Friday, January 1, 2016

နှစ်သစ်ကူးလက်ဆောင် မြို့ကြီးဘက်စုံရေလှောင်တမံ ယနေ့ဖွင့်လှစ်မည်




The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၃၁

ယနေ့တွင် နှစ်သစ်ကူးလက်ဆောင်အဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် အကျိုးပြုမည့် မြို့ကြီးဘက်စုံရေလှောင်တမံကို ဖွင့်လှစ်မည်ဖြစ်သည်။ မြို့နာမည်ရွာ၊ ရွာနာမည်မြို့ဖြစ်နေသည်မှာ မြန်မာပြည်တွင် တစ်နေရာတည်းသာရှိသည်။ ယင်းမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရွာငံမြို့နယ် မြို့ကြီးကျေးရွာပင်ဖြစ်သည်။ ယင်းမြို့ကြီးကျေးရွာအနီးတွင် တည်ဆောက်ထားသောကြောင့် မြို့ကြီးရေလှောင်တမံဟု ခေါ်တွင်ခြင်းဖြစ်သည်။ အဆိုပါမြို့ကြီးရေလှောင်တမံမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီး ဇော်ဂျီမြစ်ပေါ်တွင် တည်ရှိသည်။

ရေလှောင်တမံအမျိုးအစားမှာ မြေသားတမံ(ဇုန်အမျိုးအစား)ဖြစ်ပြီး အလျား ၂၄၆၁ ပေ၊ အမြင့် ၂၅၈ ပေရှိသည်။ ရေပိုလွှဲအမျိုးအစားမှာ သံကူ ကွန်ကရစ်ဖြစ်ပြီး အကျယ် ၂၉၅ ဒသမ ၃ ပေရှိသည်။ တမံတွင် ရေလွှဲဥမင်နှင့် ရေအားလျှပ်စစ်ဥမင်တို့ရှိမှာဖြစ်ပြီး ရေအားလျှပ်စစ်ဥမင်မှာ အချင်းပေ ၂ဝ၊ အလျား ၁၆၄၄ ပေရှိသည်။

ရေအားလျှပ်စစ်စက်ရုံအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး အလျား ၁၃၅ ပေ၊ အနံ ၈၄ ပေ၊ အမြင့် ၈ ပေဖြစ်သည်။ ရေအားလျှပ်စစ်တာဘိုင် မှာ ဖရန့်ဆစ်တာဘိုင်အမျိုးအစားဖြစ်ပြီး ရေအားလျှပ်စစ်တပ်ဆင်ဓာတ်အား ၃ဝ မဂ္ဂါဝပ်၊ ၁၅ မဂ္ဂါဝပ် x ၂လုံး ဖြစ်သည်။ ၎င်းမှ နှစ်စဉ်ပျမ်းမျှလျှပ်စစ် ဓာတ်အား ၁၃၅ ဒသမ ၇ဝ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်ပေးနိုင်မှာဖြစ်သည်။

ရေပေးဝေရေးမြောင်းမကြီး နှစ်ခုရှိပြီး အမှတ်(၁)မြောင်းမကြီးမှာ ၁၁ ဒသမ ၄ မိုင်ရှည်ပြီး မြောင်းမကြီး(၂)မှာ ၁ဝ မိုင်ရှည်လျားသည်။ မြို့ကြီးဘက်စုံ ရေလှောင်တမံသည် ယနေ့နှစ်သစ်ကူး ၁ ရက်တွင် ဖွင့်လှစ်လိုက်သဖြင့် ၎င်းမှတစ်ဆင့် ကျောက်ဆည်ခရိုင်အတွင်းရှိ လက်ရှိဇော်ဂျီဆည်ရေသောက် ဧရိယာဧက ၈၂ဝဝဝ အား ရေပိုမိုပေးဝေနိုင်မည်ဖြစ်ပြီး ပူပြင်းခြောက်သွေ့သည့် မိတ္ထီလာလွင်ပြင်အတွင်းရှိ ရေသောက်ဧရိယာဧက ၃၃ဝဝဝ ခန့်တို့ကို ဆည်ရေဖြင့် သီးနှံများပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်သည်။

ထို့အပြင် လျှပ်စစ်ဓာတ်အားနှစ်စဉ် ကီလိုဝပ်နာရီသန်းပေါင်း ၁၃၅ ဒသမ ၇ဝ ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်သစ်ကူးလက်ဆောင်အဖြစ် မြို့ကြီးဘက်စုံရေလှောင်တမံကို ယနေ့ ဖွင့်လှစ်ပေးလိုက်ခြင်းပင်ဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ
သန်းဦး(လေးမျက်နှာ)

No comments:

Post a Comment