Thursday, January 14, 2016

အမျိုးသားလွှတ်တော်အစည်းအဝေး


အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ဆက်စပ်သည့်ကိစ္စများအားလုံးတွင်ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ
The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၁၃
ပထမအကြိမ် အမျိုးသားလွှတ် တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၂)ခု ဆွေးနွေးခြင်း၊ ဥပဒေကြမ်း(၁)ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင်ရီ၏ ကမ္ဘာတစ်လွှား၌ အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်ရေးသမားများက ပြည်သူများစုဝေးရာ နေရာများ၌ အကြောင်းမဲ့ဝင်ရောက် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အများသေကြေပျက်စီးရသည့် ဖြစ်ရပ်များပေါ်ပေါက်နေသဖြင့် ထိုသို့အစွန်း ရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ စောင့်ကြပ်ကြည့်ရှုစနစ်နှင့် အရေးပေါ် ကိစ္စများပေါ်ပေါက်ပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို သိရှိလိုကြောင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မြန်မာနိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်ဆက်စပ်သည့် ကိစ္စများအားလုံးတွင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတ(CTC)၏ အဖွဲ့ဝင်နိုင်ငံဖြစ် ပြီး အပြည်ပြည်ဆိုင်ရာအကြမ်းဖက်မှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းများတွင်ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်ပါကြောင်း။
ပြည်ထောင်စု အစိုးရအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများအား ထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းများနှင့်အညီ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအား ၂ဝ၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေပုဒ်မ ၅ အရ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၃ ရက် တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာအမှတ် (၁၁၉/၂ဝ၁၅)ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင်(၃၄)ဦးပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်း ထားရှိပါကြောင်း။
နိုင်ငံတော်တွင် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည့် ဖောက်ခွဲဖျက်ဆီး မှုများအပါအဝင် အကြမ်းဖက်တိုက် ခိုက်မှုများမရှိခဲ့သော်လည်း အကြမ်းဖက်မှုပပျောက်ရေးအတွက် အကြမ်းဖက်သမားများ ခိုလှုံသည့်နေရာနှင့် လေ့ကျင့်ရေးစခန်းများ မိမိတို့နိုင်ငံအတွင်း လုံးဝမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရန်နှင့် တားဆီးနှိမ် နင်းရန်၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ ဖော်ထုတ်လျက် သင့်လျော်သော နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှု လုပ်ရပ်မှန်သမျှကို ပြစ်မှုဆိုင်ရာတရား စီရင်ရေးစနစ်ဖြင့် ထိရောက်စွာ တုံ့ပြန်ရန်၊ အကြမ်းဖက်သမားများ နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရန်၊ အကြမ်းဖက်မှုဖြစ်ပွားလာပါကအမြန်ဆုံးကယ်ဆယ်ရေးနှင့်ချေမှုန်းရေးဆောင်ရွက်ရန်၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် စသည့်ရည်မှန်း ချက်များထား၍ ဆောင်ရွက်လျက်ရှိ ပါကြောင်း ဖြေကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင် ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်လေးဦးတို့ က ဆွေးနွေးကြသည်။
ထို့အတူ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော မြန်မာ့ကျောက်မျက်ရတနာဥပဒေကိုပြင် ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက် ကိုလွှတ်တော်၏အဆုံးအဖြတ်ရယူ အတည်ပြုသည်။
(သတင်းစဉ်)

No comments:

Post a Comment