Sunday, January 31, 2016

MNA လေကြောင်းလိုင်းမှ ရန်ကုန်-ဗန်ကောက်-ရန်ကုန် ခရီးစဉ် မကြာမီ စတင်ပျံသန်းပြေးဆွဲမည်



The Mirror Daily's photo.


ရန်ကုန် ဇန်နဝါရီ ၃ဝ

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA(Myanmar National Airlines)မှ တတိယအကြိမ်မြောက် ပြည်ပခရီးစဉ်တစ်ခုဖြစ်သည့် ရန်ကုန်-ဗန်ကောက်- ရန်ကုန် ခရီးစဉ်ကို ဖေဖော်ဝါရီ ၂ဝ ရက်မှ စတင်ကာ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သော မြန်မာအမျိုးသားလေကြောင်း လိုင်းအနေဖြင့် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲကာ MNA အမည်ဖြင့် ပြောင်းလဲပြေးဆွဲခဲ့သည့်နောက် စင်ကာပူ၊ ဟောင်ကောင်တို့သို့ ပြေးဆွဲခဲ့ပြီး ယခု ဗန်ကောက်ခရီးစဉ်ကို လာမည့် ဖေဖော်ဝါရီ ၂ဝ ရက်မှ စတင်ကာ နေ့စဉ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာအမျိုးသား လေကြောင်းလိုင်း ရုံးချုပ်၌ ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သော ရန်ကုန်-ဗန်ကောက်- ရန်ကုန် ခရီးစဉ် မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

''နိုင်ငံပိုင် လေကြောင်းလိုင်းအနေနဲ့ အရင်က မြန်မာ့လေကြောင်းအမည်နဲ့ ရန်ကုန်ကနေ ဗန်ကောက်ကို ၁၉၅ဝ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိတိုင်အောင် ပြေးဆွဲခဲ့ပါတယ်။

အခု မြန်မာအမျိုးသားလေကြောင်း လိုင်းအနေနဲ့ စင်ကာပူ၊ ဟောင်ကောင် ခရီးစဉ်ပြီးတဲ့နောက်မှာ ဗန်ကောက်ကို ပြန်လည်ပြေးဆွဲနိုင်ခဲ့တာပဲဖြစ် ပါတယ်။ ဒီခရီးစဉ်အတွက် စိန်ခေါ်မှုတွေကတော့ အများကြီးရှိပါတယ်။ ကောင်းမွန်တဲ့ဝန်ဆောင်မှုနဲ့ ချိုသာတဲ့ ဈေးနဲ့ ဗန်ကောက်ခရီးစဉ် ပြန်လည် ပြေးဆွဲနိုင်တဲ့အပေါ်မှာလည်း ဂုဏ်ယူမိပါတယ်'' ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ကပ္ပတိန် သန်းထွန်းက ပြောသည်။

ဖေဖော်ဝါရီ ၂ဝ ရက်မှ စတင်ကာ နေ့စဉ်ပြေးဆွဲပေးမည့် ရန်ကုန်-ဗန်ကောက်-ရန်ကုန်ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြေးဆွဲပေးမည့် ခရီးစဉ်အချိန်ဇယားမှာ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ နေ့တို့တွင် ရန်ကုန်မှ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်သည်။ အင်္ဂါနေ့နှင့် ကြာသပတေးနေ့တို့တွင် ရန်ကုန်မှ ညနေ ၅ နာရီ ၅၅ မိနစ်တွင် ထွက်ခွာပေးမည်ဖြစ်၍ စနေနေ့တွင် ရန်ကုန်မှ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဗန်ကောက်လေဆိပ်မှ ပြန်လည်ထွက်ခွာမည့်အချိန်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တို့တွင် ဗန်ကောက်မှ ည ၉ နာရီ ၅ မိနစ်တွင် လည်းကောင်း၊ အင်္ဂါနှင့် ကြာသပတေးနှင့် စနေနေ့တို့တွင် ည ၈ နာရီ ၅၅ မိနစ်တို့တွင် လည်းကောင်း ထွက်ခွာပျံသန်းပေးမည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်လက်မှတ်ခအနေဖြင့် ရန်ကုန်-ဗန်ကောက်-ရန်ကုန် ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၃၉ ဒေါ်လာဖြင့်(လေယာဉ်ဆီဖိုးနှင့် လေဆိပ်အခွန်ခများအပါအဝင်) စတင်အရောင်းမြှင့်တင်လျက်ရှိကြောင်း သိရသည်။ Business Class နှင့် Premium ခရီးသည်များအတွက် အထူးဝန်ဆောင်မှုအနေဖြင့် မင်္ဂလာပါ ဝန်ဆောင်မှုဖြစ်သော လေဆိပ် Check-in မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးဝန်ဆောင်မှုများတွင် မြန်ဆန်သော ဆောင်ရွက်မှုများ အပါအဝင် မင်္ဂလာပါလေယာဉ်ကွင်း ကားကြို/ပို့ဝန်ဆောင်မှုအား ရယူရန် ကြိုတင်မှာကြားနိုင်သည်ဟု သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် စင်ကာပူ၊ ဟောင်ကောင်နှင့် ဗန်ကောက်ခရီးစဉ်တို့အပြင် ဆက်လက်၍ ပြည်ပခရီးစဉ်များအဖြစ် ချင်းမိုင်၊ တိုင်ပေတို့သို့လည်း ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဟု သိရပြီး ယခုလအတွင်း ဘိုရင်းလေယာဉ်သစ်တစ်စင်း ထပ်မံရောက်ရှိလာကာ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment