Friday, January 29, 2016

ရွှေလှမ်းတက်ဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှု သေဆုံးဒဏ်ရာရသူများအား ငွေလှူဒါန်း




The Mirror Daily's photo.


မန္တလေး ဇန်နဝါရီ ၂၈

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သော ရွှေလှမ်းတက်ဇာတ် အဖွဲ့ဝင်များအတွက် အလှူငွေပေး အပ်ပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ပိုင်းက မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် သဘင်ပညာရှင်များ အစည်းအရုံး လောကနတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဦးချမ်းသာ- ဒေါ်စိုးစိုးအိနှင့် ရွှေမန်းသဘင်အဖွဲ့သူ၊ အဖွဲ့သားများက ငွေကျပ်ငါးသိန်းကို ဦးနန်းဌေးအောင်မှတစ်ဆင့် လှူဒါန်းရာ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးနေဝင်း နှင့် မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဦးစိန်မောင်းတို့က လက်ခံခဲ့ကြသည်။

ယင်းနောက် မန္တလေးမြို့ရှိ အငြိမ့်၊ ဇာတ်အဖွဲ့ပိုင်များ၊ အငြိမ့်ဇာတ်မင်းသား မင်းသမီးများ၊ လူရွှင်တော်အဖွဲ့များ၊ ဂီတအနုပညာရှင်များကလည်း မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံးမှတစ်ဆင့် လာရောက် လှူဒါန်းလျက်ရှိသည်။

ဂန့်ဂေါနှင့် ကလေးမြို့အကြား တောင်းခရမ်းကျေးရွာ ဘုရားပွဲသို့ သွားရောက်ဖျော်ဖြေရန် မန္တလေးမြို့မှ ထွက်ခွာခဲ့သော ဇာတ်အဖွဲ့ဝင် ၄ဝ ကျော်ပါ ရွှေလှမ်းတက်ဇာတ်အဖွဲ့ မော်တော်ယာဉ်သည် ဇန်နဝါရီ ၁၉ ရက် နံနက် ၅ နာရီက ပုလဲ-ဂန့်ဂေါလမ်း မိုင်တိုင်(၅၈)အနီးတွင် တိမ်းမှောက်ခဲ့သဖြင့် ဇာတ်အဖွဲ့မှ ပြဇာတ်မင်းသမီး၊ နှဲဆရာ၊ အသံချဲ့ စက်ကိုင်တို့ အခင်းဖြစ်နေရာတွင် သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကာ မန္တလေးဆေးရုံကြီးနှင့် မုံရွာဆေးရုံတို့ တွင် ဆေးကုသမှုခံနေကြကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment