Tuesday, January 12, 2016

မြို့ပြနှင့်ကျေးလက်နေပြည်သူများအား မိုဘိုင်းဘဏ်စနစ်ဖြင့် ဝန်ဆောင်မှုပေးမည့် ရွှေပုဂ္ဂလိကဘဏ် တစ်နှစ်လျှင် ဘဏ်ခွဲငါးဘဏ်နှုန်း တိုးချဲ့ဖွင့်လှစ်သွားမည်


The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၁၁
မြို့ပြနှင့် ကျေးလက်နေပြည်သူများအကြား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် မိုဘိုင်းဘဏ်စနစ်ဖြင့် ဝန်ဆောင်မှုပေးမည့် ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သော ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် ကို ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည် လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး တစ်နှစ်လျှင် ဘဏ်ခွဲ ငါးဘဏ်နှုန်းဖြင့် ငါးနှစ်အတွင်း ဘဏ်ခွဲ ၂၅ ဘဏ် တိုးချဲ့ဖွင့်လှစ် ဝန်ဆောင်မှုပေးသွားမည်ဟု သိရသည်။
အသစ်ဖွင့်လှစ်လိုက်သော ရွှေဘဏ်သည် လက်ရှိဘဏ်လုပ်ငန်းနယ်ပယ်တွင် မြို့ပြနှင့်ကျေးလက်နေပြည်သူများကို မိုဘိုင်းဖုန်းဖြင့် ဘဏ်ကဲ့သို့ ဘဏ်၏ ဝန်ဆောင်မှုများထဲမှ အချို့ကို ကိုယ်စားလှယ် (Agent) များမှတစ်ဆင့် စရိတ်သက်သာစွာဖြင့် Cash In/ Cash Out/ Cash Transfer ဆောင်ရွက်ပေးမည်ဟု သိရပြီး Mobile Money/ Banking စနစ်ဖြင့် အဓိကထားဝန်ဆောင်မှု ပေးသွားမည်ဖြစ်ရာ လာမည့် ငါးနှစ်အတွင်း နိုင်ငံတစ်ဝန်းကိုယ်စားလှယ် (Mega Agent) ၃၂၆ ဦးဖြင့် ဆောင်ရွက်ပေးသွားရန် စီမံလျာထားကြောင်း သိရသည်။
''ကျွန်တော်တို့ နိုင်ငံမှာ အများစုက ကျေးလက်မှာနေထိုင်ပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံမှာ မိုဘိုင်းဖုန်း သုံးစွဲမှုက အတော်များလာပါပြီ။ အင်တာနက်သုံးစွဲမှုလည်း များလာပါပြီ။ ကျွန်တော်တို့ ဘဏ်မှာ Data center ကို သေချာဆောက်ထားပါတယ်။ ရည်ရွယ်ချက်က Mobile Phone Bankingပါ၊ Agency Banking ပါ။ ကျေးလက်ဒေသပါ ဘဏ်လုပ်ငန်းစနစ်ထဲဝင်အောင် စနစ်တကျ ဆောင်ရွက်ထားတာပါ။ အဓိက ရည်ရွယ်ချက်က ကျေးလက် ပြည်သူတွေအတွက်ကို ဘဏ်လုပ်ငန်းနဲ့ အကျိုးပြုမယ်။ အကျိုးပြုတဲ့ အခါမှာ အာဆီယံစီးပွားရေးအသိုက် အဝန်း AEC ပေါ့။ ၂ဝ၁၅ မှာ ကျွန်တော်တို့ မချိတ်နိုင်ဘူး။ ၂ဝ၁၈ အထိ Extension ပေးထားပါတယ်။ ဒီလို ၂ဝ၁၈ မတိုင်ခင်မှာ ကျွန်တော်တို့ နိုင်ငံက ပြည်သူပြည်သားအားလုံး အာဆီယံအဆင့် ဘဏ်ဝန်ဆောင်မှုရအောင် ကျွန်တော်တို့ဘဏ်က လုပ်ပေးဖို့ စီမံကိန်းတွေ ချထားပါတယ်။ အခုဆိုရင် ငွေတွေ အများကြီးကိုင်ကြရတယ်။ ဘဏ်ကို လာလည်း ငွေထုပ်ကြီးတွေနဲ့ လာရတယ်။ ဒါကို ကျွန်တော်တို့က ကတ်နဲ့ပါ။ ကျွန်တော်တို့ဘဏ်မှာ စာရင်း ဖွင့်ရင် ပုံမှန်ချက်လက်မှတ်စာအုပ် ပေးတယ်။ ငွေစုစာအုပ်ပေးတယ်။ နောက် ကတ်ပေးပါတယ်။ အဲဒီကတ် နဲ့ အားလုံးကို Link လုပ်ထားပါတယ်။ ကျွန်တော်တို့ ရွှေဘဏ်ရဲ့ ကတ်နဲ့
ဆိုရင် ATM တွေမှာလည်း သုံးလို့ရ တယ်။ POS တွေမှာလည်း သုံးလို့ ရတယ်။ ဒါက မြို့ပေါ်က လူတွေ အတွက်ပါ။ ကျေးလက်ကသူတွေ အတွက်ကတော့ ဘယ်လိုသုံးရမလဲ ဆိုတော့ Agent Banking ပါ။ အေဂျင်စီတွေရှိမှာပါ။ အေဂျင်စီတွေမှာ ငွေသွင်းတာ၊ ငွေထုတ်တာ၊ ငွေလွှဲ တာ လုပ်လို့ရပါတယ်'' ဟု ဦးသိန်းဇော် (အမှုဆောင် ဒုတိယဥက္ကဋ္ဌ ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက်) က ရွှေဘဏ် ဖွင့်ပွဲနေ့တွင် ဖြေကြားခဲ့သည်။
ရွှေဘဏ်အနေဖြင့် ပြည်တွင်း ဘဏ်လုပ်ငန်းများအပြင် ပြည်ပဘဏ် လုပ်ငန်းများကိုလည်း ဝန်ဆောင်မှု ပေးသွားမည်ဟု သိရသည်။ တိုးချဲ့ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတွင် မိုဘိုင်းဘဏ်စနစ်၊ အင်တာနက် ဘဏ်စနစ်လုပ်ငန်းများကို အဓိက တိုးချဲ့သွားမည်ဟု သိရပြီး ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ နိုင်ငံသားများ ပြည်တွင်းသို့ ငွေလွှဲ ပို့ရာတွင် မိုဘိုင်းဖုန်းဖြင့် လွှဲပို့နိုင်ရန် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ရန် လက်ရှိဘဏ်ဈေးကွက်အတွင်း ဈေးကွက်ဝေစုရရှိအောင် ဆောင်ရွက် သွားမည်ဟု သိရသည်။
ရွှေဘဏ်အနေဖြင့် ပြည်တွင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုလုပ်ငန်း များအားလုံးအပြင် နိုင်ငံတကာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ် ပေးခြင်း၊ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းရှင်များအတွက် LC/TT များ ဖွင့်လှစ်ပေးခြင်း၊ Money Changer များ ဖွင့်လှစ်ရန် နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ Master Card, Visa Card များ ထုတ်ပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး မည်ဖြစ်သည်။
''ရွှေဘဏ်'' အနေဖြင့် MPU အဖွဲ့ဝင်နိုင်ငံအဖြစ် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်လည်းကောင်း၊ ဗဟိုဘဏ် Cheque Clearing House Member အဖြစ် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်တွင်လည်း ကောင်း၊ နိုင်ငံတကာ ဘဏ်လုပ်ငန်း အတွက် SWIFT Membership အဖွဲ့ဝင်အဖြစ် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၆ ရက်တွင်လည်းကောင်း၊ မြန်မာ နိုင်ငံဘဏ်များ အသင်းဝင်အဖြစ် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် လည်းကောင်း ဝင်ရောက်ခဲ့ပြီးဖြစ် သည်ဟုသိရသည်။ ရွှေဘဏ်ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့ ဘဏ်ရုံးချုပ်ကို ဖွင့်လှစ်ခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် နာယက၊ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ၊ သမဝါယမဘဏ်ဥက္ကဋ္ဌ ဦးခင်မောင် အေးနှင့် ရွှေဘဏ် နာယက ဒေါ်နီနီ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment