Thursday, January 14, 2016

ပါရှန်ပင်လယ်ကွေ့အတွင်းဖမ်းဆီးထားသော အမေရိကန်ရေတပ်သားများကို အီရန်လွှတ်ပေး


The Mirror Daily's photo.
တီဟီရန် ဇန်နဝါရီ ၁၃
အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)က ပါရှန် ပင်လယ်ကွေ့အတွင်း ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်ရေတပ်သားဆယ်ဦးကို လွှတ်ပေးလိုက်ကြောင်း ပရက်စ်တီဗွီက သတင်းထုတ်လွှင့်သည်။
အစောပိုင်းက အီရန်တော်လှန်ရေးအစောင့်တပ်မှ ရေတပ်တပ်မှူး အလီဖာဒါဗီက နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းကာ အီရန်ရေပိုင်နက်အတွင်းဝင်ရောက်လာမှုကြောင့် ပါရှန်ပင်လယ်ကွေ့အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော အမေရိကန်ရေတပ်သားဆယ်ဦးကို လွှတ်ပေးခဲ့ သည်ဟုဆိုကြောင်း Tasnim သတင်းဌာနက ပြောကြားသည်။ ''အီရန်ရေပိုင်နက်အတွင်း အမေရိကန်ရေတပ်က စစ်လှေနှစ်စင်း ဝင်ရောက်လာတာဟာ ရေကြောင်းစနစ် ပြကိရိယာချို့ယွင်းမှုကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုတွေက ပြသနေတယ်''ဟု ဖာဒါဗီအား ကိုးကား၍ အဆိုပါ သတင်းဌာနက ဆိုသည်။ ''အချိန်တိုအတွင်း ဆုံးဖြတ်ချက် ချခဲ့ရတယ်''ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ယနေ့အစောပိုင်းတွင် အီရန်တော်လှန်ရေးအစောင့်တပ် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်တစ်ခုအတွင်း အမျိုးသားကိုးဦးနှင့် အမျိုးသမီးတစ်ဦးပါ အမေရိကန်ရေတပ်မှ စစ်လှေနှစ်စင်းမှာ ဇန်နဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ၄ နာရီခွဲတွင် အီရန်ရေပိုင်နက်အတွင်း ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အီရန် တော်လှန်ရေးအစောင့်တပ်မှ ရေတပ်ဖွဲ့က အမေရိကန် ရေတပ်သားများကို သတိပေးချက်တစ်ရပ် ပေးပို့ခဲ့ပြီး နောက် ၄င်းတို့ကို ဖမ်းဆီးကာ အီရန်နိုင်ငံ ဖာစီကျွန်းသို့ ပို့ဆောင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။ အီရန် ရေပိုင်နက်အတွင်း ဖမ်းဆီးထားသောအမေရိကန်စစ်လှေနှစ်စင်း တရားမဝင် ဝင်ရောက်လာမှုကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ကပြော ကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment