ရန်ကုန် ဇန်နဝါရီ ၂၈
၂ဝ၁၅ ရာသီ MNL အမှတ်ပေးချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ၂ဝ၁၆ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲအကြို ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းမည်ဖြစ်သည်။
မြန်မာကလပ်အသင်းမှာ ယခုရာသီတွင် အကြိုခြေစစ်ပွဲ ဒုတိယအဆင့်မှ စတင်ကစားရခြင်းဖြစ်ပြီး ၂ဝ၁၅ MNL အမှတ်ပေးချန်ပီယံ ရန်ကုန်အသင်းမှာ ထိုင်းပရီမီယာလိဂ်ကလပ် ချောင်ဘူရီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းပွဲစဉ်ကို ဖေဖော်ဝါရီ ၂ ရက် ဒေသ စံတော်ချိန် ည ၇ နာရီတွင် ထိုင်းနိုင်ငံရှိ ချောင်ဘူရီကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရန်ကုန်အသင်းမှာ ယခုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါက Play off အဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ဂျေလိဂ်ကလပ် FC တိုကျိုအသင်းနှင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် အာရှဒေသတွင်း၏ အဆင့်မြင့်ဆုံးပြိုင်ပွဲကို ယှဉ်ပြိုင် ခွင့်ရထားသော်လည်း ယခုရာသီအစတွင် နည်းပြ အပြောင်းအလဲနှင့်အတူ ရလဒ်ပိုင်းဆိုးရွားနေသည့် အသင်းဖြစ်သည်။ MNL အမှတ်ပေးပြိုင်ပွဲတွင် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပြီး အမာခံ ကစားသမားအချို့ ဒဏ်ရာရရှိနေရာ အဝေးကွင်း ဖြစ်သောကြောင့် ပိုမိုရုန်းကန်ရဖွယ်ရှိနေသည်။ ထို့ပြင် ရန်ကုန်အသင်းသည် ပြည်တွင်း၌လည်း ပွဲကြပ်များ ဆက်တိုက်ကစားနေရပြီး ဧရာဝတီ အသင်းနှင့် ဇန်နဝါရီ ၂၉ ရက်တွင် အမှတ်ပေးပွဲ ကစားကာ သုံးရက်သာနားပြီး အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ခြေစစ်ပွဲကစားရမည့် ထိုင်းကလပ် ချောင်ဘူရီအသင်းနှင့် ၂ဝ၁၂ AFC Cup ပြိုင်ပွဲ တွင် တွေ့ဆုံခဲ့ပြီး တစ်ပွဲသရေကျကာ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
ချောင်ဘူရီအသင်းမှာ မူလက အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကို ယှဉ်ပြိုင်ခွင့်မရသော်လည်း ၂ဝ၁၅ ထိုင်းပရီမီယာလိဂ်၌ တတိယနေရာရရှိခဲ့သည့် ဆူဖန်ဘူရီအသင်းမှာ AFC ကလပ်အသင်း လိုင်စင်မရှိသောကြောင့် စတုတ္ထနေရာရရှိခဲ့သည့် ချောင်ဘူရီ အသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။ ချောင်ဘူရီအသင်းမှာ ထိုင်းနာမည်ကြီး လက်ရွေးစင်ဟောင်း သာဆတ်ချိုင်မန်း ကိုင်တွယ်နေသည့် အသင်းဖြစ်ပြီး ဘရာဇီးနှင့် တောင်ကိုရီးယား ကစားသမားများ ခေါ်ယူအသုံးပြုလျက်ရှိသည်။ ထို့ပြင် လက်ရှိ ထိုင်းလက်ရွေးစင်ကစားသမားများဖြစ်သည့် ဆူတီနန်၊ သာဝီခရန်၊ ပရာကစ်ဒီပရွန်၊ ပေါ့ခ်လောတို့ ပါဝင်ကစားလျက်ရှိသည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်
No comments:
Post a Comment