Tuesday, February 2, 2016

အန်ဒီမာရေးအားအနိုင်ကစားပြီး သြစတြေးလျအိုးပင်းလက်ရှိချန်ပီယံဘွဲ့ကို ဂျိုကိုဗစ်ခ်ျ ကာကွယ်



The Mirror Daily's photo.


မေလဲ့သင်း - ရေးသားသည်

နှစ်တစ်နှစ်ရဲ့ ပထမဆုံး ဂရင်းစလင်းပြိုင်ပွဲဖြစ်တဲ့ သြစတြေးလျအိုးပင်းရဲ့ လူစိတ်ဝင်စားမှု အများဆုံးအမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁)တင်းနစ်ကစားသမား ဂျိုကိုဗစ်ခ်ျက ကမ္ဘာ့အဆင့်(၂) အန်ဒီမာရေးကို ဗိုလ်လုပွဲမှာအနိုင်ကစားပြီး လက်ရှိချန်ပီယံဘွဲ့ကို အောင်အောင် မြင်မြင်ပဲ ကာကွယ်နိုင်ခဲ့ပါတယ်။ ဂျိုကိုဗစ်ခ်ျက အန်ဒီမာရေးကို ၆-၁၊ ၇-၅၊ ၇-၆(၇-၃)နဲ့ အနိုင်ယူပြီးနောက် သူ့အတွက် ခြောက်ကြိမ်မြောက် သြစတြေးလျအိုးပင်းချန်ပီယံဆုအဖြစ်သာမကပဲ ၁၁ ဆုမြောက်ဂရင်းစလင်း ဖလားအဖြစ်ပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂျိုကိုဗစ်ခ်ျက အခုအချိန်မှာ ဘီယွန်ဘော့ဂ်နဲ့ ရော့ဒ်လေဗာတို့ပြီးနောက် ဂရင်းစလင်းဖလား(၁၁)ဆုအထိရရှိခဲ့တဲ့ တတိယမြောက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

အန်ဒီမာရေးကတော့ သြစတြေးလျအိုးပင်း ဗိုလ်လုပွဲ ငါးကြိမ်စလုံးမှာ အရေးနိမ့်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အဲဒီထဲက လေးကြိမ်ဟာ ဂျိုကိုဗစ်ခ်ျနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါကြောင့် မာရေးက သူ့ရဲ့နည်းပြဟောင်းဖြစ်တဲ့ လန်ဒယ်လ်လို ယူအက်စ်အိုးပင်းမှာ ငါးကြိမ်တိုင် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့် ဂရင်းစလင်းဆုဖလားအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့ ဒုတိယမြောက်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက မှတ်တမ်းကိုကြည့်ရင် ဂျိုကိုဗစ်ခ်ျက ဂရင်းစလင်းဗိုလ်လုပွဲကို ငါးကြိမ်ဆက်တိုက်တက်ရောက်နိုင်ခဲ့ပြီး လေးကြိမ်အထိ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ကာ သုံးကြိမ်ဆက်တိုက် ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ အန်ဒီမာရေးအနေနဲ့ ယခုပွဲမှာ ဂျိုကိုဗစ်ခ်ျရဲ့ လက်စွမ်းကို ဘယ်လိုမှမယှဉ်နိုင်ခဲ့သလို ပထမပွဲငယ်မှာကတည်းက အမှတ်ပြတ်အနေအထားနဲ့ ရှုံးနိမ့်ခဲ့ပြီး ဖိအားအောက်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒုတိယနဲ့ တတိယပွဲငယ်တွေမှာတော့ မာရေးဟာ လက်စွမ်းအနည်းငယ်တည်ငြိမ်လာပေမယ့် တန်ပြန်ရိုက်ချက်တွေမှာ ဂျိုကိုဗစ်ခ်ျကို ယှဉ်ကစားနိုင်ခြင်းမရှိတာကြောင့် အခုလိုအောင်ဖျာလိပ်ခဲ့ရတာဖြစ်ပါတယ်။ဂျိုကိုဗစ်ခ်ျကတော့ အခုမှ အသက်(၂၈)နှစ်ပဲရှိသေးတာကြောင့် ဒီလက်စွမ်းကို ဆက်ထိန်းနိုင်ရင် မကြာခင် အချိန်အတွင်း ဖက်ဒဲရာတင်ထားတဲ့ ဂရင်းစလင်း(၁၇)ဆု စံချိန်ကိုတောင် ကျော်ဖြတ်နိုင်မယ့် အလားအလာတွေကို မြင်တွေ့နေရပါတယ်။

No comments:

Post a Comment