Monday, January 11, 2016

ရိုးရာခြင်းလုံးလေ့ကျင့်ရေးအားကစားခန်းမ ဘားအံ၌ဖွင့်




The Mirror Daily's photo.


ဘားအံ ဇန်နဝါရီ ၁ဝ

မြန်မာ့ရိုးရာ ခြင်းလုံးလောက တိုးတက်ရေး၊ ခြင်းလုံးအားကစားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ် ရိုးရာခြင်းလုံးဆပ်ကော်မတီမှ ဆောင်ရွက်ထားသော ဘားအံမြို့ အမှတ် (၄)ရပ်ကွက် သီရိလမ်းမကြီးဘေးရှိ ကရင်ပြည် နယ်ရိုးရာခြင်းလုံး အားကစားလေ့ကျင့်ရေး ခန်းမ၌ဖွင့်ပွဲနှင့် စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင်ကရင်ပြည်နယ်ရိုးရာခြင်းလုံး အားကစားလေ့ကျင့်ရေးခန်းမကို ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ် လူမှုရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကရင်ပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးစောဝင်းထိန်က ခြင်းလုံးအားကစား လေ့ကျင့်ရေးခန်းမ မော်ကွန်းကျောက်စာ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးစောဝင်းထိန်က အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ရိုးရာခြင်းလုံး ဆပ်ကော်မတီမှ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ ရိုးရာခြင်းလုံး အားကစားလေ့ကျင့်ရေးခန်းမနှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့် အားကစား ပစ္စည်းများကို အပြန်အလှန်ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံကျော်ခြင်းလုံး လက်ရွေးစင်စန်းစန်းမော်နှင့် ပန်းမြတ်သူ ခြင်းအဖွဲ့၊ ကရင်ပြည်နယ်ရိုးရာခြင်းလုံးလက် ရွေးစင်များက ရိုးရာခြင်းအလှခတ်သရုပ်ပြသ ကစားကြရာ တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခြင်းလုံး အားကစားဝါသနာရှင်မိဘပြည်သူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ရိုးရာခြင်းလုံး အားကစား လေ့ကျင့်ရေးခန်းမကို ၂ဝ၁၅ ခုနှစ် မတ်လမှ စတင်ကာ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ခြင်းလုံးအားကစားဝါသနာရှင်များ၏ စုပေါင်းထည့်ဝင်ငွေကျပ် ၂၃၇ သိန်းကျော်ဖြင့် ပေ (၄ဝx၆ဝ)ရှိ အဆောက်အအုံကို ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ရိုးရာခြင်းလုံးအားကစား ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် တည်ဆောက်ရခြင်းဖြစ်ကာ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းများကို ခြင်းလုံးဝါသနာရှင်မျိုးဆက်သစ်များအား လေ့ကျင့်ပေးသွားနိုင်မည့် အားကစားခန်းမတစ်ခုဖြစ်ကြောင်း ကရင်ပြည်နယ် ခြင်းလုံးဆပ်ကော်မတီထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment