Sunday, January 31, 2016

မန်ယူက ဒါဘီကို အနိုင်ကစားပြီးနောက် အက်ဖ်အေဖလား အိပ်မက်မက်နေပြီဖြစ်တဲ့ဗန်ဟားလ်



The Mirror Daily's photo.


အက်ဖ်အေဖလား စတုတ္ထအဆင့်တွင် မန်ယူအသင်းက ဒါဘီအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပြီးနောက် မန်ယူနည်းပြကြီး ဗန်ဟားလ် က အက်ဖ်အေဖလားမှာ ဗိုလ်စွဲဖို့ အထိအိပ်မက်မက်နေပြီဖြစ်ပါတယ်။ မန်ယူဟာ ပွဲကစားချိန် ၁၆ မိနစ်မှာ ရွန်းနီက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပေ မယ့် ဒါဘီမှ သော်နီက ၃၇ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့လို့ ရုန်းကန် ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒါဘီ နောက်တန်းကစားသမားတွေက မာရှယ်လ်နဲ့ မာတာတို့နှစ်ဦးကို မထိန်းနိုင်ခဲ့လို့ ၆၅ မိနစ်မှာ ဘလိုင်းက ဒုတိယဂိုး၊ ၈၃ မိနစ်မှာ မာတာက မန်ယူအတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

နည်းပြဗန်ဟားလ်ကတော့ အက်ဖ်အေဖလားက အင်္ဂလန်ဘောလုံးလောကမှာ သက်တမ်းအရှည်ကြာဆုံးနဲ့ ဂုဏ်သိက္ခာကြီးမြင့်တဲ့ ဖလားတစ်လုံး ဖြစ်တာကြောင့် မန်ယူအနေနဲ့ ချန်ပီယံဆု ဆွတ်ခူးဖို့ကြိုးစားသွားမယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကွင်းလယ်ကစားသမား မာတာကတော့ သူတို့အနေနဲ့ ဝင်ဘလေကွင်းမှာ ဗိုလ်လုပွဲကစားဖို့ လောလောဆယ် မစဉ်းစားထားသေးဘဲ ပြိုင်ပွဲအပေါ် တစ်ဆင့်ပြီး တစ်ဆင့် ချဉ်းကပ်သွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဗန်ဟားလ်က''မန်ယူအသင်းက အက်ဖ်အေဖလားမရတာ နှစ်တော်တော် ကြာသွားပါပြီ။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီလိုဂုဏ်သိက္ခာကြီးမြင့်တဲ့ဖလား ကိုရယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒါက မန်ယူဟာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်မယ်လို့ အပိုင်ပြောထားတာ မဟုတ်ပါဘူး''လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဒါဘီနည်းပြ စီမန့်ကတော့ မန်ယူအသင်းရဲ့ ပြိုင်ဘက် ဂိုးဧရိယာထဲ လှုပ်ရှားမှုနဲ့ အဆုံးသတ်မှုတွေက အနည်းငယ်ကွဲပြားမှုရှိနေပေမယ့် ကောင်းမွန်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာတော့သေချာပါတယ်လို့ ဆိုခဲ့ပါတယ်။မန်ယူက ယခုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆ဝရာခိုင်နှုန်းလောက်အထိ ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၃ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအသင်းက ကယ်ပီတယ်ဝမ်းဖလားနဲ့ ချန်ပီယံလိဂ် ဖလားပြိုင်ပွဲတွေကလည်း ထွက်ခွာခဲ့ရပြီဖြစ်သလို ပရီမီယာလိဂ်အမှတ်ပေး ဇယားမှာလည်း အဆင့်(၅)နေရာ အထိရောက်ရှိနေလို့ အက်ဖ်အေ ဖလားကို အာရုံစိုက်နေတာ သေချာပါတယ်။ နည်းပြဗန်ဟားလ်က အခု ပွဲမှာ မန်ယူရဲ့ကစားကွက် အခင်းအကျင်းကို အသေအချာ ပြင်ဆင်ထားသလို အဓိက ကစားသမားတွေနဲ့သာ ပွဲထွက်ကစားစေခဲ့လို့ ဒီနှစ် ကလပ်အသင်းရဲ့အဓိကပစ်မှတ်က အက်ဖ်အေဖလားဆိုတာ ထင်ရှားနေပါတယ်။
မေလဲ့သင်း - စုစည်းသည်

No comments:

Post a Comment