Thursday, January 14, 2016

တာလေ-ကျိုင်းလပ်လမ်းပေါ်ရှိ နမ့်ကိုင်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ




The Mirror Daily's photo.


တာချီလိတ် ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု နမ့်ကိုင်း ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မော်တော် ယာဉ်နှစ်စီးအား ဇန်နဝါရီ ၁၃ ရက် နံနက် ၄ နာရီက ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှတ် (၃၁၆) ခြေမြန်တပ်ရင်း ရှေ့တန်း တပ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက် ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာလေ-ကျိုင်းလပ်သွားကားလမ်းပေါ်ရှိ နမ့်ကိုင်းကျေးရွာအနီးတွင် ကျိုင်းလပ်မြို့ဘက်မှ တာလေမြို့ဘက်သို့ မောင်းနှင်လာသည့် VIGO တစ်ခန်းခွဲ အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းနှင့် ဘေးမှလိုက်ပါ လာသူတို့နှစ်ဦးမှာ ထွက်ပြေးတိမ်း ရှောင်သွားသဖြင့် အဆိုပါယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ ကဖင်း တစ်အိတ်လျှင် အလေးချိန် ၂၅ ကီလိုခန့်စီပါ ၁၉အိတ် စုစုပေါင်း အလေးချိန် ၄၇၅ ကီလိုအား တွေ့ရှိ သဖြင့် ကဖင်းများ ပိုင်ရှင် (တိမ်းရှောင်) များအား မိုင်းပါလျှိုး နယ်မြေရဲစခန်းမှ မယ (ပ)၁/၂ဝ၁၆၊ မူး/စိတ် ပုဒ်မ ၁၆(ခ) အရ အရေးယူ ဆောင်ရွက်ထားရှိသည်။

ဆက်လက်၍ နံနက် ၄ နာရီ မိနစ် ၄ဝ တွင် ပူးပေါင်းအဖွဲ့သည် အဆိုပါ နမ့်ကိုင်းကျေးရွာအနီးတွင် တာလေဘက်မှ ကျိုင်းလပ်ဘက်သို့ လော်ရှီး မောင်းနှင်ပြီး လှဝင်းနှင့် ရှီးမွန်တို့ လိုက်ပါလာသည့် Pajero IO အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့ခန်း ခြေနင်းနေရာ၌ ဆာလာအိတ်ဖြင့် ထည့်ထားပြီး အဝါရောင် ရှမ်းစက္ကူဖြင့်ထည့်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၂ဝဝဝ စီပါ ၃၅ ထုပ်၊ စုစုပေါင်းဆေးပြား ၇ဝဝဝဝ၊ အလေးချိန် ခုနစ် ကီလိုဂရမ်ခန့်အား တွေ့ရှိသဖြင့် လော်ရှီး (၂၂)နှစ်၊ လှဝင်း (၃၉)နှစ်၊ ရှီးမွန် (၂ဝ)နှစ်တို့ သုံးဦးအား မိုင်းပါလျှိုးနယ်မြေရဲစခန်း မယ (ပ)၂/၂ဝ၁၆၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment