Monday, February 1, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



အသိတရားနှင့်ဆင်ခြင်တုံတရား

မည်သည့်အမှုကိစ္စတို့၌မဆို လုပ်သင့်မလုပ်သင့်၊ ပြောအပ် မပြောအပ် ဆင်ခြင်တုံတရားနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် လူတို့၏ ကိုယ်ပိုင် အသိတရားပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိမိတို့၏ စဉ်းစားတွေးခေါ်မှုနှင့် ဆက်စပ်မှုအရ ဖြစ်ပေါ်လာသော အသိဉာဏ်ပိုင်းဆိုင်ရာ ပစ္စည်းပင်ဖြစ်ပါသည်။ ထိုအသိတရား၊ အသိဉာဏ်ပိုင်းဆိုင်ရာ ပစ္စည်းသည် လူသားတစ်ဦးချင်းစီ၏ဘဝဖြစ်ပေါ် တိုးတက်မှုနှင့် ဆက်စပ်လျက်ရှိပါသည်။
အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် ရုတ်တရက် ဖြစ်ပေါ်လာသော အမှုကိစ္စများ၊ ပြဿနာများနှင့် အခက်အခဲများ ကို ရင်ဆိုင်ကျော်လွှားရာတွင် အစွမ်းထက်သော လက်နက် သဖွယ် အသုံးဝင်လှပါသည်။ လူတို့၏ဘဝလမ်းကြောင်း ဖြောင့် မတ် မှန်ကန်ရေးအတွက် တည့်မတ်ပေးနိုင်စွမ်းရှိပါသည်။ ကျွန်ုပ်တို့လူသားများသည် ပုထုဇဉ်များဖြစ်ကြသည့်အလျောက် ရံဖန်ရံခါလောကဓံ၏ရိုက်ခတ်မှုကို ကြုံကြရလေ့ရှိပါသည်။ ထိုအခါ အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် လောကဓံ ၏ ရိုက်ခတ်မှုကိုကြံ့ကြံ့ခံ တွန်းလှန်နိုင်စွမ်းရှိပါသည်။
အသိတရားဟူသည် လုပ်သင့်မလုပ်သင့်၊ ပြောသင့်မပြော သင့် စဉ်းစားတွေးခေါ်ပြီး လုပ်သင့်သည့်အခါ လုပ်ခြင်းဖြစ်ပြီး ပြောဆိုသင့်သောအခါတွင်လည်း ပြောဆိုမှုပင်ဖြစ်ပါသည်။ ဆင်ခြင်တုံတရားမှာမူ ဖြစ်ပေါ်လာသော အမှုကိစ္စတို့အပေါ် ကျိုးကြောင်းဆက်စပ် တွေးခေါ်လုပ်ကိုင်ပြောဆို ဆောင်ရွက်မှုပင် ဖြစ်ပါသည်။ အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် သဘော တရားချင်း ဆင်တူသလိုရှိပါသည်။ အသိတရားသည်မဖြစ်သေး သော အမှုကိစ္စများ၊ ဖြစ်လတ္တံ့သော အခြေအနေတွင် စဉ်းစား တွေးခေါ် လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ ဆင်ခြင်တုံ တရားမှာမူ ဖြစ်ပြီးသောအမှုကိစ္စတစ်ခုအပေါ် အကောင်းဆုံး စဉ်းစားဆုံးဖြတ် လုပ်ကိုင်မှုပင်ဖြစ်ပါသည်။
လောကတွင် အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့ စွာ ပြုမူပြောဆိုမှု၊ လုပ်ကိုင်ဆောင်ရွက်မှုတို့ကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည်များဖြစ်ပွားလျက်ရှိပါသည်။ မပြောသင့်သော စကားကိုပြောဆိုမိ၍ အကျိုးစီးပွားကို ဆုတ်ယုတ်သွားနိုင် ပါသည်။ ထို့အတူ မလုပ်သင့်သောအရာကို လုပ်မိခြင်းကြောင့် ဘဝတစ်လျှောက်လုံး အမှားမှားအယွင်းယွင်း ရင်ဆိုင်ရတတ် ပါသည်။ ဆင်ခြင်တုံတရားမဲ့စွာ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် အကျိုးယုတ်စေနိုင်ပါသည်။ အမေရိကန်တရားသူကြီးချုပ်ဟောင်း အားလ်ဝါရန်ဆိုသူက တရားမျှတမှု အသက်ဝင်ရှင်သန်နေခြင်းသည် ဥပဒေပြဋ္ဌာန်းချက်များကြောင့် မဟုတ်ဘဲ အသိတရားကြောင့် ဖြစ်ကြောင်း ပြောဆိုဖူးပါသည်။ လူတို့၏အသိတရားရှိမှုသည် ကြီးပွားတိုးတက်မှုတိုင်းအတွက် အလွန်ပင်အရေးကြီးပါသည်။ သို့ဖြစ်၍ လူတိုင်းလူတိုင်း မည်သည့်အမှုကိစ္စတို့၌မဆို အသိ တရားနှင့် ဆင်ခြင်တုံတရားများ လက်ကိုင်ထားပြီး လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက ဘဝတွင် အခက်အခဲများကိုကျော်လွှားပြီး အောင်မြင်တိုးတက်ကြီးပွားခြင်း၏ အခြေခံအကြောင်းတရားများ ပင်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment