Friday, January 29, 2016

မန္တလေး-မူဆယ်လမ်းပိုင်း ယာဉ်ကြောပိတ်ဆို့မှုကြောင့်ကုန်တွဲယာဉ်များ သွားလာမှု ကန့်သတ်သင့်




The Mirror Daily's photo.


မန္တလေး ဇန်နဝါရီ ၂၈

မန္တလေး-မူဆယ် လမ်းပိုင်းမှ ကွတ်ခိုင်ရှုခင်းသာတွင် တွဲယာဉ်များကြောင့် ယာဉ်ကြောများပိတ်ဆို့ မှုဖြစ်ပွားနေသဖြင့် ကုန်တွဲယာဉ်များ သွားလာမှုကို ကန့်သတ်သင့်ကြောင်း အဆိုပါလမ်းပိုင်းတွင် မောင်းနှင်နေသည့် ခရီးသည်တင် ယာဉ်လိုင်းများမှသိရသည်။

''ရှုခင်းသာမှာ တွဲကားတစ်စီး တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ခရီးသည်တင်ယာဉ် နဲ့ အိမ်စီးယာဉ်တွေ အားလုံးပိတ်မိတယ်။ လမ်းပိတ်ရင် ကားသေးလည်း သွားလို့မရတော့ဘူး။ အတက်ရော၊ အဆင်းရော ပိတ်တာပါ။ ကုန်တင်တွဲကားတွေ အတက်အဆင်း သွားလာတဲ့ရက်ကို ကန့်သတ်ပေးသင့်တယ်။''ဟု ခရီးသည်ယာဉ်လိုင်းမောင်းနှင်သူ ကိုမြင့်ဆွေက ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ကုန်တင်တွဲကားများမှာ နေ့စဉ် ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်နေကြရာ သွားလာနေကြသည့် ယာဉ်များနှင့် လမ်းပိုင်းအနေအထား ကိုက်ညီမှုမရှိတော့၍ ကုန်တင်တွဲ ကားများအား အတက်နှင့်အဆင်းကို ရက်သတ်မှတ်ပါက ယာဉ်ကြောပိတ်ဆို့မှု မရှိနိုင်တော့ပါ။ ''တွဲကားတွေ အသွားအလာများလွန်းလို့ လမ်းပိတ်ဆို့ပြီး လမ်းမှာခရီးသည်တွေ ပုံမှန်သွားလာချိန်ထက် ကြန့်ကြာတယ်။ တခြားခြောက်ဘီးနဲ့ ၁၂ ဘီး ကုန်တင်ကားတွေနဲ့ ဆိုရင်တော့ ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ လက်ရှိမှာ စက်သုံးဆီဈေးက လည်းကျတော့ ကုန်စည်ပို့ဆောင်မှုနဲ့ လက်မှတ် ဈေးကတက်ဖို့ မဖြစ်သင့်ဘူး။''ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ (အဝေးပြေး)ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့်မူဆယ် နယ်စပ်မြို့မှ တရုတ်နိုင်ငံနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရာတွင်အဓိကလမ်းပိုင်းဖြစ်၍ ကုန်တင်ကားများ၊ခရီးသည်ယာဉ်လိုင်းများနှင့် အိမ်စီးကားများ နေ့စဉ်သွားလာမှုများပြားခြင်းကြောင့် ကုန်တင်တွဲယာဉ်ကြီးများ လမ်းပိုင်းတွင် စက်ချွတ်ယွင်းခြင်း၊ တိမ်းမှောက်ခြင်းတို့က ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွား စေကြောင်းသိရသည်။

''လမ်းပိုင်းဖြတ်သန်းရတဲ့ တိုးဂိတ်တွေမှာ မလိုအပ်ဘဲ ခရီးသည်ယာဉ်တွေကို စစ်ဆေးတာတွေ လုပ်တာကလည်း ယာဉ်ကြောပိတ်ဆို့တာ၊ ကြန့်ကြာတာတွေဖြစ်စေတယ်။ တွဲကားတစ်စီးက လမ်းမှာတစ်ခုခုဖြစ်ပြီဆိုရင် ရှုခင်းသာနေရာမှာ ရှောင်တိမ်းသွားဖို့ နေရာကမရှိဘူး။ အဲဒီနေရာမှာ လမ်းပိတ်ပြီး ညအိပ်ရတာပဲ။ တခြားနေရာတွေမှာ လမ်းပိတ်တာ က နာရီပိုင်းလောက်ပဲကြာတယ်''ဟု ယာဉ်မောင်းတစ်ဦးကပြောသည်။ မန္တလေး-မူဆယ်ခရီးသည် ယာဉ်လိုင်း ၁၅ လိုင်းခန့်ရှိပြီး ယာဉ်ကြောပိတ်ဆို့သည့်အခါ ပုံမှန်သွားလာရန် ကြာချိန်ထက် တစ်ရက်မှ နှစ်ရက်ထိပိုမိုကြာမြင့်သဖြင့် ခရီးသွားများအခက်အခဲရှိနေကြောင်း သိရသည်။
(အောင်ရဲသွင်)

No comments:

Post a Comment