Tuesday, February 2, 2016

သဘာဝဇီဝအဝန်းနယ်မြေနှင့် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံရပြီးနောက်အင်းလေးဒေသသို့ နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်လာ


The Mirror Daily's photo.
နေပြည်တော် ဖေဖော်ဝါရီ ၁
အင်းလေးဒေသသည် ၂ဝ၁၃ ခုနှစ် မှစ၍ နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်လာပြီး သဘာဝဇီဝအဝန်း နယ်မြေနှင့် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံရပြီးနောက်တွင် ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြား ခရီးသွားများ ပိုမိုဝင်ရောက်လာကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလက နိုင်ငံ ခြားခရီးသွား ၁၇၉၇၇ ဦး ဝင်ရောက်ခဲ့ ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာတွင် ၁၉၄၈၇ ဦး လာရောက်ခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ ၇၉၆၇၈ ဦး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဧပြီမှ ဒီဇင်ဘာအထိ ခရီးသွား ၁၄၁၇၈၉ ဦး ဝင်ရောက်ခဲ့ကြောင်း ခရီးသွားစာရင်းများအရ သိရသည်။
ထို့အပြင် ခရီးသွားများ အင်းလေး ကန်အတွင်း ပိုမိုများပြားလာသည်နှင့် အမျှ အင်းရေပြင်တွင် စက်လှေများ သွားလာမှုကြောင့် အောက်ဆီဂျင်ဓာတ် လျော့နည်းသွားစေသည့်အပြင် အင်းရေတွင် ကျက်စားသည့် ငှက်၊ ငါး၊ တိရစ္ဆာန်များသည် ဆည်များနှင့် နီးရာသို့ နေရာရွှေ့ပြောင်းသွားကြမည်ကို စိုးရိမ်ကြောင်း အင်းလေးကန် သားရဲတိရစ္ဆာန်ဘေးမဲ့သဘာဝတောဌာန အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ပြောသည်။
နော်ဝေနိုင်ငံ အခြေစိုက် Partnership for Change နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက အင်းလေးကန်အတွင်း မောင်းနှင်နေသည့် စက်လှေများ၏ ဆူညံသံများကို ၅ဝ ရာခိုင်နှုန်း လျှော့ချနိုင်အောင် စမ်းသပ်မောင်းနှင်လျက်ရှိသည်။
အင်းလေးကန်အတွင်း ဟိုတယ် ၁၄ လုံးနှင့် ညောင်ရွှေမြို့ပေါ်တွင် ဟိုတယ် ၃၇ လုံး၊ မိုတယ် နှစ်လုံးရှိရာ ဟိုတယ်/မိုတယ်စုစုပေါင်း ၇၈ လုံး ရှိပြီး ဒေသခံများအတွက် အလုပ်အကိုင်များကို ဖန်တီးပေးလျက်ရှိသည့်အပြင် ဒေသခံခရီးသွားလမ်းပြများကိုလည်း မွေးထုတ်ပေးထားသည်။
အင်းလေးဒေတွင် ခရီးသွားများအတွက် ဖောင်တော်ဦးစေတီနှင့် ညောင်ရွှေ ဟော်နန်းပြတိုက်၊ ညောင်ရွှေစော်ဘွားဘုန်းကြီးကျောင်း၊ ကုန်းပေါ်နေသော ရေပေါ်ဈေး၊ အင်းသား တို့၏ ငွေပန်းထိမ်၊ ပန်းပဲ၊ လက် ယက္ကန်းနှင့် လက်မှုပညာရပ်များကဆွဲဆောင်လျက်ရှိသည်။
ခရီးသွားရေရှည်တိုးတက်ရေး၊ လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ပါဝင်သော ၂ဝ၁၃ ခုနှစ်မြန်မာနိုင်ငံ ခရီးသွား မဟာရည်မှန်းချက်များနှင့်အညီ အင်းလေးကန်စိမ်းလန်း စိုပြည်ရေးအပြင် အင်းလေးကန်ဝန်းကျင် တောင်တန်းများကိုလည်း ထိန်းသိမ်းကာ EcoTourism ဖွံ့ဖြိုးရေးကိုလည်း နိုင်ငံတကာနှင့်ပြည်တွင်းအဖွဲ့ အစည်းများက ဒေသခံလူမှုစီးပွားကို အခြေခံကာ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
(သန့်ဇင်ဝင်း)

No comments:

Post a Comment