Sunday, January 31, 2016

စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကျင်းပ




The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၃ဝ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နေပြည်တော် ပညာရေးညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား။ကျောင်းသူများက ''မြန်မာ့ကျောင်း''သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ပညာ ရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်နှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် သုတ၊ ရသ စာအုပ်စာစောင်များကို ညွှန်ကြားရေးမှူး(ပြန်/ဆက်)ဦးကျော်ဆင့် က မြို့နယ်ပညာရေးမှူး ဦးသန်းလင်း ထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ''ဇာတိမာန်'' သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်၊ ညွှန်ကြားရေးမှူး (ပြန်/ဆက်) ဦးကျော်ဆင့်၊ နေပြည်တော်ပညာရေးညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ဆုရရှိကြသည့်ကျောင်းသား ကျောင်းသူများနှင့်မိဘများ တက်ရောက်ကြသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment