Thursday, January 14, 2016

မြန်မာနိုင်ငံ၏ (၆)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံခေါင်းဆောင်များထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့




ပြင်သစ်သမ္မတနိုင်ငံ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အချိန်အခါတွင် မိမိအနေဖြင့် အဆွေတော်နှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကို နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်း က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့သည်။

မကြာမီနှစ်များအတွင်းက မြန်မာနိုင်ငံတွင် အဆွေတော် စတင်ဆောင်ရွက်ခဲ့သည့် ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် ပြီးခဲ့သည့်နှစ်သည် အရေးကြီးသည့်နှစ်ဖြစ်ပါသည်။ နိုင်ငံတကာ စောင့် ကြည့်လေ့လာသူများက အထွေထွေရွေးကောက်ပွဲတွင် မဲရေတွက်ရာ၌ ပွင့်လင်းမြင်သာမှုရှိကြောင်း ချီးမွမ်းခဲ့ကြပြီး ပါဝင်ပတ်သက်သူများ အားလုံးကလည်း မဲဆန္ဒရှင် များ၏ ရွေးချယ်မှုကို သဘောတူလက်ခံခဲ့ကြသည်။ နှစ်သစ်တွင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဆက်လက်ရှိစေရန် မိမိအနေဖြင့် ဆန္ဒပြုပါသည်။

မြန်မာပြည်သူများအပေါ် ပြင်သစ်ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အဆွေတော်တို့နိုင်ငံတွင် ဆောင် ရွက်လျက်ရှိသော ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို ပြင်သစ်နိုင်ငံမှ ထောက်ခံအားပေးလျက်ရှိကြောင်း အဆွေတော်အား အသိပေးအပ်ပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အချိန်အခါတွင် မိမိအနေဖြင့် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ရုရှားသမ္မတ မစ္စတာ ဗလာဒီမီယာ ဗွီ ပူတင်က သဝဏ်လွှာပေးပို့သည်။

ချစ်ကြည်ရင်းနှီးသည့် ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် မိမိအနေဖြင့် အားရကျေနပ်မိပါသည်။ နှစ်နိုင်ငံကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဆက်လက်ဖွံ့ဖြိုးမှုသည် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကို တိုးတက်စေမည့်အပြင် အာရှ-ပစိဖိတ်ဒေသတွင် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးခိုင်မာစေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

အဆွေတော် ကျန်းမာစေရန်နှင့် မြန်မာပြည်သူများ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အီတလီသမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အီတလီသမ္မတ မစ္စတာ ဆာဂျီရို မတ်တာရီလာက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်ထံသို့ အီတလီသမ္မတနိုင်ငံ ပြည်သူများကိုယ်စားလည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း မြန်မာနိုင်ငံတိုးတက်သာယာ ဝပြောရေးအတွက် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

အဆွေတော်၏ အရေးပါသည့် ကြိုးပမ်းအားထုတ်မှုများဖြင့် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အီတလီနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံအဆင့်သာမက အာဆီယံနှင့် အာရှ-ဥရောပဒေသတွင်းဆက်ဆံရေး၊ မြန်မာနှင့် ဥရောပသမဂ္ဂအဖွဲ့ဆက်ဆံရေး မူဘောင်အဆင့်များအထိပါ ပိုမိုဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာပြီး တည်ငြိမ်အေးချမ်းကြပါစေရန် ဆုမွန်ကောင်းများ ပို့သ အပ်ပါသည်။

ဆလိုဗက်သမ္မတနိုင်ငံ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဆလိုဗက်သမ္မတနိုင်ငံပြည်သူများကိုယ်စား မိမိအနေဖြင့် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆလိုဗက် သမ္မတနိုင်ငံ သမ္မတ မစ္စတာ အန်းဒရစ် ကစ္စတာက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့ သည်။

နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွားကို ရှေးရှုလျက် မြန်မာနိုင်ငံနှင့် ဆလိုဗက်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုသည် နှစ်နိုင်ငံအကျိုးတူနယ်ပယ်များတွင် ဆက်လက် တိုးတက်သွားမည်ဟု ယုံကြည်ပါသည်။

နယ်သာလန်နိုင်ငံ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာနိုင်ငံပြည်သူများအတွက် လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ကျန်းမာချမ်းသာပါစေကြောင်း နယ်သာလန်နိုင်ငံ ဘုရင်မင်းမြတ် ဝီလီယံ အလက်ဇန္ဒြား အာရ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့သည်။

စပိန်နိုင်ငံ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယအတွက် မိမိအနေဖြင့်လည်းကောင်း၊ စပိန်အစိုးရနှင့် ပြည်သူများ ကိုယ်စားလည်းကောင်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စပိန်ဘုရင်မင်းမြတ် ဖီလစ်ပီက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့သည်။

စပိန်ပြည်သူများ၏ မိတ်ဆွေဖြစ်သော မြန်မာပြည်သူများ အေးချမ်းသာယာ၍ ကြွယ်ဝချမ်းသာပါစေ ကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

ဆားဗီးယားသမ္မတနိုင်ငံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ဆားဗီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ တော်မီစလပ် နီကိုလစ်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဆာဗီးယားသမ္မတနိုင်ငံ ပြည်သူများကိုယ်စား မိမိ အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာပြည်သူများ တိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

နယ်ပယ်အားလုံးတွင် အပြန်အလှန် အကျိုးစီးပွားများ ဖြစ်ထွန်းစေသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေး တိုးတက်မှုသည် အနာဂတ်ကာလတွင် ချစ်ကြည်ရင်းနှီးသည့် မိမိတို့နှစ်နိုင်ငံကြား ဆက်လက်တည်ရှိ နေမည်ဟု ယုံကြည်ပါသည်။

ဆားဗီးယားနိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မာရေးနှင့် အချုပ်အခြာအာဏာတည်မြဲရေးကို ကာကွယ် ကြိုးပမ်းမှုများနှင့် ဆားဗီးယားနိုင်ငံတောင်ပိုင်း ပြည်နယ်များဖြစ်သည့် ကိုဆိုဗိုနှင့် မီတိုဟီယာပြည်နယ်များ၏ တစ်ဖက်သတ်လွတ်လပ်ရေးကြေညာမှုအပေါ် အပြည်ပြည်ဆိုင်ရာဥပဒေအရ သံတမန်နည်းလမ်း အသုံးပြု၍အဖြေရှာရန် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသည် ဆားဗီးယားနိုင်ငံဘက်မှ ခိုင်မာစွာ ရပ်တည်ကာ ထောက်ခံပေးသည့်အတွက် ဆားဗီးယား ပြည်သူများက မြန်မာနိုင်ငံကို ကျေးဇူးတင်ရှိပါသည်။

No comments:

Post a Comment