Thursday, January 14, 2016

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး


The Mirror Daily's photo.
၂ဝ၁၆ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၏
မူနှင့်အခြေခံသဘောများ၊ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ ဆွေးနွေး
နေပြည်တော် ဇန်နဝါရီ ၁၃
ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၉ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်ကျင်းပရာ ပြည်ထောင် စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူက ကတိသစ္စာပြုခြင်း၊ ဥပဒေကြမ်းသုံးခုမှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်း၏မူနှင့် အခြေခံသဘောများ ရငွေ သုံးငွေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့် ဦးမျိုးမြင့်က ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်၌ ကတိသစ္စာပြုသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟုမှတ်ယူသည့် အခကြေးငွေပေးရေးဥပဒေကြမ်း၊ ၂ဝ၁၅ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကြမ်း၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း(၃)ခုကို လွှတ်တော်ကမှတ်တမ်းတင်သည်။
ယင်းနောက် ၂ဝ၁၆ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောများ၊ ရငွေ သုံးငွေများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ်၊ ဦးမင်းသူ၊ ဒေါ်ဇာတလဲမ်း၊ ဒေါက်တာခင်ရွှေ၊ ဦးရဲထွန်းနှင့် ဒေါက်တာ မြတ်ဥာဏစိုးတို့က ဆွေးနွေးကြသည်။
ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်းက ချင်းပြည်နယ်မြို့တော်၌ ဟားခါးဒီဂရီကောလိပ်တည်ဆောက်ပေးရန် ၂ဝ၁၅-၂ဝ၁၆တွင် ဘတ်ဂျက်ချ ထားခဲ့သော်လည်း ယခုအချိန်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ခြင်းမရှိသေးပါသဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးသည်။
ဥတ္တရသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက နေပြည်တော်စည်ပင်သာယာရေးကော်မတီက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လျာထားလုပ်ငန်း များစာရင်းအမှတ်စဉ်(၂)၌ လမ်း/တံတားလုပ်ငန်းအတွက် ကျပ် ၁ဝ၉၇ သန်းကျော် လျာထားတင်ပြထားရာ လမ်း/တံတား ပြင်ထိန်းလုပ်ငန်းအတွက် ကျပ် ၁၃၆ သန်းကျော်နှင့် လမ်းမီးအတွက် လျှပ်စစ်ဓာတ်အားခ ကျပ် ၉၆၁ သန်းကျော်တို့ လျာထားပါကြောင်း၊ အဆိုပါ လုပ်ငန်းနှစ်ခုအနက် လမ်းမီး လျှပ်စစ်ဓာတ်အားခ ကျပ် ၉၆၁ သန်းကျော် လျာထားတင်ပြထားခြင်းအား စိစစ်ရန်လိုအပ်ပါကြောင်းဆွေးနွေးသည်။
ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ်က နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာရေးမှ အထက်တန်းအထိ အရှိန်အဟုန်မြှင့် တည်ဆောက်ပေးလျက်ရှိသော်လည်း ဆယ်တန်း ဖြေဆိုအောင်မြင်သော အချို့ကျောင်းသားကျောင်းသူများမှာ ငွေရေးကြေးရေး ကျောင်းသုံးစရိတ်ခက်ခဲမှုကြောင့် တက္ကသိုလ်ပညာ မသင်ကြားနိုင်သော ကျောင်းသားကျောင်းသူအများအပြားရှိသည်ကို တွေ့ရှိရသည့်အတွက် ငွေလုံးငွေရင်းဘတ်ဂျက်ချမှတ်၍ တက္ကသိုလ်ဝင်ခွင့်ရရှိသော ကျောင်းသားကျောင်းသူ များအားလုံး ဘွဲ့ရရှိနိုင်ရေးအတွက် လစဉ်အတိုးနှုန်းမယူဘဲ ကုန်ကျငွေကို (၁၄)နှစ်အတွင်း နိုင်ငံတော်အစိုးရကို ပြန်လည်ပေးဆပ်နိုင်မည့် အစီအစဉ် ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးသည်။
(သတင်းစဉ်)

No comments:

Post a Comment