Monday, February 1, 2016

(1.2.2016) သတင်းဆောင်းပါး


The Mirror Daily's photo.
အင်ပြည့်အားပြည့် ကူညီကယ်ဆယ်နိုင်ရေးအတွက်
တစ်စတစ်စ ကြိုးစားစုဖွဲ့ပြင်ဆင်လာသော အမြန်လမ်းမကြီး ရဲတပ်ဖွဲ့
=============================================
သတင်းဆောင်းပါး - ခင်မောင်ထွေး
နေပြည်တော်သို့ အစိုးရရုံးဌာနများ ပြောင်းရွှေ့ရုံးစိုက်ချိန်မတိုင်မီ တစ်လနှစ်လအလိုခန့်မှာပင် ကျွန်တော်တို့ ဌာနမှ ကျွန်တော်အပါအဝင် ခုနစ်ဦး ရှေ့ပြေးအဖြစ် နေပြည်တော်သို့ ရောက်ခဲ့သည်။
ထိုစဉ်က နေပြည်တော် သပြေကုန်းအဝိုင်းပင် မပီပြင်သေး။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဆိုရင်ဖြင့် ဝေလာဝေးအဆင့်ပင်။ သို့မို့ကြောင့် အားလပ်ရက် အိမ်ပြန် ချိန်တွင် နှစ်စီးတည်းရှိသေးသည့် ပုဂ္ဂလိကယာဉ်လိုင်းကို အားကိုးလျှင်ကိုး သို့မဟုတ်ပါက မြန်မာ့မီးရထားကိုသာ အားကိုးရွေးချယ်ကြရသည်။
ပုဂ္ဂလိကယာဉ်လိုင်းက လက်မှတ်အခက်အခဲ ရှိသကဲ့ သို့ ရန်ကုန်-မန္တလေး လမ်းဟောင်းမှတစ်ဆင့် မောင်းနှင်ရ ၍ အချိန်အများကြီးပေးရသည်။ သို့ဖြင့် ကျွန်တော်က မြန်မာ့မီးရထားကိုသာ များသောအားဖြင့် အားပြုသည်။
အမြန်လမ်းမကြီး ဖွင့်လှစ်ပြီ
၂ဝဝ၉ ခုနှစ်တွင် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော်လမ်းပိုင်းကို နိုင်ငံတော်က စတင်ဖွင့်လှစ်ပေးခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင်မူ ရန်ကုန်-နေပြည်တော်-မန္တလေး လမ်းပိုင်းတစ်ခုလုံးကို အပြီးတိုင် ဖွင့်လှစ်နိုင်ခဲ့သည်။
အချိန်တိုတောင်းစွာ သွားလာနိုင်ပြီဖြစ်၍ အထက် အညာအကြေအပါအဝင် တောင်ပေါ်မြေပြန့်ဒေသအနှံ့ အပြားမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမပြည်သူများ ပျော်ကြသည်။
ရန်ကုန်နှင့် နေပြည်တော်ကို မနက်သွား မွန်းလွဲ ရောက်၊ မွန်းလွဲသွား ညနေရောက်၊ ညနေသွား ညလယ် ရောက်၊ ညဥ့်ဦးယံသွား အရုဏ်တက်ရောက်၍ ဝန်ထမ်း အများစုက ပိုပျော်ကြသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း
=====================
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသည် (၃၆၆/၃)မိုင် အကွာအဝေးရှိပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး လေးခု၊ ခရိုင် ကိုးခု၊ မြို့နယ် ၁၆ မြို့နယ်၊ ကျေးရွာပေါင်း ၁၅၆ ရွာအား ဖြတ်သန်းဖောက်လုပ်ထား သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကို ၂ဝ၁၂ ခုနှစ် မေ ၂ဝ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်
=================
အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ခရီးသွားပြည်သူများ လုံခြုံချောမွေ့စွာ သွားလာနိုင်ရေး၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း စနစ် တကျရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ လမ်းမကြီး ကြာရှည် စွာတည်တံ့ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရေးတို့သည် အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များပင်ဖြစ်သည်။
ယာဉ်မတော်တဆ ထိခိုက်မှုများ စုံစမ်းဖော်ထုတ် တရားစွဲတင်ခြင်းနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းခြင်း (Accident Investigation and Traffic Enforcement)၊ ရာဇဝတ်မှုများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းနှင့် ဖြစ်ပွားခဲ့သော ပြစ်မှုများ စုံစမ်းဖော်ထုတ်ခြင်း(Proactive Policing and Law Enforcement)၊ ယာဉ်မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရသူများကိုရှေးဦးပြုစုခြင်း၊ ဆေးရုံ/ ဆေးခန်းများသို့ ပို့ဆောင်ကူညီခြင်း (Emergency Respone)၊ အမြန်လမ်းမကြီးတစ်လျှောက်လုံခြုံရေး ဆောင်ရွက်ခြင်း(Traffic Security)၊ လမ်း၊ တံတားများ ပျက်စီးမှုရှိ/မရှိ စစ်ဆေးခြင်း(Maintainence)တို့ကား အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၏ လုပ်ငန်းစဉ်များပင် ဖြစ် သည်။
လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး
==================
အမြန်လမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများ လုံခြုံချောမွေ့စွာ သွားလာနိုင်ရေး၊ အန္တရာယ်ကင်းရှင်းမှုရှိ စေရေး၊ တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တပ်ဖွဲ့မှူးရုံး တစ်ရုံး၊ တပ်ဖွဲ့စုရုံး သုံးရုံး၊ အမြန်လမ်းမကြီးတစ်လျှောက် ပျမ်းမျှ ၂၃ မိုင်လျှင် ရဲစခန်းတစ်ခုနှုန်းဖြင့် ရဲစခန်း ၁၆ ခု၊ ပျမ်းမျှ ၉ မိုင်လျှင် ရဲကင်းတစ်ခုနှုန်းဖြင့် ရဲကင်း ၄ဝ တို့ဖြင့် စုဖွဲ့ဖြန့်ခွဲထားရှိကာ လှည့်ကင်းယာဉ်များ၊ အုပ်ချုပ်မှုယာဉ်နှင့် လူနာတင်ယာဉ်များ၊ ကရိန်းယာဉ်များ စသည့် ရဲတပ်ဖွဲ့ပိုင်ယာဉ်များဖြင့် စနစ်တကျစုဖွဲ့၍ လုံခြုံ ရေးဆောင်ရွက်လျက်ရှိသည်။
အလားတူ အမြန်လမ်းမကြီး တစ်လျှောက်တွင် ညပိုင်းသွားလာလျက်ရှိသော ခရီးသွားယာဉ်ကြီး/ ယာဉ်ငယ် များအား ခဲဖြင့်ပစ်ပေါက်မှု၊ ယာဉ်တိမ်းမှောက်အောင် ပြုလုပ်၍ လုယက်မှုများ အပါအဝင် အခြားသောမသမာမှု များ ကင်းဝေးစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံချောမွေ့စွာသွားလာနိုင်ရေးတို့အတွက် အမြန်လမ်းမ ကြီး ရဲတပ်ဖွဲ့က နေ့/ည တာဝန်များခွဲကာ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဖြင့် တပ်ဖွဲ့ပိုင်မော်တော်ယာဉ် ၄၃ စီးနှင့် ဆိုင်ကယ် (မီးတန်းပါ) ၈၉ စီးတို့ဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ဆောင်ရွက်လျက်ရှိ သည်။
လုံခြုံရေးဖြန့်ခွဲဆောင်ရွက်
=============
အမြန်လမ်းမကြီးတစ်လျှောက် ရဲစခန်းအသီးသီးမှ နေ့ပိုင်း လှည့်ကင်းဆောင်ရွက်ရာတွင် နေ့စဉ် နံနက် ၆ နာရီခွဲတွင် စခန်းမှစတင်ထွက်ခွာခဲ့ပြီး အမြန်လမ်းမကြီး ပေါ်၌ လှည့်ကင်းဆောင်ရွက်ခြင်း၊ ရဲကင်းတစ်ခုနှင့်တစ်ခု နံနက် ၁ဝ နာရီ၊ ညနေ ၄ နာရီ မိုင်တိုင်အလိုက် ဆုံရပ်ထား ရှိ၍ နယ်မြေသတင်းဖလှယ်ခြင်း၊ ရဲကင်းတစ်ခုလျှင် အရာရှိဦးစီး၍ ဆိုင်ကယ်လှည့်ကင်းဖြင့် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ရန်ကုန်-မန္တလေးဘက်နှင့် မန္တလေး-ရန်ကုန်ဘက်ခြမ်း ဆုံရပ် သတ်မှတ်မိုင်တိုင်၌ သတင်းဖလှယ်ဆောင်ရွက်ခြင်း၊ ယာဉ်တင်အသင့်အနေဖြင့် အရာရှိဦးစီး၍ နေ့စဉ်လမ်း ပေါ်၌ စခန်းပိုင် ဧရိယာအတွင်း လှည့်ကင်း/ရပ်ကင်း စနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ညပိုင်းလှည့်ကင်းဆောင်ရွက်ရာတွင်လည်း ရဲစခန်း အသီးသီးစုရပ်မှ နေ့စဉ် ညနေ ၆ နာရီမှ စတင်ထွက်ခွာ၍ ည ၉ နာရီ မှ နံနက် ၂ နာရီအထိ နယ်မြေသတင်းဖလှယ်ခြင်း၊ လှည့်ကင်း/ ရပ်ကင်းဆောင်ရွက်ခြင်း၊ စခန်းမှူးဦးစီးအဖွဲ့က ည ၇ နာရီမှ ည ၁၂ နာရီအထိ လည်းကောင်း၊ ဒုစခန်းမှူး ဦးစီးအဖွဲ့က ည ၁၂ နာရီမှ နံနက် ၆ နာရီအထိလည်း ကောင်း လှည့်ကင်းများဆောင်ရွက်ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိ သည်။
ထို့အပြင် လမ်းမကြီးတစ်လျှောက်ရှိ တံတားများ၊Maintainence များ၊ အရေးကြီး အဆောက်အအုံများကိုလည်း လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိပြီး ရဲစခန်းအသီးသီးမှ တပ်ဖွဲ့ပိုင်ယာဉ်များအား B' Smart ခြေရာခံစနစ်တပ်ဆင်ထားသဖြင့် ရဲစခန်း/ရဲကင်း လှည့်ကင်းယာဉ်များအား သတ်မှတ်မိုင်တိုင်မည်သည့်နေရာ ၌ ရောက်ရှိနေသည်ကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှု Control Center ရှိ တာဝန်မှူးကြီးအဖွဲ့မှ ကြီးကြပ်ခြင်း၊ ရဲစခန်းပိုင်တစ်ခု၌ ထူးခြားဖြစ်စဉ်ဖြစ်ပေါ် ပါက အချိန်မီသွားရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ဆက်သွယ်ညွှန်ကြားခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ယာဉ်သွားလာမှုများပြား
=============
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် နိုင်ငံတော် ၏ လမ်းပန်းဆက်သွယ်ရေးအတွက် ဗဟိုအချက်အချာ အသက်သွေးကြောအဖြစ်ပို၍ ပို၍ပီပြင်လာသကဲ့သို့ ယာဉ်သွားယာဉ်လာ များကလည်း ပို၍ပို၍များပြား ထူပြောလာသည်။
၂ဝ၁၂ ခုနှစ်တွင် ယာဉ်စီးရေ ၃ဝ၉၆၉၂၁ စီး၊ ၂ဝ၁၃ ခုနှစ်တွင် ယာဉ်စီးရေ ၃၇၅၅၉၄၈ စီး၊ ၂ဝ၁၄ ခုနှစ်တွင် ယာဉ်စီးရေ ၄၅၇၄ဝ၈၁ စီးနှင့် ၂ဝ၁၅ ခုနှစ်တွင် ယာဉ်စီးရေ ၅၄၅၄၈၉၄ စီးဖြတ်သန်းသွားလာခဲ့ကြောင်း သက်ဆိုင်ရာက နှစ်အလိုက် မှတ်တမ်းများအရ သိရသည်။
ယာဉ်မတော်တဆမှုများ ကူညီကယ်ဆယ်
တစ်နှစ်ထက်တစ်နှစ်၊ တစ်လထက်တစ်လ ယာဉ် သွားလာမှု ထူထပ်များပြားလာမှုနှင့်အတူ ယာဉ်ကြံ့ ခိုင်မှုအားနည်းချက်၊ ယာဉ်မောင်း၏ အားနည်းချက်များ အပါအဝင် အကြောင်းကြောင်းကြောင့် ယာဉ်မတော်တဆမှု များလည်း ဖြစ်ပွားခဲ့သည်။
၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင်တိုင်အမှတ် (၂၆ဝ/၅) နှင့် (၂၆ဝ/၆) အကြား လင်ခရုဇာယာဉ်တိမ်းမှောက်မှုကြောင့် မိသားစု ငါးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုဖြစ်စဉ်၌ တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ ၅ မိနစ်အတွင်းရောက်ရှိပြီး ၄င်းတို့ ကိုယ်ပေါ်ရှိ လက်ကိုင် ဖုန်းဖြင့် အဆင့်ဆင့်ချိတ်ဆက်၍ ဆွေမျိုးများနှင့်ဆက်သွယ် ပေးနိုင်ခဲ့သည်။ လက်ဝတ်လက်စားများ၊ ငွေကြေးနှင့် အသုံးအဆောင်များကိုလည်း ကာယကံရှင်မိသားစုများထံ ပြန်လည်ပေးအပ်နိုင်ခဲ့သည်။
၂ဝ၁၃ ခုနှစ် မေ ၂၅ ရက် နံနက် ၆ နာရီခွဲတွင် ရန်ကုန်မှမန္တလေးသို့ မောင်းနှင်လာသော မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး မိုင်တိုင်အမှတ် (၁၂၆/၁) ရှိ တံတားအောက်သို့ယာဉ်၏ သုံးပုံနှစ်ပုံ ခါးကျိုးကျမှုကြောင့် ၁၁ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုဖြစ်စဉ်၌ နီးစပ်ရာအမြန်လမ်းမကြီး ရဲစခန်း များမှတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု ပူးပေါင်း၍ ဒဏ်ရာရရှိသူ များအား ယာဉ်အတွင်းမှ ကယ်တင်ခြင်း၊ သေဆုံးသူ အလောင်းများအား သယ်ယူ၍ ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ခြင်းများ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်။
၂ဝ၁၄ ခုနှစ် ဧပြီ ၁၂ ရက် ည ၂ နာရီခန့်တွင် ဖြူးအမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၁၁၆/ ၂) နှင့် (၁၁၆/၃) အကြား၌ နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့ မောင်းနှင်လာသော တောင်ပြာတန်းခရီးသည်တင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနေသော ချီဆာ ဆလွန်းယာဉ်အား တိုက်မိခဲ့ပြီး ယာဉ်နှစ်စီးလုံး မီးလောင် ကျွမ်းခဲ့ခြင်းကြောင့် ချီဆာဆလွန်း ယာဉ်ပေါ်ပါရှိသူ ခြောက်ဦး လုံးသေဆုံးခဲ့သည်။
ယင်းဖြစ်စဉ်၌ ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှူးနှင့် အဖွဲ့က မီးလောင်ကျွမ်းခဲ့သောယာဉ်ထဲမှ တွေ့ရှိသည့် လိပ်စာကတ်၊ ဖုန်းနံပါတ်ဖြင့် မိဘဆွေမျိုးများအား ဆက် သွယ်အကြောင်းကြားနိုင်ခဲ့သည်။
ထို့အပြင်အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့များ၊ နီးစပ်ရာ အမြန်လမ်းမကြီးရဲစခန်းများမှ တပ်ဖွဲ့ဝင်များ၊ နီးစပ်ရာမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့ပြီး မီးအားဝိုင်းဝန်းငြှိမ်းသတ်ခြင်း၊ ဒဏ်ရာရရှိသူများအား ယာဉ်အတွင်းမှ ကယ်တင်ခြင်း၊ သေဆုံးသူ အလောင်းများ အား သယ်ယူခြင်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်။
၎င်းအပြင် ယာဉ်ပေါ်ပါ ခရီးသည်များနှင့် ဒဏ်ရာ ရရှိသူများကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ငွေကျပ် ၂၅ သိန်းတိတိအား ကူညီထောက်ပံ့ပေးခဲ့သည်။
၂ဝ၁၄ ခုနှစ် မေ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် မိုင်တိုင်အမှတ် (၁၉၇/၆) အနီး ရာဇာမင်းခရီး သည်တင်မှန်လုံယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ခုံးကျော် တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် ပါရှိသူ ၁၆ ဦး သေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့သည်။
၎င်းဖြစ်စဉ်၌ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ဦးဆောင် သော တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များအပြင် တပ်မတော်သားများပါ အခင်းဖြစ် နေရာသို့ ရောက်ရှိခဲ့ပြီး ဝိုင်းဝန်းကူညီကယ်ဆယ်ခြင်းနှင့် ဆေးရုံသို့အချိန်မီ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ သည်။
ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများကလည်း နေပြည်တော် ခုတင်(၁ဝဝဝ) ဆေးရုံသို့ သွားရောက်၍ သေဆုံးသူများ၏ ဆွေမျိုးများနှင့် ဒဏ်ရာရရှိသူများအား တွေ့ဆုံအားပေးကာ ငွေကြေး ထောက်ပံ့မှုများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
၂ဝ၁၅ ခုနှစ် မတ် ၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသော မန်းရွှေ မြို့တော် ခရီးသည်တင်မှန်လုံယာဉ်သည် မိုင်တိုင်အမှတ် (၂၄၁/၁)နှင့် (၂၄၁/၂) အကြားအရောက်တွင် လိုက်ထရပ် အဖြူရောင်ယာဉ်အား အနောက်မှဝင်တိုက်မိမှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ကိုရင် ငါးပါး သေဆုံး၊ သံဃာ နှစ်ပါး၊ ကိုရင် ၁၃ ပါးနှင့် အမျိုးသား လေးဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ်တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ဦးစီး သည့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များက အခင်းဖြစ်ရပ်သို့ရောက်ရှိပြီး ဝိုင်းဝန်းကူညီ ကယ် ဆယ်ခြင်းနှင့် ဆေးရုံသို့အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့သည်။
၂ဝ၁၅ ခုနှစ် သြဂုတ်လ ၁ဝ ရက် ညနေ ၆ နာရီ ၁ဝ မိနစ်တွင် ရန်ကုန်မှ လားရှိုးသို့ မောင်းနှင်လာသည့် ရွှေလီဦးခရီးသည်တင်မှန်လုံယာဉ်သည် မိုင်တိုင်အမှတ် (၁၁၅/၁) နှင့် (၁၁၅/၂) အကြားတွင်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ဘာရီယာတုံးများကိုတိုက်မိပြီး လမ်း လယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်မှုကြောင့် ကိုးဦး သေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိသည်။
ဤဖြစ်စဉ်၌ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးပြုပြင်ထိန်းသိမ်းရေး (လမ်းဦးစီးဌာန)အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်သို့ ရောက်ရှိပြီး ဝိုင်းဝန်းကူညီကယ်ဆယ်ခြင်းနှင့် ဆေးရုံသို့အချိန်မီ ပို့ဆောင်ပေးနိုင်ရေးတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အရေးပေါ်ကုသ
=========
အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားသည့် ယာဉ် မတော်တဆမှုများအနက် လူနာများအား ရွှေ့ပြောင်း သယ်ထုတ်နိုင်ရေး၊ နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အချိန်မီပို့ဆောင်နိုင်ရေးအတွက် အမြန်လမ်းမကြီး ရဲတပ် ဖွဲ့မှ လူနာတင်ယာဉ် (Ambulance) ၁ဝ စီးအား စခန်း အသီးသီးတွင် ဖြန့်ခွဲအသုံးပြု ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကြီးမားပြီး ထိခိုက်ဆုံးရှုံးမှုများပြားသော ယာဉ်မတော်တဆမှုဖြစ်စဉ်များတွင် နီးစပ်ရာအမြန်လမ်း ရဲစခန်း၏အင်အားသာမက အမြန်လမ်းမကြီးတစ်လျှောက်ရှိ အမြန်လမ်းရဲစခန်းအင်အားများ ပူးပေါင်းကူညီဆောင် ရွက်ခဲ့ကြသည်။
ဤအခြေအနေမျိုးတွင် အမြန်လမ်းရဲစခန်း၊ အမြန် လမ်းမီးသတ်စခန်းများ၊ အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး (လမ်းဦးစီးဌာန)၊ အင်ဂျင်နီယာအဖွဲ့များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှအဖွဲ့များ၊ ဒေသခံပြည်သူများဖြင့် ပူးပေါင်းကူညီခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံအသီးသီးကလည်း အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးကြသည်။
အချိန်မရွေး၊ နေရာမရွေး
==============
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေ့စဉ် ယာဉ်စီးရေ ပျမ်းမျှ တစ်သောင်းကျော် ဖြတ်သန်းသွားလာ လျက်ရှိရာ ၂ဝ၁၅ ခုနှစ်အတွင်း မော်တော်ယာဉ်စက် ချွတ်ယွင်းမှု ၁၈၅ ကြိမ်၊ မော်တော်ယာဉ် ဆီပြတ်မှု ၇၂ ကြိမ်၊ မော်တော်ယာဉ် ဘီးပေါက်မှု အကြိမ် ၁ဝဝ တို့ကို ကူညီပေးနိုင်ခဲ့ပြီး ခရီးသွားရင်းသေဆုံးသဖြင့် ကူညီမှု သုံးကြိမ်၊ ခရီးသည်စိတ်ငြိုငြင်စေမှုကို ကူညီမှု ၂၂ ကြိမ်၊ ခရီးသည် ကျန်းမာရေးမကောင်းသဖြင့် ကူညီပေးမှု နှစ်ကြိမ် စသည့် အရေးပေါ်ကူညီလိုအပ်မှုများကိုလည်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က အချိန်မရွေး၊ နေရာမရွေး ကူညီဆောင်ရွက်ပေးခဲ့သည်။
မီးငြှိမ်းသတ်နိုင်ရေး
==========
အမြန်လမ်းမကြီးရဲတပ်ဖွဲ့နည်းတူ ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း အမြန်လမ်းမီးသတ်စခန်း ၁၅ ခု ဖွင့်လှစ်ထားရှိပြီး ခေတ်မီ မီးသတ်ယာဉ် ၁၅ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁ဝဝ ခန့် ထားရှိကာ အမြန်လမ်းမကြီးပေါ်တွင် မီးလောင်မှု ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ သွားရောက်ကယ်ဆယ် မီးငြှိမ်းသတ်နိုင်ရေးအတွက် ဖြန့်ခွဲထားရှိပြီးဖြစ်သည်။ ၂ဝ၁၅ ခုနှစ်အတွင်း ယာဉ်များမတော်တဆ မီးလောင်မှု ခုနစ်ကြိမ်ရှိခဲ့ကြောင်းလည်း သိရသည်။
အချိန်နှင့်တစ်ပြေးညီ ကူညီ
==============
ယနေ့အခြေအနေတွင် လူမှုကွန်ရက်(Facebook) စာမျက်နှာအချို့၌ ဖြစ်စဉ်များအား သေချာဂဃနဏမသိရှိ ဘဲ မှတ်တမ်းဓာတ်ပုံများရိုက်၍ သတင်းဦး သတင်းထူး အနေဖြင့် ဆောလျင်စွာ တင်ပြမှုများကြောင့် ခရီးသွား ပြည်သူအချို့ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လေ့ရှိသော် လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေဖြင့် အမြန်လမ်းမကြီး တစ်လျှောက်တွင် ရဲစခန်း၊ ရဲကင်းအသီးသီး စုဖွဲ့ထားရှိသည့် အပြင် တပ်ဖွဲ့ဝင်များကလည်း လမ်းမကြီးပေါ်၌နေ့/ည မပြတ်ရှိနေပြီး ယာဉ်မတော်တဆဖြစ်စဉ်များ၊ အခြားသဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်စဉ်များအား သွားရောက်ကူညီ ဆောင်ရွက်လျက်ရှိသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာသို့ အမြန်ဆုံး ရောက်ရှိခြင်း၊ ဒဏ်ရာရရှိသူများကို စနစ်တကျအချိန်တို အတွင်း ကြည့်ရှုစစ်ဆေးခြင်း၊ အသက်အန္တရာယ်ရှိသူများကို ဦးစားပေးရွေးချယ်ခြင်း၊ ရှေးဦးပြုစုမှုပြုလုပ်ခြင်းနှင့် အနီးစပ်ဆုံးဆေးရုံသို့ အမြန်ဆုံးသယ်ယူပို့ဆောင်စေခြင်း တို့ကိုလည်း တပ်ဖွဲ့ဝင်များကို စဉ်ဆက်မပြတ် သင်ကြား လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်
===============
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အနေဖြင့် အခြားဆက်စပ် ဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်မောင်းအား အရက်မူးတိုင်းကိရိယာဖြင့် တိုင်းတာစစ်ဆေးခြင်း၊ ယာဉ်အောက်ပိုင်းတာယာ၊ ဘရိတ်၊ ရှေ့မီးကြီး၊ အချက်ပြမီး၊ ရှေ့လေကာမှန်ဝိုက်ဘာ ကောင်း/ မကောင်း စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးနှင့် အရေးပေါ် ထွက်ပေါ်အခြေအနေများပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များ မောင်း နှင်ရာ၌ သတိပြုမောင်းနှင်ရမည့် ဆောင်ရန်/ရှောင်ရန် ပညာပေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကိစ္စကြီးငယ်ပေါ်ပေါက်လာပါက အမြန် လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးနှင့် အမြန်လမ်းမကြီးရဲစခန်းများသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အမှတ်(၃)လမ်းဆုံ တိုးဂိတ်၊ ဖြူးတိုးဂိတ်၊ နေပြည်တော်တိုးဂိတ်၊ မိတ္ထီလာ တိုးဂိတ်၊ စကားအင်းတိုးဂိတ်များမှ လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်း၊MRTV, MRTV-4, MWD, SKY NET Police Channel များ၊ နိုင်ငံပိုင်သတင်းစာနှင့် ပုဂ္ဂလိကဂျာနယ်များတွင် ထည့်သွင်းဖော်ပြပေးလျက်ရှိသည့် အပြင် အမြန်လမ်းပေါ်၌ မောင်းနှင်မည့် ယာဉ်မောင်း များအား လမ်းအနေအထား၊ မိမိယာဉ်သွားလာနှုန်း အနေ အထားများကို ယာဉ်မောင်းများသိရှိစေရန် နှိုးဆော်ချက် များ၊ ယာဉ်မောင်းများလိုက်နာရမည့် ယာဉ်စည်းကမ်းများ ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က အသိပေးနှိုးဆော်လျက်ရှိသည်။
အစဉ်အမြဲအသင့်ရှိ
==========
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၏ စက်ချွတ်ယွင်းမှု၊ မော်တော်ယာဉ်ဆီပြတ်မှု၊ မော်တော်ယာဉ် ဘီးပေါက်မှု၊ ခရီးသွားရင်း ကျန်းမာရေးမကောင်း/သေဆုံး သဖြင့် ကူညီခဲ့ရမှု၊ ခရီးသည် စိတ်ငြိုငြင်မှုအား ကူညီပေးမှု နှင့် ခရီးသည်၏ ငွေ/ပစ္စည်းပျောက်ဆုံးမှုတို့ကို ဖော် ထုတ်မှုစသည့် အရေးပေါ်ဆောင်ရွက်ချက်များကိုလည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့က အချိန်မရွေး၊ နေရာမရွေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ခရီးသွား မိဘပြည်သူအပေါင်း၏ သွားလာမှု လုံခြုံချောမွေ့စေရေးနှင့် အရေးပေါ်အခြေအနေများတွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးတာဝန်များ ထမ်းဆောင်နိုင်ရန် အသင့်ရှိနေမည်သာ။ ။

No comments:

Post a Comment