သတင်း - ဆုနှင်းလဲ့
ဓာတ်ပုံ- ဋ္ဌေးအောင်(ကြေးမုံ)
ရန်ကုန် ဇန်နဝါရီ ၃၁
မြန်မာ့အကောက်ခွန်အနေဖြင့်
ယခုနှစ်တွင် ဂျပန်နိုင်ငံ၌ အသုံးပြု နေသော စနစ်များအား အခြေခံကာ
အလိုအလျောက်နည်းသုံး ကုန်စည် ရှင်းလင်းရေးစနစ်MACCS နှင့်
မြန်မာ့အကောက်ခွန် သတင်းအချက် အလက်စနစ်MCIS တို့ကို ၂ဝ၁၆ ခုနှစ်တွင်
စတင်အသုံးပြုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
သွင်းကုန်ထုတ်ကုန်
ရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့် Myanmar e-customs စနစ်အား
ဂျပန်နိုင်ငံ၌ အသုံးပြုဆောင်ရွက်နေသော NACCS (Nippon Automated Cargo and
Port Consolidated System) နှင့် CIS (Customs Intelligence System)
စနစ်များအား အခြေခံကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ
စနစ်များနှင့်အညီ အသုံးပြုဆောင် ရွက်မှုကို ယခုနှစ်အတွင်း စတင်အသုံး
ပြုနိုင်ရန် စီစဉ်လျက်ရှိနေပြီဖြစ်သည်။ အဓိကအားဖြင့် ပြုပြင်ပြောင်းလဲမှု
များစွာဖြင့် ဒီမိုကရေစီနိုင်ငံသစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အားယူ
လျှောက်လှမ်းနေရသော မြန်မာနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ
တစ်နိုင်ငံဖြစ်သည့် အားလျော်စွာ၂ဝ၁၅ တွင် ဖြစ်ထွန်းပေါ်ပေါက်မည့်
အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC)၊
အာဆီယံပြတင်းတစ်ပေါက် စနစ် (ASEAN Single Window-ASW)တို့ကို
အကောင်အထည်ဖော် လိုက်နာဆောင်ရွက်သွားရမည်ဖြစ်သည်။ အာဆီယံပြတင်းတစ်ပေါက်တည်း
စနစ်ကို ဝင်ရောက်ချိတ်ဆက်နိုင်ရေးနှင့် မြန်မာအကောက်ခွန်၏ ထုတ်ကုန်/
သွင်းကုန်ဆိုင်ရာ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဂျပန်နိုင်ငံ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)၏ ပံ့ပိုးကူညီမှုဖြင့်
မြန်မာအလိုအလျောက်နည်းသုံး ကုန်စည် ရှင်းလင်းရေးစနစ် f MACCS နှင့်
မြန်မာ့အကောက်ခွန် သတင်းအချက်အလက် စနစ်MCIS စနစ်တို့
ရေးဆွဲတပ်ဆင်အသုံးပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ဖြင့်
ခေတ်နှင့်အညီ ခေတ်နှင့်လျော်ညီစွာ ခေတ်မီစနစ်များကို
လိုက်လျောညီထွေဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည့်
မြန်မာ့အကောက်ခွန်၏ ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့သည့် သမိုင်းမှတ်တမ်း မှာလည်း
ရှေးမြန်မာမင်းများလက်ထက်ကပင်ဖြစ်ပြီး ရန်ကုန်မြို့တည်သမိုင်းနှင့်
ယှဉ်တွဲတည်ရှိခဲ့သည်ဟု အကောက်ခွန်သမိုင်းမှတ်တမ်းများအရ သိရသည်။
တံငါရွာလေးအဖြစ်မှ ကုန်းဘောင်မင်းဆက်တည်ထောင်သူ အလောင်းမင်း တရားကြီး
ဒဂုံကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၇၅၅ ခုနှစ်မှစတင်ကာ ဆိပ်ကမ်းမြို့အဖြစ်
ရန်ကုန်ဟု မြို့တည်ခဲ့ပြီးနောက်တွင် အကောက်တော်လုပ်ငန်းများကို နားလည်သူ
အာမေးနီးယန်းလူမျိုး Mr. Gregory ကို အကောက်တော်ဝန်အဖြစ်
စတင်ခန့်အပ်ခဲ့သည်။ အလောင်းမင်းတရားကြီး၏နောက် နောင်တော်ကြီးမင်း
လက်ထက်တွင်လည်း Mr. Gregory ကို အကောက်တော်ဝန်အဖြစ် တစ်နှစ်
ဆက်လက်တာဝန်ပေးအပ်ခဲ့ပြီး ပုသိမ်မြို့ဝန်အဖြစ် ပြောင်းရွှေ့တာဝန်ချထား
ခဲ့သည်။ ထိုစဉ်က ရန်ကုန်အုပ်ချုပ်ရေးတွင် မြို့ဝန်က အကြီးအကဲပြု၍
အကောက်ဝန်၊ ရေဝန်၊ စစ်ကဲနှင့် နာခံတော်နှစ်ဦးတို့ဖြင့် အုပ်ချုပ်ခဲ့သည်ဟု
အကောက်ခွန်သမိုင်းမှတ်တမ်းများအရ သိရသည်။
အင်္ဂလိပ်-မြန်မာ
တတိယစစ်ပွဲအပြီး ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီအဖြစ်
ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်လာသော ကုမ္ပဏီများ၊
သင်္ဘောလိုင်းများလည်း များပြားလာခဲ့သည်။ ယင်းသို့ဖြင့် ၂ဝ
ရာစုအစောပိုင်းသို့ ရောက်ရှိလာသောအခါ အကောက်ခွန်လုပ်ငန်းများ
တိုးတက်များပြားလာသဖြင့် လက်ရှိအကောက်ခွန်ရုံးကြီးတည်ရှိခဲ့ရာနေရာ
တွင်ရှိခဲ့သော ရုံးဟောင်းကြီးကို ဖြိုဖျက်ကာ လက်ရှိမြင်တွေ့နေရသော လေးထပ်
အကောက်ခွန်ရုံးသစ်ကြီးကို ၁၉၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၉၁၅ ခုနှစ်
နှစ်ကုန်ပိုင်းတွင်ပြီးစီးခဲ့ကာ အကောက်တော်ရုံးကြီးအဖြစ် ဖွင့်လှစ်
ဆောင်ရွက်ခဲ့သည်။
ထိုသို့
ဆောင်ရွက်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ၁၉၃၇ ခုနှစ်အထိ အိန္ဒိယ နိုင်ငံ၏
ပြည်နယ်တစ်ခုအဖြစ်သာတည်ရှိခဲ့ပြီး ဘဏ္ဍာရေးအောက်မှ အကောက်ဌာနကို ဘုရင်ခံက
တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ အိန္ဒိယမှ
ခွဲထွက်ခဲ့ပြီး ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံအစိုးရသို့
လွှဲပြောင်းပေးခဲ့ပြီး အကောက်တော် အာဏာပိုင်ချုပ်က ကြီးကြပ်ခဲ့သည်။
အကောက်ဝန်၊
လက်ထောက်အကောက်ဝန် အစရှိသည့် အထက်ပိုင်းရာထူးများကို
ဗြိတိသျှလူမျိုးများကိုသာ ခန့်အပ်ခဲ့ကြပြီး ၁၉၄ဝ အောက်တိုဘာ ၁ဝ ရက်တွင်
အကောက်ခွန်ကာကွယ်ရေးအရာရှိ (Preventive Officer-PO) တို့၏ တူညီဝတ်စုံကို
ပြောင်းလဲကာBurma Customs ဟူ၍ သီးခြားခေါ်ဝေါ်စေခဲ့သည်။ ၉၁ ဌာန
အုပ်ချုပ်ရေးကြောင့် မြန်မာလူမျိုးများ အကောက်ခွန်ဌာနတွင်
နေရာရလာခဲ့ကြသည်ဟု သိရသည်။
ရန်ကုန်မြို့
အကောက်တော်ရုံးကြီးအပြင် ဆိပ်ကမ်းမြို့ကြီးများတွင်လည်း
အကောက်တော်ရုံးများကို ဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော် ဗြိတိသျှလက်တွင်းမှ
ဗမာ့လွတ်လပ်ရေးတပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရန်ကုန်မြို့
ဆိပ်ကမ်းများကို ဂျပန်များက သိမ်းပိုက်ခဲ့ပြီး ပင်လယ်ကူးသင်္ဘောများဖြင့်
တင်သွင်းလာသည့် ကုန်ပစ္စည်းများ၊ တင်ပို့မည့် ကုန်ပစ္စည်းများကို ဂျပန်စစ်သား
များကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခဲ့သည်။
ဂျပန်က
ရွှေရည်စိမ်လွတ်လပ်ရေး ပေးခဲ့သည့် ၁၉၄၃ တွင် ဒေါက်တာဘမော်၏ အစိုးရအဖွဲ့
ပေါ်ပေါက်လာ သောအခါ အကောက်ဌာနကိုလည်း အမည်ခံဖွဲ့စည်းပေးခဲ့ပြီး အကောက်
တော်ဝန်အဖြစ် ဗြိတိသျှခေတ်က ရာပြတ်လုပ်ခဲ့သည့် ဦးကိုကိုကြီးဦးဆောင်သော
အကောက်တော်ဌာနချုပ်ရုံးကို ရွှေတောင်ကြားလမ်းမှ အဆောက်အအုံတစ်ခု တွင်
ဖွင့်လှစ်စေခဲ့သည်။ ထိုစဉ်က ကမ်းနားလမ်းရှိ လေးထပ်အဆောက်အအုံ
အကောက်တော်ရုံးကြီးကို ဂျပန်ခေတ်အတွင်း ဂျပန်တို့၏ စစ်ရုံးအဖြစ်
လည်းကောင်း၊ ဂျပန်ကင်ပေတိုင်ရုံးအဖြစ်လည်းကောင်း အသုံးပြုခဲ့ခြင်းကြောင့်
ဖြစ်သည်။
၁၉၄၅
ခုနှစ်တွင် ရန်ကုန်မြို့ကို ဗမာ့တပ်မတော်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး
ဗြိတိသျှတို့ ပြန်ဝင်လာသောအခါ CAS-B Civil Affair Service (Burma) ခေါ်
အိန္ဒိယစစ်ဌာနချုပ် လက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ မြို့ပြအုပ်ချုပ်
ရေးအဖွဲ့က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က
အကောက်တော်ရုံးကြီးတွင် ကူလီအလုပ်သမားများ စခန်းချရာ အဆောက်အအုံကြီးဖြစ်နေ၍
အကောက် တော်ဌာနကို ကမ်းနားလမ်းရှိ ရေဝန်ရုံးကြီး၏ ပထမထပ်တွင် ခေတ္တအခြေ
စိုက်ကာ ဝန်ထမ်းဟောင်းများကို ပြန်လည်စုစည်းခဲ့ရပြီး ၁၉၄၆ ခုနှစ် ဖေဖော်
ဝါရီလ ၁ ရက်တွင် လက်ရှိရုံးကြီး၌ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
လွတ်လပ်ရေးရပြီးသည့်နောက်တွင် မြန်မာ့အကောက်တော်ဌာန ဖြစ်လာခဲ့ပြီး ၁၉၆၂
တော်လှန်ရေးကောင်စီ ဖွဲ့စည်းခဲ့ပြီးနောက် အကောက်တော်ဌာနမှ အကောက်ခွန်ဌာနဟူ၍
ဖြစ်လာခဲ့ကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး လက်အောက်တွင် ထားရှိခဲ့သည်။
ယခုမူ ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်တွင် အကောက်ခွန်ဦးစီးဌာနဟူ၍
ဆက်လက်ထမ်းဆောင်လျက်ရှိသည်။
သက်တမ်းအားဖြင့်မူ
နှစ်ပေါင်း ၁ဝဝ ကို ရောက်ရှိလာပြီဖြစ်သည့် အကောက်ခွန်ရုံးကြီးသည်
ရန်ကုန်မြို့ပြအမွေအနှစ်စာရင်းဝင် သက်တမ်းရင့် အဆောက်အအုံတစ်ခုပင်ဖြစ်သည်။
ခေတ်အဆက်ဆက် စစ်ဘေးဒဏ်များ ကိုလည်း အံတုကာ ဗြိတိသျှကိုလိုနီခေတ်လက်ရာ
အဆောက်အအုံတစ်ခု၏ အထိမ်းအမှတ်လက်ရာများအတိုင်း တည်ရှိလျက်ရှိသည်။
အဆောက်အအုံ၏အပြင်ဘက်
ဆေးသုတ်ခြင်းနှင့် ပြုပြင်ခြင်းများရှိသော်လည်း ရှေးမူမပျက်
လက်ရာထိန်းသိမ်းပြုပြင်ထားရှိပြီး ရန်ကုန်မြို့ပြအမွေအနှစ်
ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု
အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦး၏ ရှင်းပြချက်အရ သိရသည်။
အတွင်းပိုင်းဖွဲ့စည်းမှု၊ မျက်နှာကြက်များနှင့် လေဝင်လေထွက်၊ အလင်းရောင်
ဝင်ရောက်မှုတို့တွင် စနစ်ကျသော ဖွဲ့စည်းမှုဖြစ်ပြီး
လျှပ်စစ်မီးသွယ်တန်းမှုတို့တွင်လည်း ယနေ့တိုင် အသုံးဝင်စွာ အသုံးပြုနေရသည့်
စနစ်ကျသော ပိုက်လိုင်းများဖြင့် သွယ်တန်း ထားပြီး ယခင်လက်ရာများဖြစ်သည့်
ပန်ကာများကိုလည်း တွေ့မြင်နေရဆဲပင် ဖြစ်သည်။ အဆောက်အအုံ၏ အနောက်ဘက်တွင်
ရှေးဟောင်း သံကြောင်လိမ် လှေကားမှာ ယနေ့တိုင်ပင် တည်ရှိနေဆဲဖြစ်၍
အဆောက်အအုံမျက်နှာစာ အရှေ့ဘက်တွင် နှစ်ဖက်ပါ နာရီတပ်ဆင်ထားသည့်
အဖြူရောင်မျှော်စင်ကို လည်း တွေ့မြင်ရမည်ဖြစ်သည်။
ကိုလိုနီခေတ်အဆောက်အအုံများတွင် ကျယ်ဝန်းသော
ဆင်ဝင်အမိုးများပါရှိသည့်အတိုင်း အကောက်ခွန်ရုံးကိုလည်း
ထိုအတိုင်းရှုမြင်ရမည်သာဖြစ်သည်။ ပူပြင်းသောရာသီဥတုဖြစ်သည့်တိုင်
ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများသည် အပူဒဏ်ကို အံတုကာ လေအေးပေးစက်မလို
သဘာဝအတိုင်း နေထိုင်နေကြသည်ပင်ဖြစ်သည်။ ထိုခေတ်က ရန်ကုန်မြို့ပြ
ဖွဲ့စည်းတည်ရှိမှုသည် စနစ်ကျလှပြီး အမြင့်ဆုံး အဆောက်အအုံဟူ၍
ခြောက်ထပ်ရုံးကြီးနှင့် ဗဟိုမီးသတ်မျှော်စင်တို့ဖြစ်သည်ဟု သိရသည်။
မြို့လယ်ရှိ ဆူးလေစေတီတော်ကို ဗဟိုပြုကာ အင်္ဂလိပ်ကိုလိုနီ
လက်ရာများဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ ဗိသုကာအဆောက်အအုံများကို
တလေးတစားဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ကြသည့် ဗိသုကာပညာရပ်၏
အခြေခံကျင့်ဝတ်တစ်ခုဖြစ်သည်ဟု သိရသည်။ လက်ရှိ ကမ်းနားလမ်းရှိ
အကောက်ခွန်ရုံးကြီးမှာလည်း နှစ် ၁ဝဝ တိုင်သည်အထိ ရောက်ရှိလာ ခဲ့ပြီဖြစ်ပြီး
အဆိုပါအဆောက်အအုံကြီးကို ဒီဇိုင်းရေးဆွဲပုံစံထုတ်ခဲ့သည့် ဗိသုကာပညာရှင်မှာ
စကော့ခ်ျလူမျိုး မစ္စတာဂျွန်ဘာ့ခ်ျဆိုသူဖြစ်သည်ဟု သိရသည်။ ဗိသုကာပညာရှင်၏
ခေတ်မီသော အတွေးအမြင်၊ ပတ်ဝန်းကျင် အဆောက်အအုံများအပေါ်
တန်ဖိုးထားအလေးထားတတ်သော အလေ့အထနှင့် စီးပွားရေးအနေအထား၊
ရေမြေရာသီဥတုတို့အပေါ်မူတည်၍ တည်ဆောက် ခဲ့သော ရုံးကြီးကို ခေတ်အဆက်ဆက်
အမွေဆက်ခံကာ လက်ရာမပျက် ထိန်းသိမ်းဆောင်ရွက်ရင်း ဖြစ်တည်ခဲ့သည့်
အကောက်တော်ရုံးကြီးသည်လည်း ယနေ့ အကောက်ခွန်ရုံးကြီးအထိတိုင်
တာဝန်ကျေပွန်နေဆဲ အဆောက်အအုံ ကြီးတစ်ခုပင်ဖြစ်တော့သည်။
No comments:
Post a Comment