Monday, February 29, 2016

ရန်ကင်းသာ(ညောင်ချောင်းသာ)ကမ်းခြေဖွင့် လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကား


ညောင်တုန်း ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ရန်ကင်းစံကျေးရွာအုပ်စုအတွင်းရှိ ရန်ကင်းသာခေါ် ညောင်ချောင်းသာကမ်းခြေကို ယခုနှစ်ရာသီအတွက် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လာရောက် အပန်းဖြေသူ ပြည်တွင်းခရီးသွားဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
ညောင်ချောင်းသာ အပန်းဖြေစခန်းသို့လာရောက်သည့် တောင်ဥက္ကလာပမြို့နယ်မှ ကိုတင်ကိုဦးက ''ဒီနှစ်ပိုပြီး စည်တယ်။ ခါတိုင်းဖွင့်ပွဲလုပ်တဲ့နှစ်ထက် လူတွေလည်းများလာတယ်။ ညောင်ချောင်းသာက ရန်ကုန်နဲ့လည်း သိပ်မဝေးတော့ နေ့ချင်းပြန်သွားလို့ရတယ်။ စရိတ်စကလည်း သက်သာတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေစုပြီးလာကြတာပါ''ဟု ပြောသည်။
ညောင်ချောင်းသာ အပန်းဖြေရေချိုးဆိပ်ကို ၂ဝ၁၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှ စ၍ ညောင်ချောင်းသာ ကမ်းခြေကြီးကြပ်ရေး ကော်မတီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး နှစ်စဉ် ရရှိသည့် ငွေများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသုံးပြုကြောင်းနှင့်ဒေသခံ ပြည်သူများ၏လူမှုဘဝဖွံ့ဖြိုးစေရန် အဓိကရည်ရွယ်ကြောင်း ညောင်ချောင်းသာကမ်းခြေကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းကြည်ထံမှ သိရသည်။
''ကျွန်မက ဒီဒေသခံ ရန်ကင်းစံကပါ။ ဈေးရောင်းတာ ငါးနှစ်ရှိပြီ။ တစ်နှစ်ထက်တစ်နှစ် ပိုပိုစည်လာတယ်။ သင်္ကြန်ဆို တအားစည်တာ။ ဈေးလည်းအများကြီးရောင်းရတယ်။ တစ်ရာသီ ဈေးရောင်းတယ်ဆိုတာ။ အရင်က မတ်လမှဖွင့်တာ ဒီနှစ်တော့ စောဖွင့်တာ ရာသီချိန်က ကဆုန်လဆို ပြီးပြီ။ ကဆုန်လပြည့်နေ့အထိ ဈေးရောင်းရတယ်။ ဒေသခံတွေရော၊ ဒေသခံမဟုတ်တဲ့သူတွေရော အဆင်ပြေပါတယ်''ဟု ငွေစန္ဒာအမှတ်တရအရောင်း ဆိုင်မှ ဆိုင်ပိုင်ရှင်က ပြောသည်။
ယခု ဖွင့်လှစ်သည့် အပန်းဖြေကမ်းခြေတွင် ဆိုင်ခန်းပေါင်း ၄၁ ဆိုင်ဖွင့်လှစ်ထားပြီး ဒေသခံများ၏ ဆိုင်ခန်းပေါင်း ၂၁ ဆိုင်ပါဝင်ကြောင်း၊ ဝင်ကြေး အနေဖြင့် လူတစ်ဦးလျှင် ကျပ် ၂ဝဝ နှုန်းကောက်ခံပြီး ကားတစ်စီးလျှင် ကျပ် ၁ဝဝဝ နှုန်းကောက်ခံကြောင်း သိရသည်။
ထို့ပြင် ညောင်ချောင်းသာကမ်းခြေသို့ နှစ်စဉ် အပန်းဖြေလာရောက်သူဦးရေမှာ တစ်ရာသီတွင် ငါးသိန်းနီးပါးလာရောက်လေ့ရှိပြီး ကမ်းခြေသို့ အနားယူအပန်းဖြေရန် လာရောက်ကြသည့်သူများ အန္တရာယ်ကင်းစေရန် ကမ်းစပ်မှ ပေ ၁၅ဝ အကွာ၊ ကမ်းခြေရေမိုင် အရှည်ပေ ၈ဝဝ တွင် အန္တရာယ်ကင်း စေရန် ပိုက်ကြိုးများ သွယ်တန်းသတ်မှတ်ပေးထားပြီး မြို့နယ်မီးသတ်၊ ကြက်ခြေနီ၊ မြို့နယ်အထောက် အကူပြုအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆိုင် ကော်မတီဝင် ၁ဝ ဦး အပါအဝင် စုစုပေါင်း ၂ဝ ကျော်ဖြင့် နေ့စဉ်လှည့်လည်စောင့်ကြည့်ပေးနေကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့် ညောင်ချောင်းသာ ကမ်းခြေဖွင့်ပွဲတွင် မီးဘေးသင့်ပြည်သူများအတွက် တေးဂီတ ရန်ပုံငွေဖျော်ဖြေပွဲများ၊ တေးသရုပ်ဖော် ကပွဲများအပြင် လာရောက်သူများအတွက် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
(သီသီမင်း)

No comments:

Post a Comment