Sunday, January 31, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


အိုင်တီနှင့်ဖွံ့ဖြိုးရေး

မျက်မှောက်ခေတ်နယ်ပယ်ကဏ္ဍအသီးသီးတွင် အိုင်တီ နည်းပညာများကို အစားထိုးအသုံးပြုနေကြပြီဖြစ်သည်။ အိုင်တီ နည်းပညာကို အစားထိုးပြောင်းလဲသုံးစွဲလာနိုင်သည်နှင့်အမျှ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်လာ သည်။ အိုင်တီနည်းပညာများက တိကျမှန်ကန်သော တွက်ချက် မှုနှင့် ဆုံးဖြတ်မှုများပေးလာနိုင်သည်။ ဤသို့ နေရာတိုင်းတွင် အိုင်တီနည်းပညာများ သုံးစွဲလာနိုင်ခြင်းကြောင့် အိုင်တီခေတ်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
အိုင်တီနည်းပညာများက လူငယ်လူရွယ်များ၏ အသိ ဉာဏ်နှင့် အတတ်ပညာဖွံ့ဖြိုးမှုသာမက စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း များစွာအထောက်အကူပြုနိုင်စွမ်း ရှိသည်။ အထူးသဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် လုပ်ငန်းများ တီထွင်ဆန်းသစ်လုပ်ဆောင်ရာတွင် အိုင်တီနည်းပညာ များက များစွာအထောက်အကူပြုနိုင်စွမ်းရှိသည်။ စီးပွားရေး လုပ်ငန်းများအတွက် အိုင်တီနည်းပညာ အသုံးချလာနိုင်ခြင်း ကြောင့် စီးပွားရေးလုပ်ငန်းများမှာ ပိုမိုထိရောက်အောင်မြင်ပြီး လျင်မြန်စွာ ဖွံ့ဖြိုးလျက်ရှိသည်။
သို့သော်လည်း ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် အိုင်တီနည်းပညာ ကို လူငယ်များနှင့်သာ သက်ဆိုင်သည်ဟု မှတ်ယူကြလျက်ရှိ သည်။ လူငယ်များကသာ အိုင်တီနည်းပညာကို စိတ်ဝင်တစား လေ့လာလိုက်စားနေကြသည်။ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း များတွင် အိုင်တီနည်းပညာအသုံးချမှုမှာ အခြားသော အိမ်နီး ချင်းနိုင်ငံများနှင့်နှိုင်းစာလျှင် လိုအပ်ချက်များ ရှိနေသေးကြောင်း ပညာရှင်များက လေ့လာသုံးသပ်လျက်ရှိသည်။ ရုံးများ၊ ကျောင်း များ၌ပင် ကွန်ပျူတာအသုံးချလုပ်ဆောင်မှုများ အားနည်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အိုင်တီဖွံ့ဖြိုးမှု အားနည်းလျက်ရှိ သည်။
ဤသို့ဖြစ်ရခြင်းမှာ လူငယ်များအကြား အိုင်တီနည်းပညာ သင်ယူမှုနည်းပါးခြင်း၊ အိုင်တီနည်းပညာ အသုံးပြုနိုင်ရန် ကွန်ပျူတာကဲ့သို့ အသုံးအဆောင်ပစ္စည်းများ လူတိုင်းဈေးနှုန်း သက်သာစွာ ဝယ်ယူသုံးစွဲနိုင်မှုမရှိခြင်း၊ အိုင်တီနည်းပညာ သင်ယူရန် အခွင့်အလမ်းနည်းပါးခြင်းစသော အကြောင်းတရား များကြောင့် အိုင်တီဖွံ့ဖြိုးမှုမှာ အခြားသောနိုင်ငံများနှင့် နှိုင်းစာ လျှင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ပညာရှင်များက လေ့လာသုံးသပ်လျက်ရှိသည်။
အိုင်တီနည်းပညာကို အခြေခံပညာကျောင်းများအဆင့်မှ စတင်ကာ အသုံးပြုမှုများပြားလာမှသာ စီးပွားရေးလုပ်ငန်းများ တွင် အိုင်တီအသုံးချလုပ်ငန်းများ တိုးပွားလာနိုင်သည်။ စီးပွားရေး လုပ်ငန်းတိုင်းတွင် ကွန်ပျူတာအသုံးချနည်းပညာများ အသုံးပြုမှု အားနည်းခြင်းသည် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များဖြစ်လာသည်။
လူငယ်ဘဝတွင် အိုင်တီနည်းပညာပံ့ပိုးနိုင်မှသာလျှင် စီးပွားရေး လုပ်ငန်းများတွင် ထိရောက်မှုရှိလာမည်။ တစ်နည်းအားဖြင့် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဖြင့် ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်တီဖွံ့ဖြိုးရေးကို အလျင်အမြန်ဆောင်ရွက်သင့်ပြီ ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment