Tuesday, February 2, 2016

(2.2.2016)ကြေးမုံ စာတည်းရှုထောင့်



ကောင်းကင်ပြာကို မည်သူဆေးခြယ်

ကျွန်ုပ်တို့ကမ္ဘာမြေမှအပေါ်ကိုမျှော်ကြည့်လျှင် မြင်တွေ့ရသောအရာမှာ အပြာရောင်မိုးကောင်းကင်ကြီး ဖြစ်ပါသည်။  မိုးသားတိမ်လိပ်ကင်းစင်သည့် အခါကာလများတွင် အပြာရောင်မိုးကောင်းကင်ကြီးကို  ရှုမဆုံးတွေ့နိုင်သည်။ ထိုပြာလဲ့လဲ့မိုးကောင်းကင်မှ သန့်ရှင်းသောလေတို့ကို ကျွန်ုပ်တို့လူသားများ ရှူရှိုက်ကာ အသက်ရှင်သန်ရပ်တည်နေကြပါသည်။

ယခုအခါ မိုးသားတိမ်လိပ်မရှိသော ရာသီကာလများတွင် အပြာရောင် မိုးကောင်းကင်မှာ မီးခိုးရောင်မြူများဖြင့်  အုံ့မှိုင်းလွှမ်းခြုံနေသည်ကို အချို့နိုင်ငံများတွင်   ကြုံတွေ့လာရပါသည်။   ဤသို့ဖြစ်လာသည်မှာ           ကောင်းကင်ပြာသည် သူ့အလိုလိုအရောင်ပြောင်းသွားခြင်းမဟုတ်။ ကောင်းကင် တစ်ခွင်ကို မသန့်ရှင်းသော မြူခိုး၊မြူငွေ့များဖြင့် လူတို့ကအရောင်ခြယ်ခဲ့ သောကြောင့် ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပါသည်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက တရုတ်နိုင်ငံ ပေကျင်းမြို့တော်  ကောင်းကင် တစ်ခွင်ဖုံးလွှမ်းခဲ့သည့် အနံ့ဆိုးမီးခိုးမြူများမှာ ဆေးလိပ်သောက်ခွင့်ပြုထားသည့် အခန်းအတွင်းမှလေထက်ညစ်ညမ်းပြီး  သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေခဲ့သည်ဟု သိရပါသည်။ မကြာသေးမီကာလကလည်း ပေကျင်းမြို့တော်တွင် မြူခိုးဖုံးလွှမ်းမှုကို အနီရောင်အဆင့်ပင် သတ်မှတ်ထား ခဲ့သည်။

ထိုကဲ့သို့ ကောင်းကင်ပြာတစ်ခွင်ကို အရောင်ခြယ်ခဲ့သော  အဓိက   လက်သည်မှာ ပေကျင်းမြို့တော်ပတ်ဝန်းကျင်တွင်ရှိသည့်  ကျောက်မီးသွေးစက်ရုံ ၂ဝဝ နှင့် မော်တော်ယာဉ် ငါးသန်းကျော်တို့က ထွက်လာခဲ့သည့် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ သို့မဟုတ် ဖန်လုံအိမ်ဓာတ်ငွေ့တို့ကြောင့်ဖြစ်သည်။ ကောင်းကင်အရောင်ပြောင်းခြင်းမှာ လေထုညစ်ညမ်းခြင်းကြောင့်ဖြစ်ပြီး ထိုလေကို ရှူရှိုက်မိသော ပြည်သူများသည် ရင်ကျပ်ဝေဒနာမှတစ်ဆင့် ရောဂါ ပေါင်းစုံကို ရရှိစေသည်။

တရုတ်နိုင်ငံကောင်းကင်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်နှုန်းသည် ကမ္ဘာ့အခြားနိုင်ငံများ၏ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်နှုန်း၏ သုံးပုံ၊ နှစ်ပုံရှိ နေသည်။ စက်မှုထွန်းကားသောနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံများက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို နှစ်စဉ် တန်ချိန် သန်း ၆ဝ လျှော့ချနေသောအချိန်တွင် တရုတ်နိုင်ငံက တန်ချိန် သန်းပေါင်း ၅ဝဝ တိုးတက်ထုတ်လုပ်နေသည်မှာ ၄င်းတို့နိုင်ငံအတွက်သာမက  ကမ္ဘာ့နိုင်ငံများကိုပင် ခြိမ်းခြောက်နေသကဲ့သို့ဖြစ်နေသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးတစ်ဟုန်ထိုးဆောင်ရွက်နေချိန်တွင် ဘေးထွက်ဆိုးကျိုးများ ပြန်လည်ရိုက်ခတ်ခြင်းကို ပြည်သူများခံစားကြရသည်။

ထို့ကြောင့် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းက   ပတ်ဝန်းကျင်မပျက်စီးရေးကို  ကျယ်ကျယ်လောင်လောင်   ပြောဆိုနေကြပြီး  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးစက်ရုံများ  တည်ဆောက်မှုကို       အားမပေးသော်လည်း အိမ်နီးချင်းနိုင်ငံဖြစ်၍ လေထုမညစ်ညမ်းစေရန် သတိထားနေရသည်။ တရုတ်နိုင်ငံကဲ့သို့ ကောင်းကင်ပြာကို အရောင် ခြယ်ခြင်း မခံရသော်လည်း မြေပြင်ဝါနှင့် ရေပြင်ပြာအား အရောင်ခြယ်ခြင်းကို  စတင်မြင်တွေ့နေရသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းမှာ  ရေပြင်၊  မြေပြင်၊ လေပြင်အားလုံးပါဝင်သည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလျှင် ကြုံတွေ့ခံစားကြရမည်မှာ ပြည်သူများပင်ဖြစ်သည်။ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလုပ်ဆောင် ရမည်ဖြစ်သော်လည်း  သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် သတိထားလုပ်ဆောင်ကြရမည်။ လူတို့အတွက် မဖြစ်မနေလိုအပ်သော စွမ်းအင်အရင်းအမြစ်များအတွက်   ရေသယံဇာတ၊  လေသယံဇာတ၊ နေသယံဇာတ စသည့်  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှာ  ဈေးနှုန်း သက်သာစွာဖြင့် ဖန်တီးပေးနိုင်စွမ်းရှိသော  သဘာဝအရင်းအမြစ်များ ဖြစ်သည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် ရေသယံ ဇာတ၊ မြေသယံဇာတ၊ လေသယံဇာတများကို ပြည်သူအားလုံးက  ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းပါသည်။    ။

No comments:

Post a Comment