ရန်ကုန် ဇန်နဝါရီ ၁ဝ
ကရင်တိုင်းရင်းသားလူမျိုးတို့၏ ပြာသိုလဆန်း ၁ ရက်တွင်ကျရောက်သော ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို ကရင်ပြည်နယ်တွင်သာမက ကရင်တိုင်းရင်း သားများနေထိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး တွင်လည်းကျင်းပကြရာ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတွင်လည်း(ရန်ကုန်အရှေ့ခြမ်း) ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စည်ကားစွာ ကျင်းပသည်။
မြန်မာနိုင်ငံအတွင်းသို့ ကရင်ဘိုးဘွားမိဘများ နောက်ဆုံးဝင်ရောက်အခြေချနေထိုင်ခဲ့သည့် ဘီစီ ၇၃၉ ခုနှစ်မှ စတင်ရေတွက်ရာ ယခုဆိုလျှင် မြန်မာနိုင်ငံအတွင်းသို့ ကရင်လူမျိုးများ ရောက်ရှိအခြေချသည်မှာ နှစ်ပေါင်း ၂၇၅၅ နှစ်ရှိခဲ့ပြီဖြစ်သည်။ ယနေ့ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် (၇၈) ကြိမ်မြောက် ကျင်းပသော နှစ်သစ်ကူးနေ့အခမ်းအနားဖြစ်သည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစောချစ်မျိုးက ''ဒီမှာကတော့ ရန်ကုန် အရှေ့ပိုင်းခရိုင်နဲ့ တောင်ပိုင်းခရိုင်ကိုယ်စားပြုပြီးတော့ ကျင်းပတာဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးပွဲဆိုပေမယ့် တိုင်းရင်းသားတွေ အားလုံးလာကြပါတယ်။ ကရင်နှစ် သစ်ကူးအခါသမယမှာ ကရင်နှစ်သစ်ကူးပွဲတော်ကို အခုလို စည်စည်ကားကားလုပ်ဆောင်နိုင်ခြင်းအားဖြင့် ကရင်အမျိုးသားတွေ ပြန်လည်စည်းလုံးသင့်မြတ်ရေးနဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားများထဲမှာရှိတဲ့ ကရင်မျိုး နွယ်စုကြီးအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ကောင်းမွန် မြင့်မြတ်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်''ဟု ပြောသည်။
နှစ်ဟောင်းကုန်၍နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် မှီတင်းနေထိုင်ကြသည့် လူမျိုးအားလုံးတို့သည် မိမိတို့၏ တိုင်းပြည်နှင့် လူမျိုးအလိုက် ယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်အညီ ကျင်းပကြသည့်နည်းတူ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း တောင်ပေါ်မြေပြန့် မကျန် နေထိုင်လျက်ရှိသည့် ကရင်တိုင်းရင်းသားများသည်လည်း ကောက်သစ်စားပွဲတော်အထိမ်းအမှတ် နှစ်သစ်မင်္ဂလာနေ့မြတ်အဖြစ် ယနေ့ကျင်းပရခြင်းဖြစ်သည်။
''နှစ်သစ်ကူးနေ့ဆိုတာ ပျော်ပွဲရွှင်ပွဲသက်သက်တင် မဟုတ်ပါဘူး။ နှစ်သစ်ကူးမှာ ကရင်လူမျိုးတွေစုစည်းတယ်။ပျော်ရွှင်တယ်။ နောက်ပြီး ကိုယ့်ရဲ့ယဉ်ကျေးမှု ပြန်ဖော် ထုတ်တယ်။ ဘာသာမခွဲဘူး။ ခုခေတ်ကလေးတွေ ကိုယ့်စာပေ၊ ယဉ်ကျေးမှု၊ ကိုယ့်စကား ဒါတွေမပျောက်အောင် စောင့်ရှောက်ရမယ်။ ထိန်းသိမ်းရမယ်။ ဒါဆို ကိုယ့်လူမျိုး၊ ကိုယ့်စာပေ ယဉ်ကျေးမှုဆိုတာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး''ဟု ပိုးကရင်တိုင်းရင်းသူ အသက်(၈၃)နှစ်အရွယ် ဒေါ်ချယ်ရတီက ပြောသည်။
မြန်မာပြည်တွင် နှစ်ပေါင်း ၂ဝဝဝ ကျော် ၃ဝဝဝ နီးပါး ကရင်လူမျိုးများသည် လူမျိုးတစ်မျိုးအနေဖြင့် ခိုင်မာ စွာဆက်လက်ရပ်တည် ရှင်သန်နိုင်ခြင်းမှာ မိမိတို့ကိုယ်ပိုင် ပြောဆိုသည့် ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းအစဉ်အလာများကို ခေတ်အဆက်ဆက် မပျောက်ပျက်ရအောင် အမျိုးကို စောင့်ရှောက်သည့်စိတ်ဓာတ်ဖြင့် အမြတ်တနိုးထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားခြင်းကြောင့် ကရင်စကား၊ ကရင်စာပေ၊ ကရင်ယဉ်ကျေးမှုအက၊ ကရင်တေးသီချင်းများနှင့် ကရင်တူရိယာ၊ ကရင်ပြက္ခဒိန် တို့သည် ယနေ့တိုင် တည်ရှိနေခြင်းပင်ဖြစ်သည်။
လွန်ခဲ့သော ၇၈ နှစ်ကျော်က ကရင်ဘိုးဘွားများ၏ စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်ခဲ့ခြင်းကြောင့် ကရင် အမျိုးသားသီချင်း၊ ကရင်အမျိုးသားအလံတော်နှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့တို့ကို တရားဝင်ကျင်းပခွင့် ရရှိလာခဲ့ကြောင်း အဆိုပါအခမ်းအနားမှသိရသည်။
''လွန်ခဲ့တဲ့ ၇၈ နှစ်က ဘိုးဘေးတွေပြောခဲ့တဲ့ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံးနဲ့နေထိုင်သွားကြဖို့မှာကြားသွားပါတယ်။ အဲဒီပေါ်မူတည်ပြီး တိုင်းပြည်အေးချမ်းသာယာအောင် စည်းစည်းလုံးလုံးနဲ့ ဘိုးဘေးတွေ မှာကြားခဲ့တဲ့အတိုင်း နေထိုင်သွားကြပါလို့ ပြောချင်ပါ တယ်''ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်း အောင်မြင့်ကပြောသည်။
အဆိုပါ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ကရင်ရိုးရာ ဒုံးယိမ်းအကဖျော်ဖြေရန် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှ လာရောက်သည့် ကျောင်းသား ကျောင်းသူ လေးများ၏ ဦးဆောင်ဆရာတော်ဦးပဏ္ဍိတက ''အခု ဝေးလံတဲ့နေရာကနေ ဒီအထိလာရတာက ကရင်တိုင်းရင်း ကလေးငယ်တွေကို နားမျက်စိတွေ ပွင့်စေချင်တာရယ်၊ ကရင်လူမျိုးကလေးငယ်တွေအနေနဲ့ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းတတ်ဖို့ အခုလိုငယ်ငယ်တည်းက လေ့ကျင့်ပေးနေတာ''ဟု မိန့်ကြားသည်။
အဆိုပါကရင်နှစ်သစ်ကူးပွဲတော်တွင် နံနက်ပိုင်း၌ ကရင်အမျိုးသားအလံကို ဖားစည်၊ ပဒိုး တီးမှုတ်ပြီး လွှင့်တင်ကာ သက်ကြီးကရင်ဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ယဉ်ကျေးမှုအဖွဲ့၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကော့ပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ မျိုးဆက် သစ်အားမာန် ပညာရေးဒုံးယိမ်းအဖွဲ့၊ အထက သုဝဏ္ဏနှင့် အလက(၂) သင်္ဃန်းကျွန်းမှ ကျောင်းသား ကျောင်းသူ လေးများ၏ ကပြဖျော်ဖြေမှုများ၊ ကရင်ရိုးရာ တေးသီချင်းများ၊ တေးသံသာများဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

သတင်းဆောင်းပါး - သီသီမင်း
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)
No comments:
Post a Comment