Tuesday, January 12, 2016

မြောက်ဖျားဆီမှ မဟာဓာတ်အားလိုင်းသို့ လျှပ်စစ်ဓာတ်အားလိုင်းများသွယ်တန်းမည်



The Mirror Daily's photo.


နေပြည်တော် ဇန်နန်ဝါရီ ၁၁

ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးတွင်တည်ရှိပြီး မြန်မာနိုင်ငံ တောင်ဘက်သို့ စီးဆင်းသော မြစ်ချောင်းများ၏ မြစ်ဖျားခံရာ တောင်ကုန်းတောင်တန်းများနှင့် တစ်နှစ်ပတ်လုံးအေးခဲသော ရေခဲတောင်များ၊ သဘာဝအလှတရားများဖြင့် လှပဝေဆာနေသော ပြည်နယ် တစ်ခုဖြစ်သည်။ ဧရိယာအကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၃၄၃၈၂ မိုင်ရှိပြီး ခရိုင်(၄)ခု၊ မြို့နယ်/ မြို့နယ်ခွဲ(၃၂)ခုဖြင့် ဖွဲ့စည်းထားသော ပြည်နယ်တစ်ခု ဖြစ်သည်။ ကချင်ပြည်နယ်တွင် ယခင်က လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဒီဇယ်အင်ဂျင်များဖြင့်သာ ဓာတ်အားပေးခဲ့ရသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား အလွယ်တကူ ရရှိရေးအတွက် မြေခံ၊ ရေခံကောင်းသော ကချင်ပြည်နယ်အတွက် ရေအားလျှပ်စစ်လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းများစွာ တွေ့ရှိရပေသည်။

ကချင်ပြည်နယ် ပထမဆုံးသော ရေအားလျှပ်စစ်ကို ၁၉၈၇ ခုနှစ် မတ်လ ၃ ရက်တွင် နမ့်ထွမ်ရေအားလျှပ်စစ် စက်ရုံမှ စက်တပ်ဆင်အင်အား (၁ဝဝ) ကီလိုဝပ် နှစ်လုံး ဖြင့် ပူတာအိုမြို့သို့ စတင်ဓာတ်အားပေးခဲ့သည်။

ထို့နောက် ဟိုပင်မြို့နယ်ခွဲရှိ ဂလိုင်ချောင်းရေအား လျှပ်စစ်စက်ရုံမှ သုည ဒသမ ၃၆ မဂ္ဂါဝပ် နှစ်လုံးဖြင့် ၁၉၉၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် မိုးညှင်း၊ ဟိုပင်နှင့် နမ္မားမြို့များသို့ ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ၁ ဒသမ ၂၅ မဂ္ဂါဝပ် လေးလုံးတပ်သည့် မိုးကောင်းမြို့နယ်ရှိ နမ့်ခမ်းရေအားလျှပ်စစ် စက်ရုံမှလည်းကောင်း၊ ၂ဝဝ၇ ခုနှစ် မတ် ၂၃ ရက်တွင် ၃ ဒသမ ၅ မဂ္ဂါဝပ် သုံးလုံးတပ်ဆင်သည့် ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်းပိုင် မလိခရေအားလျှပ်စစ်စက်ရုံ မှလည်းကောင်း၊ ထို့အပြင် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် စက်တပ်အင်အား (၆ဝ)မဂ္ဂါဝပ် လေးလုံးဖြင့် တာပိန်ရေအားလျှပ်စစ်စက်ရုံမှလည်းကောင်း၊ ၂ဝ၁၃ ခုနှစ် အောက်တိုဘာတွင် စက်တပ်အင်အား ၃၃ ဒသမ ၃ မဂ္ဂါဝပ် သုံးလုံးဖြင့် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံမှ လည်းကောင်း လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်နိုင်ခဲ့သည်။

အဆိုပါ ကချင်ပြည်နယ်အတွင်းရှိ ချီဖွေငယ်နှင့် တာပိန်(၁) ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်မြို့သစ်၊ ဒေါ့ဖုန်းယန်ဒေသ စသည့် ကချင်ပြည်နယ်တစ်ခုလုံးသာမက စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ ရွှေဘိုဒေသပတ်ဝန်းကျင်များသို့ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် ဓာတ်အားများကို မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးသွားမည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားများကို မြန်မာ့ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားလိုင်း တည်ဆောက်ရေးအတွက် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် Central China Power Grid Internation Economic and Trade Co.Ltd and Union Resources & Engineering Co.Ltd တို့အကြား စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ ၅ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းများမှာ တာပိန်(၁) ဓာတ်အားပေးစက်ရုံတွင်ရှိသော (၂၄ဝ)မဂ္ဂါဝပ် ဓာတ်အားများကို ဗန်းမော်မှ နဘားခွဲရုံ၊ ၎င်းမှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရွှေဘို၊ အုန်းတော၊ မုံရွာတစ်ဝိုက်နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ရန်အတွက် (၂၃ဝ)ကေဗွီ ဗန်းမော်-နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း ၂၅၅ မိုင် တည်ဆောက်ခြင်း၊ နဘားခွဲရုံ၊ ရွှေဘိုဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို Turnkey စနစ်အပ်နှံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဗန်းမော်-နဘားဓာတ်အားလိုင်း ၇၅ မိုင်တည်ဆောက်ခြင်းအတွက် (၂)နှစ်ခန့် နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်း မိုင် ၁၈ဝ တည်ဆောက်ခြင်း (၂)နှစ်ခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဦးအေးမြင့်၊ ဒုတိယဝန်ကြီးများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးထိန်လွင်နှင့် (CCPG)မှ President Mr. Yuna Xizhong ၊ (UREC) မှ President Mr. Guan Yuhum တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment