ဘားအံ ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ် ဘားအံမြို့တွင် နိုင်ငံခြားသား ဝင်ထွက်သွားလာမှု များပြားလျက်ရှိရာ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားလျက်ရှိသော ဝါး၊ ကြိမ်၊ ဗေဒါဖြင့် ပြုလုပ်ထားသော အခြေခံလူသုံးကုန် လက်မှုထည်များ ပြုလုပ်နည်းသင်တန်းကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ ရာ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းတွင် ဘားအံ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား သင်တန်းသူ ၃ဝ တက်ရောက်သင်ကြားခဲ့ပြီး ဝါးဖြင့်ပြုလုပ်သော မှန်တင်ခုံ၊ ကြည့်မှန်ပေါင်၊ သွားကြားထိုးတံထည့် ဘူး၊ ယင်းလိပ်ပုံစံ ရေနွေးအိုးတင် အပူခံပြား၊ တစ်သျှူးဘူး၊ ဝါးနှီးဖြင့် ပြုလုပ်ထားသော ပိုက်ဆံထည့်အိတ်၊ ဝါးနှင့်ကြိမ် ရောစပ်ပြုလုပ်ထားသော ပန်းအလှထည့်ခြင်း၊ ကြိမ်နှင့် ဗေဒါ ရောစပ်ပြုလုပ်ထားသော ဘောပင်၊ ခဲတံထည့်ခွက် အမျိုးအစား ရှစ်မျိုးကို လှပသေသပ်စွာ ပြုလုပ် နည်းများကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၆ ရက်ထိ ၁၂ ရက်တိုင်တိုင် အခမဲ့ သင်ကြားပေးခဲ့ရာ သင်တန်းသား သင်တန်းသူများအနေဖြင့် တတ်မြောက် အောင်မြင်ပြီး လက်မှုထည် (Hand Made)များကို ပြုလုပ်ရောင်းချခြင်းဖြင့် ဝင်ငွေရရှိမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ဘားအံမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းအုပ် ဒေါ်ဧကရီ အောင်အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ရာ သင်တန်းသား သင်တန်းသူများ၏ ကိုယ်စားသင်တန်းသူတစ်ဦးက လက်ခံရယူသည်။
ကိုမျိုးလွင်(ဘားအံ)
No comments:
Post a Comment