Friday, January 1, 2016

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြု


 


နေပြည်တော် ဒီဇင်ဘာ ၃၁


ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အပါအဝင် ဥပဒေ ကြမ်းနှစ်ခု ဆွေးနွေးအတည်ပြုခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း(၄)ခုမေးမြန်း ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေး၌ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦး၏ နိုင်ငံတော် တွင် ကျူးကျော်နေထိုင်သူများအပါအဝင် များစွာသော ပြည်သူတို့မှာ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားသက်သေခံလက်မှတ် ထုတ်ပေးနိုင်ခြင်း မရှိသေးသဖြင့် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်၍ ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမြင့်က ရွှေ့ပြောင်းသွားလာ နေသူများ၏ အိမ်ထောင်စုအလိုက် လူဦးရေစာရင်းများ အနီးစပ်ဆုံး ရရှိနိုင်ရေး အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခင်နေထိုင်ခဲ့သည့် မြို့နယ်များတွင် စာရင်း ရှိ၊ မရှိ စိစစ်ခြင်း၊ မှန်ကန်ပါက စာရင်းပယ်ဖျက်၍ အမြဲအခြေချနေထိုင်မည့် မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးပြီးပါက မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံသား ဥပဒေဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ တွေ့ကြုံနေရသည့် အခက်အခဲများမှာ ဥပဒေ၊ နည်းဥပဒေများကြောင့် မဟုတ်ကြောင်း၊ အတည်တကျနေထိုင်ခြင်းမရှိဘဲ မကြာခဏရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ¤င်းတို့၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထားများ တင်ပြနိုင်မှု အခြေအနေများအပေါ်မူတည်၍ ခက်ခဲနေ ခြင်းဖြစ်၍ လက်ရှိကျင့်သုံးနေသော ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင် ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းပြောကြားသည်။


ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်း ရေးတွင် လူထုမှ ပူးပေါင်းပါဝင်နိုင်ရေးအတွက် နိုင်ငံတော်မှ မူဝါဒချမှတ်ထား ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြည်သူလူထုကို မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂ဝဝ၇ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ်တို့တွင် (၅)ကြိမ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မဟာဗျူဟာနှစ်ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ နည်းနာနိဿယ(၃)ရပ်နှင့် လုပ်ငန်းစဉ် (၅)ရပ်တို့ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။


နိုင်ငံတော်အစိုးရမှ ၁၉၉၉ -၂ဝဝဝ ခုနှစ်မှ ၂ဝ၁၃ -၂ဝ၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၁၄ - ၂ဝ၁၅ မှ ၂ဝ၁၈ - ၂ဝ၁၉ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး (၅)နှစ် စီမံကိန်းထပ်မံရေးဆွဲ၍ ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှုပပျောက် ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်မှ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သည့် ဆေးဝါးများဆိုင်ရာဥပဒေနှင့် နည်းဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ပြီး မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးတွင် လူထုမှပူးပေါင်းပါဝင်ရေးအတွက် နိုင်ငံတော် မှ မူဝါဒချမှတ်ခဲ့ပါကြောင်း၊ အဆိုပါမူဝါဒနှင့်အညီ နှစ်ရှည်စီမံကိန်း၊ နှစ်စဉ်စီမံ ကိန်းများရေးဆွဲလျက် ပြည်သူလူထုနှင့် ပြည်တွင်းရှိ NGO, INGOs အဖွဲ့ အစည်းများ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)အဖွဲ့များ ပူးပေါင်းပါဝင်လျက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။


ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးကြပြီး ပြင်ဆင်ချက်(၁၈)ချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်း သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုကြသည်။


ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ ကျင်းပမည့်နေ့ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ် ကြောင်း သိရသည်။


(သတင်းစဉ်)

No comments:

Post a Comment