Saturday, January 2, 2016

အမေရိကန် မစ်ဆော်ရီ၊အီလီနွိုက်စ်ပြန်နယ်များကို ရေလွှမ်းမိုး၊အန္တရာယ်ရှိသောဒေသများတွင် လူ ကိုးသန်းရောက်နေ




မစ်ဆောရီ ဇန်နဝါရီ ၁ 

အမေရိကန်ပြည်ထောင်စု မစ်ဆောရီ၊ အာကန်ဆောနှင့် အရှေ့ အိုကလားဟိုးမားပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြင့်တက်လာ သောမြစ်ရေနှင့်အတူ အဆောက်အအုံအတော်များများ ရေလွှမ်း မိုးမှုဖြစ်ပွားခဲ့ရာ လူထောင်ပေါင်းများစွာ အိုးအိမ်များကို စွန့်ခွာခဲ့ရပြီးနောက် ဆက်လက် ရေကြီးမှုဖြစ်ပေါ်နိုင်သည့် အလားအလာများကြောင့် တန်နက်ဆီနှင့် တောင်ဘက် အီလီနွိုက်စ်ပြည်နယ်များရှိ မြို့များတွင် ဒီဇင်ဘာ ၃၁ ရက် ကြာသပတေးနေ့က အရေးပေါ်ပြင်ဆင်မှုများ ပြုလုပ်ထားရကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဒီဇင်ဘာ ၃၁ ရက်အထိ အမေရိကန်နိုင်ငံတစ်ဝန်း လူပေါင်း ၉ ဒသမ ၃ သန်း ရေဘေးသင့်ဒေသများတွင် ရောက်နေသောကြောင့် ရေကြီးမှုအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။ ရေကြီးမှုဒဏ်ကို ဒီဇင်ဘာ ၃ဝ ရက်တွင် လူပေါင်း ၁၂ ဒသမ ၁သန်း ခံစားခဲ့ရသည်။
ဖြစ်တောင့်ဖြစ်ခဲ ဆောင်းရာသီရေကြီးမှုများကြောင့် အမေရိကန် ပြည်ထောင်စု အလယ်တစ်ကြောတွင် အနည်းဆုံး လူပေါင်း ၂၈ ဦး သေဆုံးခဲ့ ကြောင်း တာဝန်ရှိသူများကပြောသည်။ ပုံမှန်အားဖြင့် အမေရိကန် အလယ် တစ်ကြောတွင် နှင်းခဲပျော်မြစ်ရေများကြောင့် ရေကြီးမှုများဖြစ်ပေါ်တတ်ကြောင်း သိရသည်။
တန်နက်ဆီပြည်နယ်မှ ပြည်သူများသည် ဒီဇင်ဘာ ၃၁ရက်က မစ္စစ္စပီ မြစ်ရေမြင့်တက်လာမှုကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရကြောင်း သိရသည်။
''မစ္စစ္စပီမြစ်ရေ မြင့်တက်လာမယ့်အလားအလာရှိတာကြောင့် ပစ္စည်းပစ္စယ တွေ မြင့်မြင့်ကို ရွှေ့ပြောင်းထားရပါတယ်'' ဟု ယင်းဒေသအနီးနေထိုင်သူ တစ်ဦးက ပြောသည်။
''ရေတွေက အမေရိကန်တောင်ဘက်တစ်ကြောကို ရောက်လာပြီ၊ အဲဒီ အတွက် ကြိုတင်ပြင်ဆင်ထားရမယ်'' ဟု ရွေးချယ်ခံ ဒုတိယမြို့တော်ဝန် ဘီလီနမ်ဂက်ဆာက စီအင်န်အင်န်သတင်းဌာနသို့ပြောခဲ့သည်။
''ဒါဟာ စိုးရိမ်စရာကောင်းတဲ့ကိစ္စပဲ။ ဆောင်းရာသီရဲ့အစပဲရှိသေးတယ်။ အရင်က ဒါမျိုးတစ်ခါမှမတွေ့ဖူးဘူး'' ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။
မစ္စစ္စပီမြစ်ရေသည် အချို့မြို့များကို လွှမ်းမိုးထားကြောင်း သိရသည်။ စိန့်လူးဝစ်အနောက်ဘက် မြစ်နှစ်စင်းသည်လည်း သမိုင်းဝင်ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။ ရေဆိုးစွန့်ပစ်စက်ရုံများလည်း ရေကြီးမှုများကြောင့် လုပ်ငန်းများရပ်တန့်ခဲ့ကာ လူရာပေါင်းများစွာ ၄င်းတို့၏နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း သိရသည်။

 (ရိုက်တာ)

No comments:

Post a Comment