Sunday, February 28, 2016

(28.2.2016) ကြေးမုံစာတည်းရှုထောင့်



ဖွံ့ဖြိုးတိုးတက်မှုအလင်းရောင်

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မည်ဆိုလျှင် ထိုနိုင်ငံသားများ လျှပ်စစ်ဓာတ်အားကို   မည်မျှအသုံးပြုနိုင်သည့်အပေါ်တွင်လည်း မူတည်ပေသည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းက ၄င်းတို့၏နိုင်ငံသားများ လျှပ်စစ်ဓာတ်အား လုံလောက်စွာအသုံးပြုနိုင်အောင် နိုင်ငံ၏ကြွယ်ဝသည့် သယံဇာတများနှင့်   ပိုင်ဆိုင်သည့်နည်းပညာ၊    အရင်းအနှီးများအပေါ် မူတည်၍ အစွမ်းကုန်ထုတ်လုပ်ကြသည်။

မြန်မာနိုင်ငံ၏ တစ်ချိန်သောကာလက နိုင်ငံသားများ လျှပ်စစ်ဓာတ် အားသုံးစွဲနိုင်မှုနှင့်  မျက်မှောက်ကာလ   လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု   အခြေအနေကို ကြည့်မည်ဆိုလျှင် ယခင်နှင့်မတူ များစွာတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ချိန်သောကာလက  ကျေးလက်ဒေသများဆိုလျှင် အမှောင်အတိကျနေပြီး  နယ်မြို့များဆိုလျှင်  လျှပ်စစ်မီး  လာတစ်ချက်၊ မလာတစ်ချက်နှင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သုံးစွဲကြရသည်။

ရန်ကုန်မြို့ကြီးဆိုလျှင် လျှပ်စစ်မီးများ နေ့စဉ်ပျက်တတ်သည့်အလေ့ရှိပြီး မြို့နယ်အလိုက်  အလှည့်ကျဓာတ်အားပေးသည့်စနစ် ရှိခဲ့သည်။   ယခု ရန်ကုန်မြို့တွင်  မီးပြတ်မှုမရှိသလောက်နည်းပါးသွားပြီး  မြို့နယ်အားလုံး လျှပ်စစ်မီးရောင်ဖြင့်  တစ်ညလုံး လင်းလက်နေပြီဖြစ်သည်။  မန္တလေးမြို့ကြီး ဆိုလျှင်  လျှပ်စစ်မီးခဏခဏလာသည်ဟု   မန္တလေးသားတို့ ရယ်ရွှင်ဖွယ် ပြောဆိုတတ်ကြပြီး  ယခုအခါ  လျှပ်စစ်မီးအချိန်ပြည့်ရရှိနေပြီဖြစ်သည်။

ယခုအခါ မြို့ပြများတွင်သာမက ကျေးလက်ဒေသအချို့နေရာများတွင်ပါ လျှပ်စစ်မီးရရှိနေသည်ကို  ညအချိန်ခရီးသွားကြည့်လျှင် မြင်တွေ့ရမည်ဖြစ်သည်။ ထိုသို့လျှပ်စစ်ဓာတ်အား  လွှမ်းခြုံရရှိနိုင်စေရန်အတွက် နိုင်ငံတော်က  လျှပ်စစ် ဓာတ်အားရရှိရေးကို   နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်း  ဆောင်ရွက်ပေးနေသည်ကိုလည်း  တွေ့ရသည်။ သို့သော်  တစ်နိုင်ငံလုံးအတိုင်း အတာအားဖြင့်  ပြည့်စုံအောင်ရရှိနိုင်ရေးအတွက်    လိုအပ်မှုများရှိနေ သေးသည်။

မြန်မာနိုင်ငံသားများအနေဖြင့်  မြို့ကြီးများရှိ အများသူငါဆိုင်ရာ နေရာများတွင်  လျှပ်စစ်ဓာတ်အားကို အလျှံပယ်သုံးစွဲကြပြီး ကျန်ကိုယ်ပိုင်နေအိမ် သုံးအနေဖြင့် ကုန်ကျစရိတ်သက်သာအောင် ခြိုးခြံချွေတာသုံးစွဲကြသည်။ မြန်မာနိုင်ငံရှိ  လူတစ်ဦး လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာ ဆန်းစစ်ချက်များ အရ ၂၂၂ ကီလိုဝပ်သာရှိသည်ဟု သိရသည်။  အမေရိကန်နိုင်ငံတွင် လူတစ်ဦးလျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၁၃ဝဝဝ အထိသုံးစွဲနိုင်သော အခြေအနေရှိရာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်သောကြောင့်တည်း။

နိုင်ငံတစ်နိုင်ငံ၏   လျှပ်စစ်ဓာတ်အားရရှိမှုသည် ထိုနိုင်ငံ၏ဓနဥစ္စာကြွယ်ဝမှုနှင့် တိုက်ရိုက်သက်ဆိုင်ပြီး  ကုန်ကျစရိတ်ကျခံနိုင်မှုအပေါ်တွင်  မူတည်၍ လျှပ်စစ်ဓာတ်အား   အနည်းအများသုံးစွဲနိုင်သည်။ ဓနဥစ္စာကြွယ်ဝမှုသာမက နည်းပညာနှင့်   တစ်နိုင်ငံလုံးကျယ်ပြန့်မှုအတိုင်းအတာအရ  ထုတ်လုပ်မှု၊ ပို့လွှတ်မှုနှင့်  ဖြန့်ဖြူးမှု အပိုင်းသုံးပိုင်းစလုံး  ဟန်ချက်ညီအောင်ဆောင်ရွက် ရသဖြင့်  အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်သည်။

ဒီမိုကရေစီအစိုးရသက်တမ်းမတိုင်မီက  လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ကျပ်ငွေ ၁၇၇  ဘီလီယံသာသုံးစွဲနိုင်ခဲ့သော်လည်း  ယခုဘဏ္ဍာရေးနှစ်တွင် ၅၉၃ ဘီလီယံအထိ  ငါးနှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု  သုံးဆကျော်ပိုမို အသုံးပြုခဲ့ကြောင်း သိရသည်။ စက်တပ်ဆင်အားမှာ  ငါးနှစ်ကျော်အစကာလက မဂ္ဂါဝပ် ၃၄ဝဝ ခန့်ရှိရာမှ ယခုဘဏ္ဍာနှစ်တွင် ၅ဝ၈၉ မဂ္ဂါဝပ်အထိတိုးမြှင့် ထုတ်လုပ်လာခဲ့ရာ     ယခုကဲ့သို့ မြို့ပြနှင့်နယ်မြို့နယ်များအထိပါ   လျှပ်စစ်ဓာတ်အား  ဖြန့်ကြက်ရောက်ရှိသွားခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင်  နိုင်ငံ့အင်အားတစ်ခုတည်းနှင့် စွမ်းဆောင် နိုင်မည်မဟုတ်သောကြောင့်  ဓနအင်အားတောင့်တင်းပြီး  လုပ်နိုင်ကိုင်နိုင်ရှိသော ကုမ္ပဏီများနှင့်   အကျိုးတူပူးပေါင်းလုပ်ကိုင်ကြရသည်။   ယင်းသို့ လုပ်ကိုင်သောကြောင့်လည်း  ယခုအခါ လျှပ်စစ်ဓာတ်အားများ ယခင်နှင့်မတူ တိုးတက်ရရှိလာပြီး   ပြည်သူများနေ့စဉ်လိုအပ်သည့်  လျှပ်စစ်မီးများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ   ပြည်သူများလျှပ်စစ်ဓာတ်အား  သုံးစွဲနိုင်မှုပမာဏသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို     ထင်ဟပ်ဖော်ပြနေသောကြောင့်  လျှပ်စစ် ဓာတ်အားရရှိရေးကို   နည်းလမ်းပေါင်းစုံဖြင့်   ကြိုးပမ်းဆောင်ရွက်နေကြောင်း  နားလည်သိရှိကြမည်ဟု  ယုံကြည်ပါသည်။

No comments:

Post a Comment