Sunday, January 31, 2016

ရွှေလှံဗိုလ်မြစ်ရေတင်မှ ရေအသုံးပြုသူများကိုပိုမိုအသုံးပြုနိုင်ရန်စနစ်တကျ ဖွဲ့စည်း၍ရေးပေးမည်

သတင်းနှင့်ဓာတ်ပုံ ၊အောင်မင်း(စဥ့်ကိုင်)

စဥ့်ကိုင် ဇန်နဝါရီ ၃ဝ

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင် မြို့နယ် ရွှေလှံဗိုလ်ဒေသ စိမ်းလန်း စိုပြည်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးစီမံကိန်းအတွင်းရှိ တောင်သူဦးကြီး များကို ရေဆုံးရေဖျားထိ ညီမျှစွာ ရေပေးဝေနိုင်ရေးအတွက် ကျေးရွာ အလိုက်၊ မြောင်းအလိုက်တောင်သူ များကို ရေအသုံးပြုသူများအဖွဲ့
(Water User Groups-WUG) အဖွဲ့များဖွဲ့၍ စနစ်တကျရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ရေအသုံးပြုသူများအဖွဲ့(WUG)ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ သီးနှံများ ရေလိုအပ်မှုကို ပြည့်မီ အောင် ရေပေးနိုင်ရန်၊ ကုန်ကျစရိတ် များစွာဖြင့် ဆောင်ရွက်ယူရသည့် လျှပ်စစ်မြစ်ရေတင်ရေများကို ပိုမို အကျိုးရှိအောင် စီမံအသုံးပြုတတ်ရန်၊ ရေပေးဝေမှု၊ ရေပေးသွင်းမှုနှင့် စိုက်ကွင်းများ၌ ရေသုံးစွဲမှုတို့မှ ရေ အလဟဿဆုံးရှုံးမှုများကို လျှော့ချနိုင် ရန်၊ ပိုမိုကောင်းမွန်သော ရေပေးဝေ နည်းများ ပြောင်းလဲအသုံးပြုတတ်ရန်၊ စိုက်ကွင်းများ ရေနစ်မြုပ်မှုမရှိအောင် ဆောင်ရွက်ရန်၊ စိုက်ကွင်းများမှ ပိုလျှံ ရေများနှင့် နုတ်ရေများကို ပြန်လည် အသုံးပြုတတ်ရန်၊ စိုက်ကွင်းများသို့ ရေလိုအပ်ချက်နှင့်အညီ အချိန်ကိုက် ရေပေးဝေနိုင်ရန် ရေစီမံခန့်ခွဲမှု အတွက် ကျသင့်သည့်ရေခွန်များကို အုပ်စုအလိုက် စီမံခန့်ခွဲနည်းဖြင့် စုဆောင်းပေးသွင်းနိုင်ရန်၊ တူးမြောင်း နှင့် ဆက်စပ်အဆောက်အအုံများအား စီမံခန့်ခွဲခြင်း၊ လည်ပတ်ခြင်းနှင့် ထိန်းသိမ်း စောင့်ရှောက်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်၊ ရေအသုံးပြုသူ တောင်သူလယ်သမား များမှ တက်ကြွစွာ ပူးပေါင်းဆောင် ရွက်ကြရန်၊ မှန်ကန်သော မြေယာ အသုံးပြုမှု ဖြစ်ထွန်းလာအောင် ဆောင်ရွက်ရန်၊ စိုက်ပျိုးရေးနည်း စနစ်များ ပိုမိုတိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ရန်၊ စိုက်ကွင်း များ စီမံခန့်ခွဲမှုနည်းပညာများ တိုးတက်အောင် ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

''မြစ်ရေတင် ရေပေးဝေရေး လုပ်ငန်းဟာ အခြားဆည်မြောင်းက ရေတွေလို သိုလှောင်ထားတဲ့ရေတွေ ကို ရေတံခါးဖွင့်လွှတ်ပေးရုံနဲ့ ပြီးစီးတဲ့ အနေအထားမျိုးမဟုတ်ပါဘူး။ ဒုဋ္ဌ ဝတီမြစ်ထဲကရေကို ရွှေလှံဗိုလ်ကန် ကြီးထဲရောက်အောင် ရေမောင်းတင် ရင် တစ်ဧကပေကို ငွေကျပ်ငါးသောင်း ကျော် မြန်မာ့လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးဌာနကို ပေးသွင်းရပါ တယ်။ နတ်ရေကန်အထိ ရောက် အောင် နောက်တစ်ဆင့်တင်ရင် တစ် ဧကပေအတွက် စုစုပေါင်းငွေကျပ် တစ်သိန်းကျော် လျှပ်စစ်ဓာတ်အားခ ပေးချေရပါတယ်။ ပူပြင်းတဲ့နွေရာသီ မှာရေကန်ကြီးရဲ့ အငွေ့ပြန်မှုက ၂၄ နာရီအတွင်း တစ်လက်မကျော် ရေ အမှတ်များအောက် ကျဆင်းသွားပါ တယ်။ ဒါကြောင့် ကျွန်တော်တို့က ကန်ကြီးအတွင်းမှာအဆက်မပြတ် ရေမောင်းတင်ထားခြင်းမပြုလုပ်ပါဘူး။ သူ့မြောင်းအလိုက် သူ့ရေပတ်နဲ့သူ ရေအသုံးချသူများအဖွဲ့ရဲ့ အစုအဖွဲ့ အလိုက် ရေတောင်းခံလွှာများ (Crop Water Requirement Demands) အပေါ်မူတည်ပြီး ဒုဋ္ဌဝတီမြစ်ထဲက ရေတွေကို ရွှေလှံဗိုလ်ကန်ကြီးအတွင်း နှစ်ရက်၊ သုံးရက် ကြိုတင်စုဆောင်းပြီး မှ လိုအပ်သလို ဖြန့်ဝေပေးတာ ဖြစ် ပါတယ်။ မီဒီယာသမားတွေလေ့လာ ဖော်ထုတ်သလို အစွန်အဖျားဒေသ တွေကို ရေမရောက်တာဟာ အထက် ဘက်ကလူတွေကမိမိစိုက်ခင်းအတွင်း ရေရပြီး ရေမပိတ်ပေးဘဲ ပေါ့ဆစွာ အသုံးပြုကြတာများလို့ ဖြစ်ရတာပါ။အခုလို မြောင်းအလိုက် ရေအသုံးပြု သူတွေ အဖွဲ့ဖွဲ့ပြီး မြောင်းတစ်မြောင်း ကို ခေါင်းဆောင်တစ်ဦး ရွေးချယ်ကာ တောင်သူအချင်းချင်း ညှိနှိုင်းအသုံးပြု မယ်ဆိုရင် အစွန်အဖျားကလူတွေ အထိ စိုက်ပျိုးရေသောက်နိုင်အောင် စီစဉ်ပေးတာဖြစ်ပါတယ်။ ဆောင်း သီးနှံ ရိတ်သိမ်းပြီးနောက် နွေသီးနှံ မစိုက်ပျိုးမီ ရေခေါ်မြောင်းပေ တစ်သောင်းကျော်ကို စက်ယန္တရား ကြီးတွေနဲ့ နုန်းတွေကို တူးဖော်ပြုပြင် နေပါတယ်။ နတ်ရေကန်ရေလွှဲ ဆည်က ထွက်တဲ့ရေပေးမြောင်းတွေ ကိုလည်း သဲနုန်းဆယ်ယူမှုလုပ်ငန်း တွေဆောင်ရွက်နေပါတယ်။ ရွာ သာယာမှာလည်း ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ လိုအပ်ချက် တွေကို ထောက်ပြပေးတဲ့ မီဒီယာ သမားတွေကိုလည်း ကျေးဇူးတင်ပါ တယ်''ဟု ကျောက်ဆည်ခရိုင် ရေ အရင်းအမြစ် အသုံးချရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်နိုင်က ပြောပြ သည်။

မြစ်ရေတင်စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်သည့် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်နောက်ပိုင်း ၂ဝ၁ဝ-၂ဝ၁၁ မှစ၍ တစ်နှစ်ထက်တစ်နှစ် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလာနိုင်ပြီး သီးထပ်၊ သီးညှပ်များ စိုက်ပျိုးကာ သုံးသီးစား စိုက်ပျိုးလာနိုင်ကြောင်း၊ စီမံကိန်း ဧရိယာအတွင်းရှိ ဒေသ များကို စိုက်ပျိုးရေအတွက်သာမက သောက်ရေသုံးရေကန်များနှင့် ကျွဲ၊ နွား သောက်သုံးရေကန်များကို တည် ဆောက် အကျိုးပြုနိုင်ခဲ့ကြောင်း၊ ကန်ကြီးအတွင်း အမြဲရေမပြတ် အောင် ဖြည့်ပေးနေသောကြောင့် မကြာမီမြေအောက်ရေဓာတ်များ ပျံ့ နှံ့ကာ ဒေသတစ်ခုလုံးစိမ်းလန်းစိုပြည် လာတော့မည်ဖြစ်ကြောင်း၊ လာမည့် နွေရာသီစိုက်ပျိုးသီးနှံများ အတွက် နွေစပါး ဧက ၅၈ဝ(စုပေါင်းလယ်ယာ ဧက၁ဝဝအပါအဝင်)၊ ပဲတီစိမ်း ဧက ၁ဝဝဝနှင့် နွေနှမ်းဧက ၃၅ဝတို့ကို စိုက်ပျိုးရေလုံလောက်စွာ ဖြန့်ဝေပေး နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ရေအသုံးပြုသူတောင်သူများ အနေ ဖြင့်လည်း နိုင်ငံတော်က ငွေအကုန် အကျခံကာ ဖြန့်ဝေပေးနေသော မြစ် ရေတင်ရေများကို အလေအလွင့်မရှိ အောင် ညီညွတ်မျှတစွာအသုံးပြုကြရန်လိုအပ်ကြောင်း တာဝန်ခံအင်ဂျင် နီယာ ဦးဌေးလွင်က ပြောကြား သည်။

ရေဂါလန်၂၇ဝဝဝဝ ကို တစ်ဧက ပေသတ်မှတ်ကြောင်း၊ တစ်ဧကပေ အတွက် မီတာခမှာ ၅၃၂၇၉ ကျပ်ခန့် ပေးသွင်းရကြောင်း တောင်သူများ ထံမှ စပါးတစ်ဧကအတွက် ရေခွန် ငွေကျပ် ၆ဝဝဝ နှုန်း ကောက်ခံ ကြောင်း၊ မြောင်းအလိုက်ခေါင်းဆောင် တင်ထားသူများထံမှတစ်ဆင့် စုစည်း ကောက်ယူ ပေးသွင်းကြရကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြသည်။

No comments:

Post a Comment