Monday, February 29, 2016

ပြဿနာများဖြေရှင်းပေးမည့် ၉ ချောင်းဆက်




လျှော့ချထားသည့် ဖွဲ့စည်းပုံ(၁း၁း၃)ကိုပင် လူအင်အားဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ ကျွမ်းကျင် လုပ်သား(Skill Labour)မှာလည်း လျော့နည်းသွားခြင်းကြောင့် လမ်းပိုင်းများအား ထိရောက်စွာမလုပ်ဆောင်နိုင်သဖြင့် လမ်းပိုင်းအားနည်းချက်များဖြစ်ပေါ်။


မီးရထားသတင်းနှင့်ပတ်သက်၍ သတင်း၊ ဂျာနယ်၊Facebook နှင့် စာစောင်များတွင် နေ့စဉ်နှင့်အမျှ တစ်ခု မဟုတ်တစ်ခု တွေ့မြင်၊ ကြားသိ၊ ဖတ်ရှုနေရသည်။ ဤသို့ တွေ့မြင်၊ ကြားသိနေရသည်များထဲတွင် ကောင်းတာတွေလည်း ပါရှိသလို ဆိုးတာတွေလည်းပါရှိသည်။ ဘာပဲပြောပြော ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ဝေဖန်အကြံပေးသည်များမှ ကောင်းသည့်ကိစ္စများကို အပြုသဘောမြင်၍ လက်ခံရမည်သာ ဖြစ်သည်။ အဝေဖန်ခံနိုင်ပြီး ကောင်းသောအကြံပြုချက် များကို လက်ခံလိုက်နာပြုပြင်သွားနိုင်လျှင် တိုးတက်လာနိုင်မည်ဟု သဘောပိုက်မိပါသည်။

ဤဝေဖန်မှုများစွာထဲမှ စာရေးသူ စိတ်ဝင်စားပြီး အရေးပါသည်ဟု ယူဆရသည့် အကြောင်းတစ်ခုကိုလည်း မိဘပြည်သူများသိရှိစေရန် တင်ပြလိုပါသည်။ အကြောင်း ကတော့ မီးရထားများ၏ ''ခုန်၊ ဆောင့်၊ လူး''ကိစ္စများပင် ဖြစ်သည်။ မီးရထားပြေးဆွဲရာတွင် သွားလာနေသော လမ်းကြောင်းများ၌ ရှေးအစဉ်အဆက်ကပင် ''ခုန်၊ဆောင့်၊ လူး'' ပြဿနာများကို ကြုံတွေ့ရသည်။ ဒါ့ကြောင့် ''ခုန်၊ ဆောင့်၊ လူး''ဆိုသည့်စကား ပေါ်ပေါက်ခေါ်ဝေါ်သုံးစွဲ နေခြင်းပင်ဖြစ်သည်။


''ခုန်''သည်ဆိုရာဝယ် ထိုင်နေသောခရီးသည် အပေါ် အောက် ခုန်သည်၊ ဘေးတိုက်ယိမ်းထိုးသည်၊ တဒိန်းဒိန်း နှင့်ဆောင့်သည်၊ ဤသည်ကို ''ခုန်၊ ဆောင့်၊ လူး''ဟု ခေါ်ဝေါ်နေခြင်းပင်ဖြစ်သည်။ ဖြစ်ပေါ်နေသည့် သဘာဝ တစ်ခုနှင့်တစ်ခုလည်း မတူပါ။ လမ်းပိုင်းများတွင် ကြံ့ခိုင် ရေးကောင်းမှု၊ ပြုပြင်ထိန်းသိမ်းမှု၊ သံလမ်းအနေအထား များနှင့်လည်း သက်ဆိုင်နေပေသည်။ ယင်း ''ခုန် ၊ ဆောင့်၊ လူး''နှင့်ပတ်သက်၍ အများပြောဆိုနေကြသည်မှာ ''မီး ရထားကြီးကို စီးရတာ ဆန်ကောထဲ ဆီးဖြူသီး ထည့်ပြီး လှိမ့်ခံနေရသလိုပဲ''၊ ''မြန်မာ့မီးရထား မဟုတ်ဖူး၊ မြင်းစီး ရသလိုဖြစ်တာကြောင့် မြန်မာ့ မြင်းရထားဖြစ်နေပြီ'' ဟူသော စကားသံမျိုးလည်း ကြားဖူးပါသည်။''မီးရထားစီး ရင်း ခုန်ဆောင့်တာကြောင့် ခါးနာပြီး ဆေးရုံတက်ရသည်။အိမ်သာသွားရင်း သားအိမ်ကျ/ လျှောရသည်။

မီးရထား ခုန်တာ ဆက်သည်းမခံနိုင်လို့ ရောက်တဲ့ဘူတာမှာ ဆင်းပြီး တခြားယာဉ်နဲ့ ပြောင်းစီးရသည်'' စသည်ဖြင့် ကြားသိရ သည်များမှာ များပြားစုံလင်လှပါသည်။ သာသာထိုးထိုး ပြောပေမယ့် မှန်သင့်သလောက်လည်း မှန်နေပေသည်။


ရထားခုန်ရခြင်းကို အကြမ်းဖျင်းအားဖြင့် တင်ပြ ရပါလျှင် သံလမ်းဆက်နေရာ အားနည်းနေ၍လည်း ကောင်း၊ Packing မကောင်း(ဇလီဖားတုံးအောက်ကျောက် မရောက်)၍ လည်းကောင်း ဖြစ်ရသည်။ ရထားလူးရသည် မှာ ရေချိန်မမှန်၊ ကျောက်မပြည့်၍လည်းကောင်း၊ ရထား စီးရာတွင် ဘေးတိုက်ရမ်းပြီး ခါနေသည်မှာ သံလမ်းများAlignment မမှန်၍ လည်းကောင်း ဖြစ်ရပါသည်။ အထက်၌တင်ပြခဲ့သည့် သံလမ်းဆက်နေရာ အားနည်းရ သည်ကို ထပ်မံအသေးစိတ်ပါလျှင် သံလမ်းတစ်ခုနှင့်တစ်ခု ဆက်သည့်နေရာ၌ ရေဝပ်နေခြင်း၊ သံလမ်းတစ်ခုနှင့်တစ်ခု ဆက်သည့်နေရာကျဲနေခြင်း၊ သံလမ်းအဆက်နေရာ မူလီ ချောင်နေခြင်း၊ သံလမ်းဆက်သည့် နေရာတွင် အငှား သံလမ်းတိုများဖြင့် ဆက်ထားခြင်း၊ အဆက်နေရာရှိFish-plate ကျိုးခြင်း၊ ပဲ့ခြင်းများကြောင့် ဖြစ်ရသည်။


ဤသို့ဆိုလျှင် သံလမ်းအဆက်နေရာများ၏ အား နည်းချက်ကြောင့် ဖြစ်ရသဖြင့် ဤအဆက်မရှိလျှင် သို့ တည်းမဟုတ် အဆက်အရေအတွက်နည်းသွားလျှင် ယခု ဖြစ်ပေါ်နေသောပြဿနာ ပြေလည်သွားနိုင်ပေသည်။ အဆက်နေရာကို တေ့ဆက်ဆက်ခြင်းမဟုတ်ဘဲWelding ဖြင့် တစ်ဆက်တည်း၊ တစ်သားတည်း ဆက်နိုင်လျှင် အဆင်ပြေသွားနိုင်ပါသည်။ မြန်မာ့မီးရထားတွင် အသုံးပြု နေသော ၇၅ ပေါင် သံလမ်းများသည် တစ်ချောင်းလျှင် အရှည် ၃၉ ပေ ရှိသည်။

သို့ဖြစ်၍ ရထားလမ်း ၁ မိုင်လျှင် တေ့ဆက်ဆက်ရမည့် အဆက်ပေါင်းမှာ ၁၃၆ ဆက် ရှိပါသည်။ ရန်ကုန်-မန္တလေး အစုန်၊ အဆန် ၇၇ဝ မိုင် အကွာအဝေးတွင် တေ့ဆက် အဆက်နေရာ ၁ဝ၄၇၂ဝ ရှိသဖြင့် ရထား ၁ စင်း အသွား၊ အပြန် တစ်ကြိမ်ခုတ် မောင်းလျှင် ယင်းသံလမ်းအဆက်နေရာကြောင့် အကြိမ် ၁ဝ၄၇၂ဝ အဆောင့်ခံရသည့်သဘောဖြစ်ပါသည်။ အဆက်ဆိုရာတွင် သံလမ်းတစ်ချောင်းနှင့် တစ်ချောင်း ဆက်မိ၊ ထိမိအောင် သံလမ်းအောက်တွင် ကွန်ဖားတုံးခံ၍ မူလီဖြင့် တေ့ဆက်ဆက်ထားခြင်းပင်ဖြစ်သည်။


နိုင်ငံတကာတွင် ယင်းအဆက်နေရာများကို Welding ဖြင့် တစ်ချောင်းတည်း၊ တစ်ဆက်တည်း ပူးကပ်အောင် ဆက်ပြီး အသုံးပြုကြသည်။ အဆက်မရှိတော့လျှင် ရထား ဆောင့်သည့်ဒဏ်ကို မခံရတော့ပါ။ နိုင်ငံတကာမှ ယင်း နည်းပညာကို အသုံးပြုရာတွင် မိုင်ပေါင်းများစွာဆက်သည့် နည်းကို အသုံးပြုကြသည်။ ရထားသံလမ်းဆက်ရာတွင် အကြမ်းဖျင်းအားဖြင့် အသုံးပြုကြသော နည်းများမှာThermit Welding (အဆက်နေရာကို အထူးပြုလုပ်ထား သည့် အမှုန့်ဖြင့် ပုံစံခွက်ထဲ ထည့်ကာ အပူပေး၍ဆက်ခြင်း)နည်း ၊Flash butt Welding(သံလမ်းဆက်သည့်စက်ဖြင့် သံလမ်းအဆက်နေရာကို အပူပေး၍ဆက်ခြင်း)နည်း၊Gas Pressure Welding (အဆက်နေရာကို ဂတ်စ်ဖြင့် အပူပေး၍ဂဟေဆက်ခြင်း)နည်းတို့ ဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် ရှေးယခင်ကာလအတော်ကြာကပင် ၂ ချောင်း ဆက်၊ ၃ ချောင်းဆက် အသုံးပြုခဲ့ဖူးသည်။ ယခုနောက်ပိုင်း ၄ ချောင်းနှင့် ၆ ချောင်းဆက်ကိုလည်း အသုံးပြုလျက်ရှိ သည်။ သို့ရာတွင် မိုင်အတိုလေးသာ ဆက်နိုင်သဖြင့် ထိရောက်မှုမရှိဘဲ ရထားအဆက်နေရာများတွင် ခုန်၊ ဆောင့်ခံနေရခြင်းပင် ဖြစ်ပါသည်။ ၂ ချောင်းဆက်ဆိုလျှင် သံလမ်းတစ်ချောင်း၏အရှည် ၃၉ ပေကို ၂ ချောင်းဆက် ခြင်းဖြစ်ပြီး ၃ ချောင်းဆက်ဆိုလျှင် သံလမ်း ၃၉ ပေကို ၃ ချောင်းဆက်လိုက်ခြင်းဖြစ်ပါသည်။ အချောင်းများများ ဆက်လေ အဆက်နေရာပျောက်သွားပြီး ရထားဆောင့် သည့်ဒဏ်ခံရမှုနည်းလေဖြစ်ပါသည်။


သံလမ်းတစ်ခုနှင့်တစ်ခု ဆက်ရသည်မှာလည်း လွယ် ကူလှသည့်ကိစ္စတော့မဟုတ်ပါ။ လမ်းပိုင်းများတွင် ပြေးဆွဲ နေသည့် ရထားများ၏သွားလာမှု လွတ်ကင်းသည့်အချိန် တွင် လုပ်ငန်းဆောင်ရွက်ရခြင်း၊ ဆက်ပြီးသား သံလမ်း အရှည်ကြီးများကို ဆက်မည့်နေရာသို့ ဝေးလံစွာ သယ်ယူ သွားရခြင်း၊ မူလသံလမ်းအဟောင်းကိုလည်း ဖယ်ထုတ်ရ ခြင်း စသည်ဖြင့် အနုစိတ်ရသလို လုပ်ဆောင်ရသည့်ကိစ္စမှာ လည်း များမြောင်လှပါသည်။ သံလမ်းဆက်သည့်ကိစ္စ၊ သယ်ယူသည့်ကိစ္စ၊ ဖယ်ထုတ်သည့်ကိစ္စအားလုံးတွင် နည်းပညာမပါလျှင် လုပ်ရန်မလွယ်ကူပေ။ ထို့အပြင် ရထားများစွာ သွားလာနေသည့်လမ်းကြောင်းပေါ်တွင် အချိန်လု၍ လုပ်ငန်းဆောင်ရွက်ရသည်လည်းဖြစ်ရာ အလုပ်တွင်ကျယ်ရန်မှာလည်း အခက်အခဲရှိပါသည်။ သို့ဖြစ်ပါ၍လည်း မြန်မာ့မီးရထားတွင် မိုင်ပေါင်းများစွာ သော သံလမ်းများအား တစ်ဆက်တည်းဖြစ်သွားစေရန် မိုင်များစွာ မလုပ်နိုင်ခြင်းများကြောင့် အဆက်နေရာများစွာ တွင် ခုန်၊ ဆောင့်ခံနေရခြင်းပင်ဖြစ်ပါသည်။


ဤနေရာတွင် သံလမ်းနှင့်ပတ်သက်သော အခက် အခဲတစ်ခု တင်ပြလိုပါသည်။ မြန်မာ့မီးရထား၏ ယခင်က သံလမ်း ၄ မိုင်လျှင် လုပ်သားခေါင်း ၁ ဦး၊ လုပ်သား ၁ ဦး၊ ဇာဝီလှည့်(လမ်းလျှောက်) ၈ ဦး စသည်ဖြင့် သံလမ်း ၄ မိုင်လျှင် (၁း၁း၈)စုစုပေါင်း ၁ဝ ဦးဖြင့် လုပ်ကိုင်ဆောင် ရွက်ခဲ့သည်။ ၄ မိုင် ၁ ဂိုဏ်းဟုလည်း ခေါ်ဆိုခဲ့သည်။


နေ့စဉ် ဤလုပ်သားခေါင်း ၁ ဦး၊ လုပ်သား ၁ ဦး၊ ဇာဝီလှည့် ၈ ဦးသည် မိမိတာဝန်ကျသည့် ၄ မိုင်အတွင်း သံလမ်းများကို လမ်းလျှောက်စစ်ဆေး၍ မူလီချောင်လျှင် ကြပ်ခြင်း ၊ ရထားအန္တရာယ်ဖြစ်စေနိုင်မည့်နေရာများကို တွေ့လျှင် ချက်ချင်းပြုပြင်ခြင်းများဆောင်ရွက်ရပါသည်။ ထိုအချိန်အခါက အားပြည့်အင်ပြည့်ဖြင့် ဆောင်ရွက်နိုင် ခဲ့ခြင်းကြောင့် လုပ်ငန်းနှင့်ပတ်သက်၍ အစစအရာရာ အဆင်ပြေခဲ့သည်။ ပတ်ကင်ရိုက် (ဇလီဖားတုံးအောက် ပေါက်ချွန်းဖြင့် ကျောက်ရိုက်သွင်းခြင်း)သည့် ကိစ္စများကို လည်း ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ နောက်ပိုင်း ၁၉၉၃-၁၉၉၄ ခုနှစ်လောက်တွင် လူအသုံးပြုမှု အစား စက်ယန္တယား (Mechanized) လုပ်ဆောင်မှုဖြင့် သွားမည်ဟု မျှော်မှန်းခဲ့သဖြင့် ၄ မိုင် ၁ ဂိုဏ်းလျှင် (၁း၁း၈)မှ (၁း၁း၃)သို့ ဖွဲ့စည်းပုံအင်အားလျှော့ချခဲ့သည်။ ထိုသို့ အင်အားလျှော့ချခဲ့သော်လည်း Mechanized ကို ပီပီ ပြင်ပြင်မသွားနိုင်ခဲ့သဖြင့် သံလမ်းများ၏ကြံ့ခိုင်မှု အားနည်းချက် ဖြစ်ပေါ်ခဲ့ရသည်။


ပိုဆိုးသည်မှာ လျှော့ချထားသည့် ဖွဲ့စည်းပုံ(၁း၁း၃)ကိုပင် လူအင်အားဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ ကျွမ်းကျင် လုပ်သား(Skill Labour)မှာလည်း လျော့နည်းသွားခြင်း ကြောင့် လမ်းပိုင်းများအား ထိရောက်စွာမလုပ်ဆောင်နိုင် သဖြင့် လမ်းပိုင်းအားနည်းချက်များဖြစ်ပေါ်နေရခြင်းဖြစ်ပါ သည်။ လူဖြင့် ဇလီဖားတုံးအောက် ကျောက်ရောက်သွား အောင် ရိုက်သွင်းရသည့်ကိစ္စမှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပါ။ နည်းစနစ်မှန်ရန်လိုအပ်ခြင်း၊ ခွန်အားကို အသုံးပြုရခြင်း၊ ကျန်းမာရေးကောင်းရန် လိုအပ်ခြင်း စသည်ဖြင့် အဘက်ဘက်မှ ပြည့်စုံဖို့လိုပါသည်။ ရှည်လျား လှသာ မိုင်ပေါင်းများစွာကို လူဖြင့် (Manual) လုပ်ရ သဖြင့် ပိုပြီးမလွယ်ကူသည့် ကိစ္စပင်ဖြစ်သည်။


လုပ်သားအများစုမှာလည်း ပင်ပန်းပြီး ငွေအရနည်း သည့်လုပ်ငန်းထက် လူသက်သာပြီး ငွေများများရနိုင်သည့် အလုပ်ဖက်ကို ကူးပြောင်းသွားတတ်ကြသည်။
သို့ဖြစ်လေရာ မြန်မာ့မီးရထား၌ ဖွဲ့စည်းပုံအင်အား လျော့နည်းခြင်း၊ ကျွမ်းကျင်လုပ်သားများ လျော့ပါးသွား ခြင်းတို့သည် လမ်းပိုင်းများ တောင့်တင်းကြံ့ခိုင်မှုအတွက် အားနည်းချက်ဖြစ်ပေါ်ခဲ့ရသည့် အဓိကအကြောင်းအရင်း များပင်ဖြစ်သည်။


ဤအရာကို ကုစားနိုင်ရန်မြန်မာ့မီးရထား၌Packing ရိုက်ခြင်းလုပ်ငန်းနှင့် ၉ ချောင်းဆက် သံလမ်းဆက်ခြင်း လုပ်ငန်းများကို တင်ဒါခေါ်ယူခဲ့ပါသည်။ Packing ရိုက် ခြင်းလုပ်ငန်းကို ပဲခူး-မော်လမြိုင်လမ်းပိုင်း၌လည်းကောင်း၊ ၉ ချောင်းဆက် သံလမ်းဆက်ခြင်းလုပ်ငန်းကို ပဲခူး-မော်လမြိုင်-ရေးလမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့တွင်လည်းကောင်း တင်ဒါခေါ်ယူခဲ့ပါသည်။
ကုမ္ပဏီ ၂ ခုမှ တင်ဒါအောင်မြင်ပြီး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ တင်ပြပါ လမ်းပိုင်းများ၌ ၉ ချောင်းဆက် သံလမ်းဆက်ခြင်းလုပ်ငန်း များကို ကုမ္ပဏီသို့အပ်နှံပြီး ထိထိရောက်ရောက် ဆောင် ရွက်နေခြင်းကြောင့် အချိန်အတိုင်းအတာတစ်ခုတွင် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ် ပါသည်။


လုပ်ငန်းဆောင်ရွက်မှုအား လမ်းပိုင်းနှင့် ဘတ်ဂျက် အခြေအနေပေါ်မူတည်၍ ၃ နှစ် တန်သည်၊ ၄ နှစ် တန် သည် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ၉ ချောင်းဆက် သံလမ်းဆက်ခြင်းလုပ်ငန်းကို တရုတ်နည်းပညာ၊ တရုတ် ကျွမ်းကျင်သူများနှင့် မြန်မာ့မီးရထားအင်ဂျင်နီယာများ ပူးပေါင်းပြီး ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ စတင်လုပ်ဆောင် လျက်ရှိရာ အောင်မြင်မှုလည်း ရရှိခဲ့ပါသည်။ ဆောင်ရွက်ပြီး သော ရထားလမ်းပိုင်းများတွင် ယခင်က ခုန်၊ ဆောင့် သလို ''ခုန်၊ ဆောင့် ခြင်း'' မရှိတော့ကြောင်း စီးနင်းကြည့် ခြင်းဖြင့်သိရှိရသည်။


သံလမ်းများကို ၉ ချောင်းဆက်ဖြင့် လမ်းတစ်လျှောက် လုံးဆက်သွားနိုင်လျှင် ''ခုန်၊ ဆောင့်၊ လူး''အား သိသိသာ သာ ဖြေရှင်းသွားနိုင်မည်ဖြစ်သည်။ သို့ပါသောကြောင့် ဤ ၉ ချောင်းဆက်လုပ်ငန်းသည် ခရီးသွားပြည်သူများ၏ အဓိက ကြုံတွေ့နေရသည့် ''ခုန်၊ ဆောင့်၊ လူး '' ပြဿနာ များကို ထိရောက်စွာဖြေရှင်းပေးသွားနိုင်မည်ဖြစ်၍ ''ပြဿနာများ ဖြေရှင်းပေးမည့် ၉ ချောင်းဆက်'' ဟုသာ ခေါ်ဆိုချင်မိပါသည်။




စောလင်းလက်(ဇွဲကပင်)

No comments:

Post a Comment