Friday, January 29, 2016

ဆားတင်သင်္ဘော တွံတေးတူးမြောင်းတွင် နစ်မြုပ်



The Mirror Daily's photo.


ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေးတူးမြောင်းအတွင်း လေးမိုင်ခန့်အကွာ သာစည်ကျေးရွာအနီး၌ ဆားပိဿာ တစ်သိန်းကျော် တင်ဆောင်လာသည့် ရွှေသန္တာ (သစ်သားခွံ) တစ်ထပ်သင်္ဘောသည် ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီခန့်က နစ်မြုပ်သွားကြောင်း သိရသည်။

ယင်းရေယာဉ်သည် လပွတ္တာမြို့နယ် ပြင်စလူကျေးရွာမှ ဆားပိဿာချိန် တစ်သိန်းတစ်သောင်း တင်ဆောင်၍ ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဆိပ်ကမ်းသို့ ဘိုကလေးမြို့နယ် ဧရာကျေးရွာနေ ပဲ့နင်း ဦးခင်မောင်မြင့် (၅၇)နှစ်ပါ လှေသားရှစ်ဦးဖြင့် မောင်းနှင်လာစဉ် တွံတေးမြို့နယ် တွံတေးတူးမြောင်း (အရှည် လေးမိုင်ခန့်ရှိ) သာစည်ကျေးရွာ အနီးတွင် သင်္ဘောဝမ်းဗိုက်မှ ရေဝင်ကာ နစ်မြုပ်သွားခဲ့သည်။

အဆိုပါရေယာဉ်မှာ သစ်သားခွံဖြစ်ပြီး အရှည် ၉၁ ပေ၊ အကျယ် ၂၁ ပေ၊ ရေစူး ၉ ပေရှိကြောင်း၊ သင်္ဘောပေါ်ပါသူများအား အနီးရှိလှေများက ကယ်ဆယ်သဖြင့် အသေအပျောက် မရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၂၅၇ သိန်းခန့်ရှိကြောင်း၊ သင်္ဘောပိုင်ရှင်မှာ လပွတ္တာမြို့နယ် (၆) ရပ်ကွက်နေသူ ဦးဇေယျာ(၂၇)နှစ်ဖြစ်ကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ သင်္ဘောပဲ့နင်း ဦးခင်မောင်မြင့်အား တွံတေးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အောင်မင်း(ဒလ)

No comments:

Post a Comment