Friday, January 1, 2016

ပိုးသတ်ဆေးဥပဒေကြမ်း၊ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကြမ်း အတည်ပြု





နေပြည်တော် ဒီဇင်ဘာ ၃၁


ပထမအကြိမ် အမျိုးသားလွှတ် တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်း အဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပရာ မေးခွန်း(၂)ခု မေးမြန်းဖြေကြားခြင်း၊ ပြည်သူ့လွှတ်တော်က ပြင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဥပဒေကြမ်း (၂)ခုအား အတည်ပြုခြင်း၊ အစီရင် ခံစာ(၃)ခု အတည်ပြုခြင်းနှင့် အစီရင် ခံစာ(၂)ခု တင်သွင်းခြင်းတို့ကို ဆောင် ရွက်ကြသည်။


အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးဆွေအောင်၏ နိုင်ငံတော်အစိုးရမှ ဒေသဖွံ့ဖြိုးရေးအတွက် ဆော-လောင်းရှည်-စေတုတ္တရာ လမ်းဖောက် လုပ်ရာတွင် နှစ်ပေါင်းများစွာ ဓားမဦး ချလုပ်ကိုင်ခဲ့သော လယ်ယာမြေများ ပျက်စီးဆုံးရှုံး နစ်နာရခြင်းအတွက် ဥပဒေအရ ထိုက်သင့်သော လျော် ကြေးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်နှင့် ဂန့်ဂေါခရိုင်အတွင်း တွင်ရှိသည့် ပဒါန်း-ငဖဲ-စေတုတ္တရာ-လောင်းရှည်-သီးကုန်း-ဆောလမ်း ဖောက်လုပ်ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်း၍ ပါဝင်သွားသည့် ဆော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅) အုပ်စုမှ တောင်သူ (၂၄)ဦး၏ လယ်ယာမြေ ၇ ဒသမ ၄၅ ဧက အတွက် မြေယာလျော်ကြေးနှင့် သီးနှံနစ်နာကြေးအတွက် ငွေကျပ် (၁၃၇၆၅ဝဝဝ)အား ပေးလျော်ခဲ့ပြီး ဖြစ်ပါကြောင်း။


ထို့ပြင် အဆိုပါ လမ်းဖောက်လုပ် ရာတွင် လမ်းဧရိယာနှင့် မလွတ်ကင်း သည့်အတွက် ပါဝင်သွားခဲ့သော ဦးသိန်းထွန်းအောင်ပါ တောင်သူ(၄) ဦးနှင့် ဒေါ်သိန်းရီတို့၏ လယ်ယာ မြေများအတွက် နစ်နာကြေးများအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီအဆင့်ဆင့်၏ အတည်ပြု ချက်ရရှိပါက မြေယာလျော်ကြေး အမြန်ဆုံး ပေးချေနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ဖြေကြားသည်။



ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့ လာသည့် ပိုးသတ်ဆေးဥပဒေကြမ်း၊ အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီ၊ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီနှင့် အမျိုးသားလွှတ်တော် မဟာဗျူဟာ လေ့လာရေးနှင့် သုတေသနကော်မတီ တို့၏ ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးကာလ များအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။


ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ နှင့် အမျိုးသားလွှတ်တော်တိုင်းရင်း သားရေးရာ ပဋိပက္ခဖြေလျှော့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကော်မတီ တို့၏ ပထမအကြိမ် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးကာလ များအတွင်း ကော်မတီ၏လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာများကို ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က လွှတ်တော်သို့ ဖတ်ကြားတင် သွင်းကြရာ လွှတ်တော်ဒုတိယဥက္ကဋ္ဌ က ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။



(သတင်းစဉ်)

No comments:

Post a Comment