်းလေး အရှေ့ဘက်ကမ်းက တောင်ကျရေကို ထိန်းနိုင်သော အင်းတောများရှိသဖြင့် နှုန်းက အင်းထဲသို့တိုက်ရိုက် မစီး ဆင်းဘဲ ရေမျောကျွန်းများကြောင့် နုန်းမပါသော ရေအကြည်သာစီးဆင်းနိုင်သည်။
အင်း၏အနောက်ဘက်ကမ်းခြေက နုန်းပါရေများ တိုက်ရိုက်စီးဆင်းဝင်ရောက်သောကြောင့် အင်းတိမ် ကောမှုကပိုများလာသည်။မိုင်းသောက်အင်းရွာက နုန်းမြေထုအဆီးအတားအတွက် အဓိကအနီးကပ်ကြုံတွေ့ရင်ဆိုင်နေရသော ရပ်ဝန်းဒေသဖြစ်၍ ဟိုတယ်၊ မိုတယ်တည်ဆောက်ရေးကို ဒေသခံအင်းသူအင်းသား အိမ်ခြေ ၂ဝ၆ အိမ်မှ လူဦးရေ ၁၈ဝဝ ကျော်တို့က မိုင်းသောက်နယ်မြေဆုံးရှုံးရမည်ကို စိုးရိမ်နေကြသည်။ဟိုတယ်၊ မိုတယ်ဆောက်လုပ်ခြင်း၏နောက်ကွယ်မှာ ဒေသခံပြည်သူများအတွက် ရေထုညစ်ညမ်းနိုင်သည်။ သောက်သုံးရေခက်ခဲနိုင်သည်။စိုက်ပျိုးရေးတွင် ရိုးရာစဉ်ဆက်စိုက်ပျိုးခဲ့သောယာခင်းများတွင် ခရမ်းချဉ်၊ ပဲတောင့်၊ ပန်းမုန်လာများကို ဆေးဖျန်းမှုကြောင့် လေထုညစ်ညမ်းမှုကို ကျွန်းတောများက သန့်စင်ပေးသည်။ ကျွန်းတော၊ အင်းမျောကျွန်းများ မရှိလျှင် လေထုညစ်ညမ်းမှုကိုမကာကွယ်နိုင်ပါ။ ရေနီ၊ ရေနှောက်များသာ ကြီးစိုးလာမည်ဖြစ်သည်။အဆိုပါမြေကို ဘိုးဘွားပိုင်၊ နိုင်ငံတော်ပိုင်မြေအဖြစ် နှစ်စဉ်ထိန်းသိမ်းခဲ့ရာမှ သဘာဝအရ စိမ်းလန်းစိုပြည်မြေကို ဖျက်ဆီးရာကျနေသည်။''ဒီမြေက ဘိုးဘွားပိုင်မြေဖြစ်ပြီး နိုင်ငံတော်အမွေ အနှစ်ကိုထိန်းသိမ်းထားတဲ့မြေဖြစ်လို့ အလကားလဲမပေး ချင်ဘူး။ ဒီသဘာဝမြေကိုပဲ ထိန်းသိမ်းထားချင်တယ်။ သဘာဝကို ဘယ်သူမှဖန်တီးလို့မရဘူး။ ဒါကြောင့် ဒီမြေကို သဘာဝမြေအဖြစ်ဆက်လက်ထိန်းသိမ်းပြီး အင်းလေး ဒေသရေကို တည်တံ့စေချင်တယ်''ဟူ၍ အင်းလေးကန်ရှိ အင်းသားများကပြောဆိုနေကြသည်။
သမိုင်းဒေသဖြစ်စဉ်များစွာကို ထိန်းသိမ်းခဲ့သော မိုင်းသောက်ဒေသသည် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း မိုင်းသောက် ဒေသသည် တော်လှန်ရေး ကောင်စီခေတ်၊ ပါလီမန်ခေတ် များမှာ ပြည်သူ့စစ်ကိုဦးစွာဖွဲ့စည်းပြီး နိုင်ငံကိုတည်ဆောက် ခဲ့သည်။ လူဦးရေ ၁၈ဝဝ ခန့် ရိုးသားစွာအသက်မွေးနေထိုင်ရာဒေသဖြစ်ပြီး အိမ်ခြေ ၂ဝ၆အိမ်ထောင်ရှိသည်။ဟိုတယ်ခြောက်လုံးဆောက်လုပ်ဆဲဖြစ်သည်။ ဟိုတယ် ဆောက်လုပ်၍ ဘေးထွက်ဆိုးကျိုးအနေဖြင့် သဘာဝ ကျွန်းမျောများ အင်းမှပျက်စီးသွားနိုင်သည်။ အင်းက အင်းလေးကန်ရပ်ဝန်းဒေသမှာ ထုထည်အကြီးမားဆုံး အင်းဖြစ်ပြီး တောင်ကျရေကိုလည်းထိန်းနိုင်စွမ်းသည်။တစ်နှစ်တစ်ကြိမ် မိုးကျလျှင်ပင် နုန်းရေက မြေထုငါး လက်မ၊ ခြောက်လက်မထိမြင့်တက်လာရာ အင်းလေး ကန်ထဲနုန်းများ မတင်မကျအောင် ကျွန်းမျောအင်းများက အကာအကွယ်ထိန်းသိမ်းထားသော အစဉ်အလာလည်း ပျက်သုဉ်းသွားနိုင်သည်။ရှမ်းပြည်နယ်အစိုးရအနေဖြင့် မြေဧက ၉ဝ အနက် မြေဧက ၄၈ ဧကကို ခွင့်ပြုပေးထားပြီး ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁၂ ရက် ရက်စွဲဖြင့်စာထွက်ခဲ့သည်။''ဟိုတယ်၊ မိုတယ်တည်ဆောက်ရန် ကိုင်းတောများကို ဖျက်ဆီးဖယ်ရှားပါက အင်းလေးကန်ရပ်ဝန်းဇုန် လုံးဝ တိမ်ကောသွားနိုင်သည်''ဟူ၍ ဒေသအင်းသူအင်းသားသွေး ချင်းများက စိုးရိမ်နေကြသည်။ ''အင်းလေးကန် တိမ် ကောပပျောက်သွားပါက နိုင်ငံခြားသားဧည့်သည်များဝင် ထွက်သွားလာလည်ပတ်မှုလည်း လျော့သွားနိုင်သည်'' ဟူ၍ တွေးဆထားကြသည်။ဘက်စုံတည်ဆောက်ပြုပြင်မှုနှင့် ထိန်းသိမ်းရေး လုပ်ငန်းရပ်ကို ဇောင်းပေးဆောင်ရွက်ရာတွင် တစ်ဖက်မှ ဆန့်ကျင်ဘက်များစွာဖြင့် စိန်ခေါ်မှုကြားဝယ် အင်းလေးကန် ရပ်ဝန်းဇုန်နယ်မြေက ကြားမညပ်ဖို့လိုသည်။ရုပ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများနှင့်အတူ တည်ဆောက်ရေးလုပ်ငန်းရပ်များကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူတို့၏လိုအပ်ချက်၊ လိုလားချက်၊ ဖြစ်သင့်ဖြစ် ထိုက်သောလုပ်ရပ်များကို ဦးစားပေးဆောင်ရွက်သွားမှသာ ဖြစ်နေတာ၊ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာတို့ကို သဟဇာတ ချိန်ထိုးနိုင်ဖို့လိုလာသည်။အာဆီယံယဉ်ကျေးမှုအမွေအနှစ် (ASEAN Cultural Heritage Park) သမိုင်းဝင်ဒေသ၊ (၂၇)ကြိမ်မြောက် ကုလသမဂ္ဂပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ ယူနက်စကိုအစည်းအဝေး MAB (International Council Meeting)က မြန်မာနိုင်ငံ၏ ပထမဦးဆုံး လူသားနှင့်ဇီဝအဝန်းနယ်မြေ (Biosphere Reserve)၊ လောပိတရေအားလျှပ်စစ်စက်ရုံ၏ ရေ အရင်းအမြစ်အရေးပါသောဒေသ (Land Mark)၊ ယူနက် စကိုအဖွဲ့ဝင် ၁၉၅ နိုင်ငံက ထောက်ခံအသိအမှတ်ပြု ထားသော အင်းလေးရပ်ဝန်း၊ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၂၉၅ဝ ရှိသော ကုန်းမြင့်သဘာဝရေကန်၊ ရေတိမ်ဒေသထိန်းသိမ်းရေးနယ်မြေ (Save Our Wellands)၊ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးရေချိုကန်၊ အဆိုပါဂုဏ်ပုဒ်များကိုဆောင်နေသော အင်းလေးကန် ရပ်ဝန်းဒေသကြီး၊ ဦးတည်ချက်မသွေဖည်၊ မလွဲချော်ရ အောင် ဆောင်ခိုငှက်များပျော်မွေ့ရာ အင်းလေးကန်ဘေးမဲ့ တော ထိန်းသိမ်းရေးနှင့် ဟိုတယ်ဧည့်လုပ်ငန်း၏ ဝိရောဓိများ မဖြစ်ရအောင် လူသားအားလုံးထိန်းသိမ်းကြဖို့ တိုက်တွန်း တင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment