Thursday, January 14, 2016

မြန်မာနိုင်ငံသား ရေလုပ်သား ၁၄ ဦး အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းမှ ပြန်လည်ရောက်ရှိ




The Mirror Daily's photo.


ရန်ကုန် ဇန်နဝါရီ ၁၃

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်ကျွန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၁၄ ဦးတို့သည် ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီ မိနစ် ၅ဝ က ထိုင်းနိုင်ငံလေကြောင်းလိုင်း TG-305 လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်။

''ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ရင်း ပွဲစားတချို့ကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ အခက်အခဲတွေ ကြုံတွေ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေပါ။ သူတို့အနေနဲ့ လူကုန်ကူးမှုတွေ ခံခဲ့ရသလား၊ ဘာတွေဖြစ်ခဲ့လဲ ဆိုတာတွေကို စစ်ဆေးမယ်။ လူကုန် ကူးမှုခံခဲ့ရတယ်ဆိုရင်လည်း ပွဲစားတွေကိုဖော်ထုတ်ပြီး အရေးယူမှုတွေ လုပ်သွားမှာပါ။ လူကုန်ကူးမှုခံရပေမယ့် ပွဲစားကို မမှတ်မိတော့ဘူးဆိုလည်း သူတို့ရဲ့ ဖြစ်စဉ်တွေကို မှတ်တမ်းထားပြီး သက်ဆိုင်ရာကတစ်ဆင့် သူတို့ရဲ့နစ်နာမှုတွေကို ဆောင်ရွက်ပေးသွားမှာပါ''ဟု အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ရန်ကုန်)မှ တပ်ဖွဲ့စုမှူး ရဲမှူး ရဲဝင်းအောင်က ပြောသည်။

ထိုသို့ ပြန်လည်ရောက်ရှိလာသူတို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှတာဝန်ရှိသူတို့က လေဆိပ်သို့ လာရောက်ကြိုဆိုအားပေးခဲ့ကြသည်။

အဆိုပါ ရေလုပ်သားများသည် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့၏ အကူအညီဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြန်မာနိုင်ငံသားအဖြစ် အတည်ပြုချက်ရယူကာ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ကချင်၊ ကရင်ပြည်နယ်တို့ မှ ပါဝင်ကြောင်း သိရသည်။

ပြန်လည် ရောက်ရှိလာသည့် ရေလုပ်သား ၁၄ ဦးအနက် နှစ်ဦးမှာ မိမိတို့အလုပ်လုပ်ခဲ့သည့် ငါးဖမ်းလှေနှင့် ကုမ္ပဏီအမည်တို့ကို မသိရှိ၍ လုပ်အားခရရှိရန် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးရာတွင် အခက်အခဲများ ကြုံတွေ့နေသဖြင့် ၎င်းတို့နှစ်ဦး၏ လုပ်အားခများမှာ မရရှိသေးကြောင်း သိရသည်။

''အင်ဒိုနီးရှားအစိုးရက ငါးဖမ်းခွင့် ပိတ်လိုက်တဲ့အတွက် အခက်အခဲတွေ ကြုံခဲ့ရတယ်။ ကျန်ရှိနေတဲ့ လုပ်အားခတွေကို သက်ဆိုင်ရာက ကူညီပေးလို့ အားလုံးရရှိခဲ့ပါတယ်။ နောက်ထပ်သွားဖို့ အစီအစဉ် မရှိတော့ပါဘူး''ဟု ပြန်လည်ရောက်ရှိလာသူ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်မှ ကိုကျော်ကျော်ထွန်းက ပြောသည်။

ထိုသို့ ပြန်လည်ရောက်ရှိလာသူတို့ကို မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် သက်ဆိုင်ရာမှ ခေတ္တ နေရာချပေးထားသည်။ IOM အနေဖြင့်လည်း ၎င်းတို့ကို သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်မှုများပြုလုပ်ပေးနေသည့်အပြင် နောက်ဆက်တွဲ စောင့်ကြည့် လေ့လာမှုများပြုလုပ်၍ လိုအပ်ပါက ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရေလုပ်သားများကို အဆိုပါ နိုင်ငံရှိ မြန်မာသံရုံးနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ ၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ၂ဝ၁၅ ခုနှစ်အတွင်း (၂၄)ကြိမ် ပို့ဆောင်ပေးနိုင်ခဲ့ပြီး လူဦးရေ ၁ဝ၁ဝ တို့ နေရပ် အသီးသီးသို့ ပြန်လည်ရောက်ရှိခဲ့သည့်အပြင် ယခုနှစ် ဇန်နဝါရီ ၅ ရက်နှင့် ၁၂ ရက်တို့တွင် တစ်ကြိမ်စီ ပို့ဆောင်နိုင်ခဲ့သဖြင့် ၂၈ ဦး ပြန်လည်ရောက် ရှိခဲ့ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ ဇော်ကြီး(ပဏီတ)

No comments:

Post a Comment