လမ်းမီးတိုင်တို့မှ ဖြာကျလာသည့် အလင်းရောင်အောက်ဝယ် ဈေး ရောင်းချသူ၊ ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။ ရေပေါ်ဈေးတည် ရှိသည့် ပုသိမ်မြို့ကမ်းနားလမ်းမကြီးသည် ဧရာဝတီတိုင်းဒေသကြီး၏ ခေတ်သစ်အလှများကို မီးရောင်အောက်တွင် ချခင်းထားသယောင်။
စာရေးသူတို့ ပြီးခဲ့သည့်နှစ် ဧရာဝတီတိုင်းဒေသကြီးတစ်ခွင် လူမှုစီးပွား သတင်းများရယူရင်း ဧရာဝတီ၏ တသွင်သွင်စီးဆင်းသံကို နားသောတဆင် ခြင်းဖြင့် ညအလှကို မီးရောင်များအကြား ခံစားမိသည်။
မြစ်ဝကျွန်းပေါ်ဒေသဖြစ်သဖြင့် စိုက်ပျိုးရေး လွန်စွာကောင်းမွန်သည့် ဧရာဝတီ၊ မြစ်ချောင်း အင်းအိုင်တို့ကြောင့် ရေသယံဇာတဖွံ့ဖြိုးသည့် ဧရာဝတီ၊ ကမ်းခြေအလှတို့ဖြင့် ထုံမွှမ်းသည့် ဧရာဝတီ၊ ကမ္ဘာကျော်နာဂစ်မုန်တိုင်း ဒဏ်ကြောင့် မရှုမလှအရေးနိမ့်ခဲ့ဖူးသည့် ဧရာဝတီ၊ သဘာဝဂေဟစနစ်များ မပျက်မစီးကျန်ရှိနေသေးသည့် ဧရာဝတီတိုင်းဒေသကြီးတစ်ခွင် အမှန်ပင် တိုးတက်လာပြီလားဆိုသည်ကို တစေ့တစောင်း လေ့လာကြည့်မိသည်။
ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ထိုဒေသ၏ အခြေခံ အဆောက်အအုံများ မည်မျှဖွံ့ဖြိုးလာသနည်းဆိုသည့် အမေးကို ဦးစွာစဉ်းစား ကြည့်မိရာ ဆန်ရေစပါးပေါကြွယ်ဝပြီး အလုပ်အကိုင်အခွင့်အလမ်း မြင့်မား သည့် ဧရာဝတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့နှင့်အပြိုင် မြင့်မားလျက်ရှိသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်။
ခေတ်မီဖွံ့ဖြိုးရေးအတွက်ဆိုရာမူ လျှပ်စစ်မီးကဏ္ဍသည် အလွန်အရေး ပါသည့် ကဏ္ဍတစ်ခုဖြစ်ပြီး
လျှပ်စစ်မီးလုံလောက်စွာ ပေးဝေနိုင်မှသာ အခြားသော လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းအချက်အလက်နည်းပညာနှင့် လူမှုဘဝ မြင့်မားမှုများအတွက် အထောက်အကူ ဖြစ်နိုင်လိမ့်မည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအားဖြင့် မြို့ပေါင်း ၃၃ မြို့နှင့် ကျေးရွာပေါင်း ၇၃၉ ရွာကို လျှပ်စစ်မီးပေးနိုင်ခဲ့ပြီး ယင်းမြို့ရွာများ တွင် နေထိုင်သည့်လူဦးရေ နှစ်သိန်းကျော်ခန့်သည် လျှပ်စစ်မီး၏ အကူ အညီဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်း ဝယ်ရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသည့် ကိစ္စအဝဝတို့ကို ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
မူလအခြေအနေနှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ၂ဝ၁၁ ခုနှစ် မတိုင်မီက ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့ပေါင်း ၂၇ မြို့နှင့် ကျေးရွာပေါင်း ၁၈ဝ ကိုသာ လျှပ်စစ်မီးပေးဝေနိုင်ခဲ့သဖြင့် ငါးနှစ်တာကာလအတွင်း မြို့ ခြောက် မြို့နှင့် ကျေးရွာ ၅၅၉ ရွာကို တိုးမြှင့်ကာ လျှပ်စစ်မီးပေးအပ်နိုင်ခဲ့ခြင်း ကြောင့် ဒေသဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။
''နိုင်ငံတော်ဓာတ်အားစနစ်တင်သာမကပါဘူး။ မြို့ပြရော ကျေးလက်နေ လူတန်းစားတွေ အားလုံး အဆင်ပြေစေဖို့အတွက် အခြားနည်းလမ်းပေါင်းစုံ ကနေ လျှပ်စစ်ဓာတ်အားထုတ်ယူပြီး ဒေသခံတွေ လျှပ်စစ်အလင်းရောင် ရရှိစေဖို့ ကြိုးပမ်းထားတာရှိပါတယ်။ ဓာတ်အားခွဲစက်ရုံခွဲတွေ၊ ပင်မ မဟာဓာတ်အားလိုင်းတွေ တိုးလာတာနဲ့အမျှ တစ်မြို့ပြီးတစ်မြို့ တစ်ရွာပြီး တစ်ရွာ လင်းလာလိုက်တာ အခုဆိုရင် ဧရာဝတီတိုင်းဒေသကြီးမှာ မြို့နယ် ၂၆ မြို့၊ မြို့နယ်ခွဲ ၁၃ မြို့ စုစုပေါင်း ၃၉ မြို့ရှိတဲ့အနက် မြို့နယ်ခွဲ အနည်းငယ်သာ မီးရဖို့လိုပါတော့တယ်'' ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုင်ငံတော်ဓာတ်အားလိုင်းအပြင် ထိုကဲ့သို့ မပေးနိုင်သေးသည့် ကျေးရွာ များအတွက် အခြားနည်းလမ်းများဖြင့် လျှပ်စစ်မီးရယူသုံးစွဲလျက်ရှိကြသည်ကိုလည်း မြင်တွေ့ရသည်။ ဒီဇယ်မီးစက်ဖြင့် မီးလင်းသည့်ကျေးရွာ ၄၄၄၈ ရွာ၊ ဇီဝလောင်စာဖြင့် မီးလင်းသည့် ကျေးရွာ ၁၇ ရွာ၊ စပါးခွံလောင်စာ စနစ်ဖြင့် မီးလင်းသည့်ကျေးရွာ ၅၁၁ ရွာ၊ နေရောင်ခြည်စနစ်ဖြင့် မီးလင်း သည့်ကျေးရွာ ၉၄၆ ရွာ၊ အသေးစားရေအားနှင့် လေအားစနစ်ဖြင့် မီးလင်း သည့်ကျေးရွာ ၁၆ ရွာရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရှိ ရသည်။
ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးတွင် ကျေးရွာပေါင်း ၇၃၉ ရွာ၌ လျှပ်စစ်မီးရရှိခဲ့ပြီး ၅၉၃၈ ရွာသည် အခြားနည်းလမ်းများဖြင့် လျှပ်စစ်မီး ကို ရရှိလာနိုင်သော်လည်း မီးလင်းရန်ကျေးရွာပေါင်း ၅၂၄ဝ အထိ ကျန်နေသေးသည်ကို တွေ့ရှိရသည်။
ကျန်ရှိနေသေးသည့် ကျေးရွာများနှင့် မြို့နယ်ခွဲများတွင် လျှပ်စစ်မီး ရရှိစေရေးအတွက် ၂၃ဝ ကေဗွီ ဓာတ်အားလိုင်းအပါအဝင် ဓာတ်အားခွဲရုံများ နှင့် ဆက်စပ်ဓာတ်အားလိုင်းဖြစ်သည့် ၆၆ ကေဗွီ ပုသိမ်-ငရုတ်ကောင်း- ငပြေမ ဓာတ်အားလိုင်းတို့ကို တည်ဆောက်ခဲ့ရာ ယခုငါးနှစ်အတွင်း မြို့များ သာမက ကျေးရွာများအထိပါ လျှပ်စစ်မီးပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငါးနှစ်အတွင်း လျှပ်စစ်မီးရရှိနိုင်ရေးအတွက် စီမံကိန်းငါးခုကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအနေဖြင့် ၂၃ဝ ကေဗွီ အသုတ်-ပုသိမ် မဟာဓာတ်အားလိုင်း အရှည် ၃ဝ ဒသမ ၂၅ မိုင်ကို ၂ဝ၁၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးငွေဖြင့် အကောင်အထည်ဖော်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ဓာတ်အားစတင်ပို့လွှတ်နိုင်ခဲ့ပြီဖြစ်သည်။
ထို့အပြင် ရရှိလာသည့်ဓာတ်အားများကို စနစ်တကျ မျှဝေသုံးစွဲနိုင်ရေး အတွက် အသုတ်ဓာတ်အားခွဲရုံတွင် Switch Bay တိုးချဲ့တည်ဆောက်ခြင်း နှင့် ပုသိမ် ပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်းများကို ဒုတိယမြောက် စီမံကိန်းအဖြစ် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အကောင်အထည်ဖော်ခဲ့ခြင်း ကြောင့် ဓာတ်အားများကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက စတင်ဖြန့်ဖြူးနိုင်ခဲ့သည်။
ထိုကဲ့သို့ တိုးချဲ့တည်ဆောက်ထားသည့် ဓာတ်အားခွဲရုံများမှ ဓာတ်အား များကို ထပ်ဆင့်ထုတ်လွှတ်နိုင်ရေးအတွက် ၂ဝ၁၅ ခုနှစ် မတ်လက ၆၆ ကေဗွီ ပုသိမ်-ငရုတ်ကောင်း-ငပြေမ ဓာတ်အားလိုင်း မိုင်ပေါင်း ၇၆ ဒသမ ၅ မိုင်နှင့် ဆက်စပ်ဓာတ်အားခွဲရုံများဖြစ်သည့် ၆၆ ကေဗွီနှင့် ၅ အမ်ဗွီအေ ငရုတ်ကောင်း ဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီနှင့် ၂ဝ+၅ အမ်ဗွီအေ ငပြေမ ဓာတ်အားခွဲရုံတို့ကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားမရရှိသေးသည့် မြို့နယ်များအတွက် ပိုမို ပေးအပ်နိုင်ရန်ရည်ရွယ်ကာ ပုသိမ်(ကန်ကြီးထောင့်)၂၃ဝ ကေဗွီ ဓာတ်အား ခွဲရုံနှင့် ဆက်စပ်ဓာတ်အားလိုင်းများကို တည်ဆောက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် တည်ဆောက်ပြီးစီးခဲ့ပြီးဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ခြမ်းဒေသရှိ မြို့နယ်များနှင့် ကျေးလက်အထိ ၂၄ နာရီပတ်လုံး လျှပ်စစ်မီး ပေးဝေဖြန့်ဖြူးနိုင်တော့မည်ဖြစ်သည်။
ပုသိမ်(ကန်ကြီးထောင့်)ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် ပုသိမ်-ငရုတ် ကောင်း-ငပြေမ ဓာတ်အားလိုင်းများ ချိတ်ဆက်သွယ်တန်းကာ တပ်ဆင်ခြင်းဖြင့် ငရုတ်ကောင်းနှင့် ငပြေမ ဓာတ်အားခွဲရုံများမှတစ်ဆင့် ပြည်တွင်း ပြည်ပ ခရီးသွားများ အပန်းဖြေလာရောက်ကြရာ အထင်ကရနေရာများဖြစ်ပြီး ယနေ့ တိုင် နိုင်ငံတော်ဓာတ်အားလိုင်း မရရှိသေးခြင်းကြောင့် အခက်ကြုံနေရသည့် ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာ၊ ငရုတ်ကောင်း၊ ငပြေမ၊ ထီးချိုင့်၊ ငပုတော၊ အုတ်ရှစ်ကွင်းနှင့် ကျုံကူးအတွင်းရှိ ကျေးရွာပေါင်း ၁၉၂ ရွာ အိမ်ခြေ ပေါင်း ၄ဝ၇၆ဝ တို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။
''အပန်းဖြေကမ်းခြေ ချောင်းသာနဲ့ ငွေဆောင်တို့မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဖို့ စီမံကိန်းက အရင်တုန်းကလည်း လုပ်ဖို့အစီအစဉ်တွေ ချမှတ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် ဓာတ်အားလိုင်းတွေ ချိတ်ဆက်ရာမှာ ကုန်ကျစရိတ်က အလွန်မြင့်မားတဲ့အတွက် စီးပွားရေးလုပ်ကိုင်သူတွေက ကိုယ်ပိုင်မီးစက်တွေ နဲ့ ဓာတ်အားရယူပြီး ဖွင့်လှစ်ခဲ့ရတာဖြစ်ပါတယ်။ မကြာခင်မှာ ဒီအခက်အခဲတွေ ကျော်လွန်ပြီး အပန်းဖြေကမ်းခြေတစ်ဝိုက်နဲ့ ငရုတ်ကောင်းကျွန်းလို စက်မှု ဇုန်တွေ တည်ထောင်လို့ ကောင်းမွန်တဲ့နေရာတွေဟာ ပိုမိုစည်ကားလာမှာ ဖြစ်သလို ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာ နိုင်တယ်'' ဟု ချောင်းသာကမ်းခြေ၌ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။
ဓာတ်အားလိုင်းကြီးများတည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မြေပြင်ကွင်းဆင်း၍ တာဝါတိုင်ဒီဇိုင်းပြုလုပ်ခြင်း၊ တာဝါတိုင်များ ဆောက်လုပ်ပြီးစီးပါက ဓာတ်အား လိုင်းတည်ဆောက်ခြင်း၏ အခက်အခဲဆုံးအပိုင်းဖြစ်သည့် တန်ပေါင်း ရာနှင့် ချီသော ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ဓာတ်အား ခွဲရုံနှင့် ချိတ်ဆက်ကာ ဓာတ်အားပို့လွှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရသဖြင့် ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ အမြင်ရှင်းသလောက် နည်းပညာ အရ ခက်ခဲသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး သက်စွန့်ဆံဖျား ဆောင်ရွက် ရသည်။
၆၆ ကေဗွီ ၁ဝ အမ်ဗွီအေ ပုသိမ်(မြက်တို) ဓာတ်အားခွဲရုံကိုလည်း တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအချက် အလက်များအရ သိရှိရသည်။
''ဧရာဝတီတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းမှာ အခုထက်ပိုပြီး လျှပ်စစ် ဓာတ်အားပေးနိုင်ဖို့အတွက် လှိုင်သာယာ-ကျိုက်လတ် ၂၃ဝ ကေဗွီ ဓာတ်အားလိုင်း ၅၂ မိုင်နဲ့ ၂၃ဝ ကေဗွီ ကျိုက်လတ် ဓာတ်အားခွဲရုံတွေ ဆက်လက်တည်ဆောက်နေတာဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ် မတ်လမှာ စတင်ခဲ့ ပြီး တာဝါအခြေခံအဆောက်အအုံတွေတည်ဆောက်မှု ၆၇ ရာခိုင်နှုန်း ပြီးစီး နေပါပြီ။ လာမယ့်ဘဏ္ဍာနှစ်မှာ အပြီးသတ်ဖို့ရှိပါတယ်။ ဒါ့အပြင် ၂၃ဝ ကေဗွီ ကျိုက်လတ်ပင်မဓာတ်အားခွဲရုံကိုလည်း တစ်ပါတည်း တည်ဆောက် နေတဲ့အတွက် လာမယ့်ဘဏ္ဍာနှစ်မှာ ဓာတ်အားဖြန့်ဖြူးမှုကို တစ်ပါတည်း ဆောင်ရွက်နိုင်ပြီ'' ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုစီမံကိန်းပြီးစီးသွားပါက ဧရာဝတီတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းရှိ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းဒေသအတွင်းရှိ ကျေးရွာပေါင်း ၂၈၆ ရွာကို လျှပ်စစ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ် သော လေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု ဖြစ်မြောက်နိုင်စွမ်းကို စမ်းသပ် လုပ်ဆောင်နေပြီး စီမံကိန်းလျာထားမှုအနေဖြင့် ချောင်းသာ၊ ရေနောက် အိုင်၊ ထန်းပင်ကွင်းနှင့် ကန်ကြီးထောင့်တို့၌ ဆောင်ရွက်သွားရန် စီစဉ် ထားသည်။
''ချောင်းသာမှာ လေအားကနေတစ်ဆင့် မဂ္ဂါဝပ် ၃ဝ အထိ စမ်းသပ်ထုတ် ဖို့ China Three Gorges Corporation က ပြင်ဆင်နေပါတယ်။ အဲဒါက အောင်မြင်သွားပြီဆိုတာနဲ့ ရေနောက်အိုင် လေအားလျှပ်စစ်ထုတ်လုပ်ရေး ကနေ ၁၁၂ မဂ္ဂါဝပ်၊ ထန်ပင်ကွင်းကနေ မဂ္ဂါဝပ် ၇ဝ နဲ့ ကန်ကြီးထောင့်ကနေ မဂ္ဂါဝပ် ၈ဝ ဓာတ်အားတွေ ထုတ်လုပ်သွားဖို့ရှိပါတယ်'' ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမျိုးသားလျှပ်စစ်စီမံချက်အရ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ငါးနှစ် စီမံကိန်းကာလတွင် အိမ်ထောင်စုပေါင်း ၁ ဒသမ ၇ သန်းကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးနိုင်ရန် လျာထားလျက်ရှိပြီး ပြီးခဲ့သည့် ငါးနှစ်တာအတွင်း၌မူ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လျှပ်စစ်ဓာတ်အား ၁၈၂၂ မဂ္ဂါဝပ် တိုးထုတ်ခဲ့သည့်အပြင် မြို့ပေါင်း ၄၂၂ မြို့နှင့် ကျေးရွာပေါင်း သုံးသောင်း နီးပါးတို့မှာ မဟာဓာတ်အားလိုင်းကြီးမှ ပေးအပ်သည့် လျှပ်စစ်မီးကို မျှဝေ နိုင်ခဲ့ပြီဖြစ်သည်။
ပညာသင်ကြားသူများအတွက် လျှပ်စစ်မီးကြောင့် ညအချိန် စာသင်အံ ကျက်မှတ်နိုင်ကြပြီ၊ တောင်သူဦးကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများသည် လည်း လျှပ်စစ်စွမ်းအားဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ အချိန်တိုးမြှင့် နိုင်ကြပြီ၊ ကျန်းမာရေးဌာနများ လျှပ်စစ်စွမ်းအားဖြင့် လူ့အသက်ပေါင်း များစွာကို အချိန်မီခွဲစိတ်ကုသနိုင်ရေးအတွက် အရည်အသွေးမြှင့်နိုင်ကြပြီ၊ နီယွန်မီးရောင် ထိန်ညီးစွာဖြင့် ဘာသာရေးအခမ်းအနားများ၊ ဒေသလူမှု ရေးလုပ်ငန်းများကို အရှိန်မြှင့်နိုင်ကြပြီဆိုပါက ယင်းဒေသသည် ဖွံ့ဖြိုးတိုးတက် သည့် ဒေသပင်ဖြစ်သည်။
လှိုင်းကြက်ခွပ်ကလေးများက ကမ်းနားလမ်းမကြီးတစ်လျှောက် နီယွန် မီး၏ အလင်းရောင်အောက်၌ ငွေရောင်တလက်လက်တောက်ပနေသည်။ ထို့အတူ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသည်လည်း အနီးဆုံးသော အနာဂတ်မနက်ဖြန်တွင် တလက်လက်တောက်ပနေမည်သာ။
သတင်းဆောင်းပါး-သန်းဦး(သတင်းစဉ်)၊ခင်ရတနာ
No comments:
Post a Comment