ဆန်ရေစပါးပေါများချမ်းသာ
မြန်မာနိုင်ငံကို စက်မှုနိုင်ငံထူထောင်ရန်ထက် စိုက်ပျိုးရေးနိုင်ငံ ထူထောင်ခြင်းသာ သင့်လျော်မှုရှိမည်။ မြန်မာနိုင်ငံသည် ရှေးဦးအစကာလ ကတည်းက စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ခဲ့သည်။ မျက်မှောက်ကာလတွင် မြို့ပြဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ တိုးပွားလာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများမှာ တစ်စတစ်စ လျော့နည်းလာသည်။
ထိုသို့လျော့နည်းလာခြင်းသည် ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် မြေယာအသုံးချနိုင်မှုအနေအထား ပြောင်းလဲလာသောကြောင့်ဖြစ်သည်။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ အမျိုးသားဖွံ့ဖြိုး တိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂ဝ၁၆-၂ဝ၁၇ မှ ၂ဝ၂ဝ-၂ဝ၂၁) မူကြမ်းတွင် မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ၌ လုပ်ကိုင်နေသူ လူဦးရေ ၁၈ သန်းကျော်ရှိပြီး စိုက်ပျိုးမြေဧက ၁၂ သန်းကျော်ရှိသည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံ၏ ၂ဝ၁၄ စစ်တမ်းအရ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း ရှိ လုပ်သားအင်အားမှာ နိုင်ငံလူဦးရေ၏ ၆၇ ရာခိုင်နှုန်းရှိသည်ဟု ဆိုထားသည်။ ကျေးလက်နေပြည်သူများမှာ ၇ဝ ရာခိုင်နှုန်းရှိသည်ဟု ဆိုထားသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူ လျော့နည်းလာသည်ဟု ဆိုနိုင်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် ရေမြေရာသီဥတုကောင်းမွန်သဖြင့် ရှေးယခင်ကတည်းက စိုက်ပျိုးရေးလုပ်ငန်းကို ဦးစားပေးလုပ်ကိုင်ကြသည်။
ယခင်က တစ်နိုင်ငံလုံး၏ စိုက်ပျိုးနိုင်သောမြေဧကစုစုပေါင်း၏ သုံးပုံနှစ်ပုံမှာ ဆန်စပါးစိုက်ပျိုးမြေများဖြစ်သည်။ ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်က မြန်မာနိုင်ငံတွင် ထွန်ယက်စိုက်ပျိုးနိုင်သော မြေဧက ၁၉ သန်းခွဲကျော်ရှိသည့် အနက် ဧက ၁၂ သန်းခွဲကျော်မှာ စပါးစိုက်ပျိုးသောမြေများဖြစ်သည်။ တစ်ချိန် သောကာလက ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် လယ်ယာစပါးစိုက်ခင်းများနှင့် စိမ်းစိုဝါဝင်းသော တစ်မျှော်တစ်ခေါ်စိုက်ခင်းများရှိခဲ့သည်။ ယခုအခါ မြို့ပြ ချဲ့ထွင်မှုကြောင့် စပါးစိုက်ခင်းများပျောက်ကွယ်သွားခဲ့ရသည်။
သို့သော် ယခုအခါ စိုက်ပျိုးမြေဧက ၁၂ သန်းကျော်ရှိသေးသည်ဟု ဆိုထားသဖြင့် မြေယာမှ ကုန်ထုတ်လုပ်နိုင်စွမ်းတိုးတက်အောင်သာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်နိုင်စွမ်းဆိုရာ၌လည်း လယ်ယာစစ်တမ်းအရ တစ်ဧက တစ်နှစ်လျှင် ၄၅၁ ဒေါ်လာတန်ဖိုးသာရှိသဖြင့် အာဆီယံနိုင်ငံများတွင် အနည်းဆုံးဖြစ်နေသည်။ ထိုသို့ဖြစ်ခြင်းမှာ လယ်ယာလုပ်သား ရှားပါးသောကြောင့်ဟု ဆိုကြသည်။
စိုက်ပျိုးရေးလုပ်ငန်းခွင်မှ လယ်ယာလုပ်သားများမှာ လယ်ယာလုပ်ငန်း ဝင်ငွေထက် ပိုမိုများသော အခြားလုပ်ငန်းခွင်များ၊ ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားခြင်းများမှာလည်း အကြောင်းတစ်ချက်ဖြစ်နိုင်သည်။ အဓိကအချက်မှာ လယ်ယာထွက်ကုန်လျော့နည်းခြင်းနှင့် ထုတ်ကုန်တန်ဖိုးနည်းပါးခြင်း ဖြစ်သည်။ နောက်ဆက်တွဲအကျိုးရလဒ်မှာ လယ်ယာမြေပိုင်ဆိုင်မှု လျော့နည်းသွားခြင်းဖြစ်သည်။ လယ်ယာမြေများကို တန်ဖိုးသင့်မြေများအဖြစ် ပြောင်းလဲလိုက်ခြင်းသည် မျက်မှောက်ကာလ စိုက်ပျိုးရေးလုပ်ငန်းအတွက် ကြီးမားသောစိန်ခေါ်မှု ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် လယ်ယာပိုင်ဆိုင်သူတစ်ဦးအနေဖြင့် ၂ ဒသမ ဝ၅ ဧက ပိုင်ဆိုင်နေချိန်တွင် အချို့နိုင်ငံများတွင် ဟက်တာ ၁ဝဝ ခန့်ပိုင်ဆိုင်နေကြပြီ။ မြန်မာနိုင်ငံတွင်လည်း အကယ်၍ စက်မှုဧကစိုက်ခင်းကြီးများ၊ စိုက်ကွက်ကြီးများပျိုးထောင်၍ လယ်ယာလုပ်ကိုင်သူတစ်ဦးလျှင် ဟက်တာ ၁ဝဝ ခန့်လုပ်ကိုင်နိုင်ပါက ကုန်ထုတ်ပမာဏတိုးတက်ကာ အာဆီယံနိုင်ငံများမှ ပထမအုပ်စုတွင် ပါဝင်လာနိုင်ကာ မြေယာထုတ်လုပ်နိုင်စွမ်း တစ်ဧက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ဝဝ မှ ၂ဝဝဝ အတွင်း ညီမျှသော ဝင်ငွေများရရှိလာနိုင်သည်။
လက်ရှိစိန်ခေါ်မှုအခက်အခဲမှာ လယ်ယာမြေပိုင်ဆိုင်မှုပြဿနာပင် ဖြစ်သည်။ လယ်ယာမြေပိုင်ဆိုင်မှုပြဿနာများကို ဖြေရှင်းပေးလိုက်နိုင်ပြီး တောင်သူလယ်သမားများ ကုန်ထုတ်လုပ်မှုစွမ်းအားကောင်းစေရန် ကူညီဆောင်ရွက်ပေးရဦးမည်ဖြစ်သည်။ စိုက်ပျိုးစရိတ်၊ အထွက်တိုးမျိုးကောင်း၊ စိတ်ချအာမခံသည့်ထောက်ခံချက်၊ ရောင်းကုန်ဖြောင့်ဖြူးရေး စသည့်ကိစ္စများကို သက်ဆိုင်ရာတို့က ထဲထဲဝင်ဝင် ထိထိရောက်ရောက် တစ်ပြေးညီ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
သို့မှသာ စိုက်ပျိုးရေးနိုင်ငံဟု ဂုဏ်တင့်ခဲ့သည့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို ပြည်တွင်း၌သာမက ပြည်ပသို့ပါတင်ပို့ခြင်းဖြင့် တောင်သူ လယ်သမားများ ဝင်ငွေတိုးပွားကာ လယ်ယာမှရွှေသီး၍ တိုင်းပြည်ကြီးပွား တိုးတက်ချမ်းသာလာမည်ဖြစ်သည်။ ။
No comments:
Post a Comment