၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နှင့်တကွ ကမ္ဘာ့ဒေသအသီးသီးတွင် အခြေချနေထိုင်ကြသည့် ကရင်လူမျိုးတို့၏ ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ နေ့ထူးနေ့မြတ် ဖြစ်သည်။
ထို့ကြောင့် အဆိုပါနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ဆေးဝင်္ကပါ အာလိန်ငါးဆင့် ဘုရားဝင်းအတွင်းတွင် ကျင်းပခဲ့ရာ လာရောက် ဆင်နွှဲကြသည့် ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြပေးလိုက်ပါသည်။
စောလှထွန်း(အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေးဗဟိုကော်မတီ)
''ကရင်နှစ်သစ်ကူး ကောက်သစ်စားပွဲကနေ အခြေခံလာခဲ့တဲ့ ပွဲတော်နေ့ ဟာ ဦးလေးတို့ လူမျိုးစုရဲ့သမိုင်းမှာ မိမိရဲ့ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်း တစ်ခုကို စည်းစည်းလုံးလုံးနဲ့လက်ဆင့်ကမ်းသယ်ဆောင်ထိန်းသိမ်းလာခဲ့ကြတဲ့ အနေအထားကနေ ဒီနေ့ ဒီအချိန်ခါမှာလည်း ဒီအမွေအနှစ်ကြီးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းဖော်ဆောင်သွားရမယ်ဆိုတဲ့ အဓိပ္ပာယ်အရ ကျင်းပလာခဲ့ ကြခြင်းဖြစ်တယ်။
ဒါကြောင့် ဒီလိုနေ့မျိုးဟာ တစ်ဖက်မှာ ကရင်ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့သဘောဆောင်သလို တစ်ဖက်မှာလည်း ကရင်အမျိုးသားအားလုံး ဟာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့လက်တွဲပြီး ငြိမ်းချမ်းသာယာသော လူ့ပတ်ဝန်းကျင်ကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူရည်တူရှိခြင်း စတဲ့ လောကပါလတရားတွေအတိုင်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို စည်းစည်းလုံးလုံးတည်ဆောက်သွားကြမယ်ဆိုတဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို ဖော်ဆောင်ပါတယ်။
စောထွန်းထွန်း(ပန်းတနော်)
ကျွန်တော်တို့ယဉ်ကျေးမှုမပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အနေနဲ့ရော ကိုယ့်ရဲ့ဝါသနာအရ ဒီနေ့အခမ်းအနားမှာ တစ်မျိုးသားလုံး စုပေါင်းညီညာ လက်တွဲကြပြီး အမျိုးသားစာပေမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ကြမယ်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ သီချင်းနဲ့ ကျွန်တော်တို့ ဒုံးယိမ်းကကြမှာပါ။ တစ်နှစ်တစ်ခါမှသာ ကိုယ့်ယဉ်ကျေးမှုကို ဖော်ထုတ်ပြခွင့်ရတဲ့အတွက် အရှုံးအနိုင်က ပဓာန မကျပါဘူး။
စောညီညီ(ပန်းတနော်)
ဒီနေ့မှာ ကျွန်တော်တို့ ဧရာဝတီ စာပေနဲ့ယဉ်ကျေးမှုကို ဖော်ဆောင်တဲ့ တေးသီချင်းကို ညီ၊ ညီမငယ် ၃၅ ဦးနဲ့ ဒုံးကမှာပါ။ ကျွန်တော်တို့ ကိုယ့်လူမျိုးကို ကိုယ်ချစ်တဲ့အတွက် ယဉ်ကျေးမှုကို မပျောက်အောင်လည်း ထိန်းသိမ်းမယ်။ နောင်တက်လာမယ့် မျိုးဆက်သစ်လေးတွေကိုလည်း ငါတို့လူမျိုးမှာ ဒီလိုမျိုးယဉ်ကျေးမှုတွေရှိပါလားဆိုတဲ့ အသိပညာတွေပေးချင်တယ်။ အသက်ဆုံး တိုင်အောင်လည်း ဒုံးကတဲ့အလုပ်ကို ဆက်လုပ်သွားမှာပါ။
စုမွန်(လှိုင်သာယာ)
ဒီနေ့မှာ ညီမတို့ ကိုယ့်ယဉ်ကျေးမှုကို ဖော်ဆောင်စေတဲ့ နှစ်သစ်ရောက် ပါပြီ။ စာပေကိုမမေ့ကြပါနဲ့။ နောင်လာနောင်သားတွေ မမေ့အောင်သင်ပေးကြပါ။ နှစ်သစ်ကူးနေ့မှာ အလံကို လာအလေးပြုကြပါ။
ကိုစော(ရန်ကုန်)
ကျွန်တော်တို့ မျိုးဆက်သစ်ကရင်လူငယ်လေးတွေက ဘိုးဘေးတွေ ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းပြီး တာဝန်ကျေပွန်စွာ ဆက်လက်ထိန်းသိမ်းသွားကြရမှာပါ။
ဘီစီ ၇၃၉ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်းသို့ ရေကြည်ရာမြက်နုရာ အရပ်ဒေသကိုအမှီပြု၍ ကရင်မိဘဘိုးဘွားများ နောက်ဆုံးအသုတ်အဖြစ် ဝင်ရောက်အခြေချနေထိုင်ခဲ့သည့် သမိုင်းဝင်မှတ်တမ်းအရ ကရင်နှစ်သည် ၂၇၅၅ ခုနှစ် တိုင်ခဲ့ပြီဖြစ်သည်။
ကရင်လူမျိုးတို့သည် ယင်းတို့၏ ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းအမွေထိန်းသိမ်းလျက် နှစ်ပေါင်းများစွာတိုင်အောင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားကရင်လူမျိုးတစ်ရပ်အနေဖြင့် ခိုင်မာစွာ ရပ်တည်နေထိုင်ခဲ့ ကြသည်။ ထို့ပြင် ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အစဉ် တည်ဆောက်နိုင်စေရန်ရည်ရွယ်၍ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ပေါ်ဦးပေါ်စ ကောက်ပဲသီးနှံများဖြင့် နှစ်စဉ် ပြာသိုလဆန်း ၁ ရက် ကို တပျော်တပါး ကောက်သစ်စားပွဲတော်နေ့(ကရင်နှစ်သစ်ကူးနေ့)အဖြစ် ၁၉၃၇ ခုနှစ်မှစတင်ကာ သတ်မှတ်ခဲ့ကြပြီး ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

သတင်း-ခင်ဇာလီ၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
No comments:
Post a Comment